ဒေါ်အောင်ဆန်းစုကြည်ရဲ့ တုနှိုင်းမရတဲ့ သတ္တိနဲ့ ကယ်တင်ခြင်းကို ခံနေရတဲ့ မြန်မာပြည်
ယခင် အသက် ၇၅ (ယခု ၇၆) နှစ် အမျိုးသမီးကြီးတစ်ယောက် ခါးဆန့်ထိုင်တာ တစ်သက်နဲ့တကိုယ် မြင်ရခဲလွန်းတယ်။ သူမ ဘယ်တော့မှ အမှီသဟဲနဲ့ မထိုင်ဘူး။ ထိုင်ခုံမှာ အိစက်ညက်ညောတဲ့ အဆင်တန်ဆာတွေ တပ်ပေးထားလည်း ခါးမတ် မတ်ပဲ ။
လမ်းလျောက်ရင်လည်း ဖျတ်လတ်ပေါ့ပါးနေတတ်လို့ သူမရဲ့ ကိုယ်ရံတော် တစ်သိုက် နောက်ကနေအပြေးတပိုင်း လိုက်ရတယ်။ တိုင်းပြည်နဲ့ ပြည်သူ့အရေးအတွက် ရန်ကုန် – နေပြည်တော်ကို အိမ်ဦး နဲ့ နောက်ဖေးလို၊ ကမ္ဘာအဝှမ်းကို ကူးချည်သန်းချည် သွားလာပြီးအစည်းအဝေးတွေ တက် နေခဲ့တာလည်း ကောင်း ကောင်းအနားမယူနိုင်ခဲ့ရှာဘူး။
ကိုယ်တွေ အသက် ၃၀ မပြည့်သေးဘူး တက်လာလိုက်တဲ့ ဝိတ်တွေ ၊ ထိုင်ရ ထရတာ အီး အဲ အော်နေရပြီ ၊ လမ်းလျောက်တာလည်း လေးနေပြီ။ ကားပေါ်မှာ အကြာကြီး မတ်တပ်မရပ်ချင်ဘူး၊ ထိုင်ခုံလေးတစ်ခု လွတ်သွားရင် ပြေးထိုင်ချင်တာ ခြောက်လွှာကနေ မုန့်လေးဘာလေး ဆင်းဝယ်ပြီး အပေါ်ပြန်ရောက်ရင် လျှာထွက်နေပြီ ။
နိုင်ငံရေးဇာတ်ခုံ ပေါ်က သူမနဲ့ အသက်မတိမ်းမယိမ်း တချို့ဟာလည်း လေဖြတ်တဲ့သူက ဖြတ် ၊ ကိုဗစ်ဖြစ်တဲ့ သူက ဖြစ် ၊ သူငယ်ပြန်တဲ့ သူက ပြန် ၊ လမ်းလျောက်ရင် ဖိုးဝရုပ်ကြီး လို ကားယား ကားယား လျှောက်သူက လျှောက်ရ ။ သူမဟာ အသက် အရွယ်နဲ့ မလိုက်အောင် မာန်အပြည့်ပါပဲ ၊ မာန်ဆိုတာ မောက်မာ ထောင်လွှားတာမျိုးကိုပဲ သုံးတာ မဟုတ်ပါဘူး ။
မာန် ဆိုတာ မာန ကနေ လာပါတယ်။ မာန ဆိုတာ လူတိုင်းမှာ ရှိသင့်ရှိထိုက်တဲ့ အဆင်တန်ဆာ ဖြစ်တယ်။ တချို့က လုပ်ရတာကို သတ္တိလို့ ယူဆနေချိန်မှာ သူမက အပြုံးမပျက် ခံရဲတာကို သတ္တိလို့ ယုံကြည်ထားသူ ဖြစ်တယ် ။
ခုတော့ ဒီအဖြစ်အပျက်တွေတွေအားလုံးဟာ ပြည်သူအားလုံးရဲ့ မြင်ကွင်းကနေ ကွယ်ပျောက်သွားခဲ့ရပြီး နိုင်ငံလေးကလည်း အလဲလဲပြိုလို့ပါလေ…..
အမေ ကျန်းမာဘေးကင်းပါစေ