တရုတ်ပြည်သူတွေ ပြန်မမှတ်မိချင်တဲ့ အငတ်ဘေးကြီး (ဥက္ကဌကြီး မော်ရဲ့ ရွှေဉာဏ်တော် စူးရောက်မှု)

ဥက္ကဌကြီးမော်နဲ့ စာကလေးစစ်ဆင်ရေး

တခါသား နိုင်ငံရပ်ခြားတိုင်းပြည်တစ်ပြည်ရဲ့ တရုတ်တန်းက ခပ်ညံ့ညံ့ထမင်းဆိုင်တစ်ဆိုင်မှာ ကျနော်နဲ့တရုတ်လူမျိုးတစ်ယောက် ညစာဝင်စားကြတယ်။

ကျနော်က ကြက်ဆီထမင်းနဲ့ နို့လက်ဖက်ရေတစ်ခွက်မှာတယ်။ သူက ပေါက်စီ၂လုံးနဲ့ စွပ်ပြုတ်တစ်ခွက်ပေါ့။ စကားတပြောပြောနဲ့ စားကြသောက်ကြရင်း အမှတ်တမဲ့ သူ့လက်ထဲက စားလက်စပေါက်စီ ကြမ်းခင်းပေါ်ကိုလွတ်ကျသွားတော့ သူကချက်ချင်းပြန်ကောက် ပေါက်စီမှာ ပေနေတဲ့ ဖုန်မှုန့်တွေကိုတစ်ရှူးလေး နဲ့သုတ်ပြီး ပြန်စားမယ်လုပ်တယ်။

ကျနော်က “ဟေး အောက်ကိုကျထားတဲ့ဟာကြီး မစားနဲ့တော့လေ ငါအသစ်မှာပေးမယ်” လို့ပြောတော့ “No need မလိုပါဘူး တဲ့၊ ငါတို့လူကြီးတွေက အစားအစာကို တန်ဖိုးထားဖို့ အလဟဿမဖြုန်းတီးမိဖို့ တင်းတင်းကျပ်ကျပ်ဆုံးမထားတယ်” လို့ပြောပြီး ဖုန်တွေပေနေတဲ့အပိုင်းလေးတွေကို ဖဲ့ကာဖဲ့ကာနဲ့ ပြန်ကောက်ထားတဲ့လက်ထဲကပေါက်စီကိုဆက်စားတယ်။

သူ့စကားကို ကြားရတော့ ကျနော့ခေါင်းထဲမှာ တရုတ်ပြည်မှာဖြစ်ခဲ့ဖူးတဲ့ တော်တော်ကြီးကမောက်ကမနိုင်တဲ့ အဖြစ်အပျက်တစ်ခုကို ဖျတ်ခနဲသွားသတိရမိတယ်။

ဟုတ်တယ်။ သူတို့အဘိုးအဘွားတွေခေတ်ကတရုတ်ပြည်မှာအကြီးအကျယ်အငတ်ဘေးဆိုက်ခဲ့ဖူးတာပဲ။ အဲဒီအဖြစ်အပျက်ကဒီလိုဗျ

တရုတ်ပြည်မှာ နှစ်ပေါင်း ၅၀ လုံးလုံး ဘယ်သူမှပြန်အစမဖော်ရ၊ စာနဲ့ရေးသားဖြန့်ဝေခြင်း အချင်းချင်းပြောဆိုဆွေးနွေးခြင်း လုံးဝမပြုလုပ်ရ လို့ အစိုးရက တင်းတင်းကျပ်ကျပ်ပိတ်ပင်တားမြစ်ထားတဲ့ အကြောင်းအရာ
တစ်ခုရှိတယ်။

၁၉၅၈ ခုနှစ်က ကွန်မြူနစ်ပါတီဥက္ကဌကြီး မော်စီတုံးဦးဆောင်တဲ့ တရုတ်အစိုးရမှာ Great Leap Forward လို့ခေါ်တဲ့ ရှေ့သို့မဟာခုန်ပျံကျော်လွှားရေး စီးပွားရေးဦးတည်ချက်ကြီးကိုအကောင်အထည်ဖော်ဖို့ကြိုးစားခဲ့တဲ့အချိန်ကပေါ့။

၁၉၅၈ ကနေ ၁၉၆၂ အတွင်း ၄ နှစ်စီမံကိန်းအဖြစ်အကောင်အထည်ဖော်သွားမယ့် ဒီ project ဟာ တရုတ်ပြည်သူလူထုကို ထမင်းဝလင်အောင်ကျွေးနိုင်ဖို့နဲ့ စီးပွားရေးဖွံ့ဖြိုးတဲ့ ဥရောပနိုင်ငံတွေနဲ့ အမြန်ဆုံး ရင်ဘောင်တန်းနိုင်ဖို့ ရည်ရွယ်ခဲ့တယ်လို့ဆိုတယ်။
တခါသားမှာ ဥက္ကဌကြီးမော်ဟာ ဒီ စီးပွားရေးရည်မှန်းချက်အတွက် ကျေးလက်ဒေသက ဆန်စပါးစိုက်ခင်းတွေကို ကိုယ်တိုင်ကွင်းဆင်းလေ့လာကြည့်တဲ့အခါ တော်တော့ကို အရေအတွက်များတဲ့စာကလေးတွေဟာ လယ်ကွင်းထဲက စပါးစေ့တွေကို အလုအယက်ကိုက်ချီစားသောက်နေကြတာကို တွေ့သွားပါတယ်။

ဒါကိုမြင်လိုက်ရတော့ စာကလေးတစ်ကောင်စီကိုက်ချီသွားနိုင်တဲ့ စပါးစေ့ပမာဏကို တွက်ချက်ပြီး ဥက္ကဌကြီး မော်စဉ်းစားတယ်။

“အင်း ၁ကောင်ကို ၁၀စိပဲထား၊ ၁၀ကောင်ဆိုအစိ၁၀၀၊ အကောင်၁၀၀ ဆို အစိ၁၀၀၀၊ အကောင်တစ်ထောင်ဆိုရင်…အကောင်တစ်သောင်း အကောင်တစ်သိန်းဆိုရင်… နည်းတာမဟုတ်ဘူး၊ သူတို့ဒီလောက်စားမှတော့လူတွေစားရမယ့် ရာရှင်တွေ လျော့ကုန်ပြီပေါ့။ ဒီစာကလေးတွေဟာ ငါတို့အစိုးရရဲ့ စီးပွားရေးရည်မှန်းချက်ကို နှောင့်နှေးအောင်လုပ်နေတာပဲ”

ဒီလိုတွေးမိတဲ့နောက်မှာတော့ ဥက္ကဌကြီးမော်ဟာ စိုက်ခင်းမြင်ရင်ဝင်စားဖို့ကလွဲပြီး ဘာမှမသိရှာတဲ့စာကလေးတွေကို “လူတွေစိုက်ပျိုးထားတဲ့ သီးနှံတွေကို အညွန့်ခူးစားတဲ့ ရေပေါ်ဆီအရင်းရှင်ငှက်”လို့အမည်တပ်ပြီး နိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ စာကလေးတွေကို အမြစ်ပြတ်သုတ်သင်ရှင်းလင်းပစ်ကြဖို့ ပြည်သူလူထုကို အမိန့်ပေးတော့တာပါပဲ။

ကွန်မြူနစ်အာဏာရှင်လက်အောက်မှာနေရတဲ့ ပြည်သူလူထုဆိုတာ အစိုးရကဒါလုပ် ဆိုရင် လုပ်ကိုလုပ်ရတယ်။ ငြင်းဆန်ခွင့် ပြန်မေးခွန်းထုတ်ခွင့် မရှိဘူး။

ဥက္ကဌကြီးမော်ဟာ ဉာဏ်ရည်အလွန်မြင့်ပြီး ရိုးသားဖြူစင်ကိုယ်ကျိုးစွန့်တဲ့ ကွန်မြူနစ်သူတော်စင်ကြီးလို့ ပြည်သူလူထုက ယုံကြည်လာတဲ့အထိ ကွန်မြူနစ်အုပ်ချုပ်ရေးယန္တရားအဆင့်ဆင့်ကနေ ဝါဒဖြန့်ပြီးရိုက်သွင်းထားတယ်။

တိုင်းပြည်ဟာ ကမ္ဘာကြီးနဲ့ အဆက်ပြတ်နေတော့ အသိဉာဏ်ဗဟုသုတလဲ ကောင်းကောင်းမရှိရှာတဲ့ တရုတ်ပြည်သူတွေဟာ ငြင်းဆန်ခွင့်မရှိတဲ့ ဥက္ကဌကြီးမော်ရဲ့ အမိန့်ကြောင့် စာကလေးတွေကို မဖြစ်ဖြစ်တဲ့နည်းနဲ့သုတ်သင်ရှင်းလင်းခဲ့ ကြရပါတယ်။

လူတွေဟာ သံပုံးတွေ ကိုယ်စီကိုင်ပြီး လယ်ကွင်းထဲက အသင့်စောင့်နေကြတယ်။ စာကလေးတွေ မြောက်ဘက်ကို ပျံလာရင် မြောက်ဘက်အုပ်စုက သံပုံးတီးပြီး ခြောက်လွှတ်တယ်၊ စာကလေးတွေက သံပုံးတီးသံကြားလို့ကြောက်လန့်ပြီး တောင်ဘက်ကို ပျံလာရင် တောင်ဘက်က သံပုံးတီးပြီး ထပ်ခြောက်လွှတ်တယ်၊

အရှေ့ဘက်ကို လာရင် အရှေ့ဘက်က ခြောက်လွှတ်၊ အနောက်ဘက်လာရင် အနောက်ဘက်က ခြောက်လွှတ်နဲ့ ကြာတော့ စာကလေးတွေ အငတ်ငတ်အပြတ်ပြတ်နဲ့ ပျံရလွန်းလို့ ခြေကုန်လက်ပန်းကျပြီးသေကုန်ကြတယ်။

တစ်ချို့က စာကလေးအသိုက်တွေကို ရှာပြီး ဖျက်ဆီးပစ်တယ်၊ စာကလေးအုပ်ကို ပိုက်ကွန်နဲ့ထောင်ဖမ်းတယ်၊ တစ်နေရာရာမှာနားနေတာတွေ့ရင် လေးဂွနဲ့ဆော်တယ်၊ တူမီးနဲ့ပစ်တယ်။ မိလာတဲ့စာကလေးတွေကို ကင်၍တစ်မျိုး ချက်၍တစ်ဖုံအောင်သေအောင်သားစားကြတယ်။

ဒီလိုနဲ့ နှစ်ကုန်တော့ဥက္ကဌကြီးမော်လိုချင်တဲ့အတိုင်းတရုတ်ပြည်မှာ စာကလေးတွေ မျိုးသုန်းလုလု အခြေအနေအထိ ရောက်သွားပါတယ်။ အဲဒီနှစ်က တစ်နိုင်ငံလုံးမှာ စာကလေးအရေအတွက် ဘယ်လောက်ထိသေဆုံးသွားတယ်ဆိုတာ ဘာ information မှမရှိဘူး၊ ဘယ်သူမှအတိအကျမပြောနိုင်ဘူး။ ဒါပေမယ့် လူတစ်ယောက်စီ -တ်ခဲ့တဲ့စာကလေးအရေအတွက်ကို စစ်တမ်းကောက်ပြီး ပျမ်းမျှတွက်ကြည့်တော့မှ စာကလေး အရေအတွက် သန်း၆၀၀ ကျော်အ-တ်ခံခဲ့ရတယ်လို့ခန့်မှန်းကြ တယ်။ (အဲဒီအချိန်ကတရုတ်ပြည်လူဦးရေဟာလည်းသန်း၆၀၀လောက်ပဲ)

စာကလေးတွေကို အပြတ်ရှင်းပစ်ခဲ့တဲ့ လုပ်ရပ်ဟာ နောက်တစ်နှစ်လဲ ရောက်ရောအကြီးအကျယ်ပြဿနာတက်တော့တာပါပဲ။ ဥက္ကကြီးမော်မသိခဲ့တာက စာကလေးတွေဟာ စပါးစေ့တွေ သက်သက်ကို စားတာမဟုတ်ဘူး အခြားသီးနှံအဖျက်ပိုးတွေ ကျိုင်းကောင်တွေကိုပါ စားပစ်ပြီး စိုက်ခင်းတွေကို တစ်ဖက်တစ်လမ်းကအကျိုးပြုပေးနေတယ်ဆိုတဲ့ အချက်ပါပဲ။

သီးနှံစိုက်ပျိုးခင်းတွေ မအောင်မြင်ရတဲ့ အကြောင်းရင်းကို ဥက္ကဌကြီးမော်သိလိုက်ရတဲ့ အချိန်မှာတော့ အရာအားလုံးဟာ သိပ်ကိုနောက်ကျသွားခဲ့ပါပြီ။

သီးနှံအဖျက်ပိုးတွေနဲ့ သူတို့ရဲ့ major အသားစားကောင် စာကလေးတွေမရှိတော့တဲ့ အကျိုးဆက်ကြောင့် ရုတ်တရက် အရေအတွက်ဝုန်းခနဲမြင့်တက်လာတဲ့ ကျိုင်းကောင်အုပ်ကြီးတွေဟာ နိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ စိုက်ခင်းတွေဆီကို မုန်တိုင်းတိုက်သလို စုပြုံကျရောက်လာကြပြီး လူတွေစိုက်ပျိုးထားသမျှ သီးနှံတွေကိုရစရာ မရှိအောင် ဝါးမျိုစားသောက်ပစ်ကြတော့တယ်။

ဘာအသီးအနှံမှမထွက်ပဲ တစ်နှစ်ကုန်သွားတော့ အငတ်ဘေးကြီးဆိုက်ပြီ းစားစရာဆန်မရှိတော့တဲ့အထိ ဒုက္ခရောက်လာတဲ့လူတွေဟာ ဆန်တစ်ပြည်ရဖို့အတွက် စစ်ဖြစ်သလို အချင်းချင်းလုကြရင်း လူထောင်ပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရတယ်။

စားစရာဆန်တစ်စိမှ ရှာမရတော့တဲ့အခါ အစပိုင်းမှာ လယ်ယာစိုက်ပျိုးရေးမှာသုံးတဲ့ ကျွဲတွေ၊နွားတွေ၊ လယ်ကြွက်တွေကိုစားတယ်။ အဲဒါတွေကုန်တော့အိမ်မွေးတိရိစ္ဆာန်ခွေးတွေ၊ ကြောင်တွေကိုစားတယ်။ “ကမ္ဘာမီးလောင်သားတောင်ချနင်း”တို့ “အူမတောင့်မှ သီလစောင့်နိုင်မယ်” တို့လို စကားပုံတွေဟာ အပြောသက်သက် မဟုတ်ခဲ့ဘူးဆိုတာ ဒီလိုအငတ်ဘေးကြီးနဲ့ ကြုံမှ မျက်ဝါးထင်ထင်မြင်ကြရတာပါပဲ။

အငတ်ဘေးကြောင့်အရိုးပေါ်အရေတင်ပြီးသေဆုံးကုန်ကြတဲ့ရုပ်အလောင်းတွေဟာ လမ်းတွေပေါ်မှာ၊ လယ်ကွင်းတွေထဲမှာနေရာအနှံ့ပျံု့ကြဲနေကြတယ်။ တရုတ်အစိုးရက ဒီအငတ်ဘေးကြောင့်လူပေါင်း ၁၅သန်းအသက်ဆုံးရှုံးခဲ့ရတယ်လို့ တရားဝင်ထုတ်ပြန်တယ်။

တစ်ချို့သော စကောလားတွေရဲ့ ခန့်မှန်းတွက်ချက်မှုအရ သေဆုံးခဲ့တဲ့လူဦးရေစာရင်းအမှန်ဟာ ၄၅ သန်းမှ ၇၈ သန်းကြားမှာ ရှိနိုင်တယ်လို့သိရတယ်။

journalist Yang Jisheng ရေးသားထုတ်ဝေတဲ့ Tombstone ဆိုတဲ့ စာအုပ်မှာသေဆုံးသူစာရင်းအမှန်ကိုဖော်ပြတဲ့စာတစ်ကြောင်းပါမိလို့ သူ့စာအုပ်ကိုနိုင်ငံအတွင်းမှာ ချက်ချင်းပိတ်ပင်ခံလိုက်ရတယ်။

ဒါကြောင့် တခါတလေလိုင်းပေါ်မှာ ကိုယ်မစားရဲတဲ့အစားအစာတွေကို သူတို့စားပြရင် အစားအသောက်သောင်းကျန်းတယ်ဆိုပြီး မအံ့ဩနဲ့။ သူတို့ဟာ အခက်အခဲအမျိုးမျိုးကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရဖူးလို့ အစားအသောက်နဲ့ ပတ်သက်ရင်ဒူပေဒါပေခံတယ်၊ စားလို့ရတဲ့ဘယ်အရာကိုမဆိုစားပစ်လို့ရတယ်။

ကြုံတုန်းတစ်ခုပြောပြဦးမယ်။ သူတို့ဆီမှာ ချီးကိုမရွံရဘူး။ အားလုံးနောက်ဖေးသွားကြတဲ့စု ပေါင်းဘုံအိမ်သာတွေကို အလှည့်ကျသန့်ရှင်းရေးလုပ်ရတယ်။

သူကတော့ ချီးပုံးထမ်းတဲ့ကောင် ငါကတော့သူဌေးသားဆိုတဲ့ လူတန်းစားခွဲခြားတဲ့ အချိုးမျိုး ကွန်မြူနစ်နိုင်ငံမှာ ချိုးလို့မရဘူး။ လူ့ညွန့်ခူးစားချင်တဲ့ ရေပေါ်ဆီလူတန်းစားအတွက် ကွန်မြူနစ်စနစ်မှာ နေရာမရှိဘူး။ စားရင်လဲ တပြေးတည်းအတူတူစားသလို လုပ်ပြီဟေ့ဆိုရင်လဲ ဘယ်အလုပ်ကိုမဆို အားလုံးတသားတည်းလုပ်ကြရတယ်။

ဘုံအိမ်သာတွေ ပိတ်နေရင်ကလော်ရတယ်၊ လက်နဲ့နှိုက်ရတယ်။ ပြည့်လာရင်ခပ်ပြီး သွားသွန်ရတယ်။ ဒီတာဝန်ကို မယူနိုင်တဲ့သူဟာ ရေပေါ်ဆီကောင် အရင်းရှင်စိတ်ဝင်နေတဲ့ဖောက်ပြန်ရေးသမားဆိုပြီး ဒဏ်ပေးခံရတယ်။

ဒါကိုတော့ အောက်သက်ကြေတယ်လို့ မြင်ပါတယ်။ ကိုယ်ပါတဲ့ချီး ကိုယ်ရွံတယ်ဆိုတာ တကယ်တွေးကြည့်ရင်သိပ်တော့ ယုတ္တိရှိတဲ့ကိစ္စမဟုတ်ဘူးပေါ့။ ဘယ်အလုပ်ကိုမဆိုမင်းလုပ်နိုင်ရင်ငါလဲလုပ်နိုင်ရမယ်ဆိုတဲ့မာန်မျိုးလူတိုင်းမှာရှိသင့်တယ်လို့မြင်မိတယ်။

အချုပ်ဆိုရရင် ဒီဖြစ်ရပ်ဟာ ကမ္ဘာ့သမိုင်းတစ်လျှောက်မှာ အဆိုးရွားဆုံး သဘာဝပတ်ဝန်းကျင်ဘေးအန္တရာယ်ကျရောက်မှုကြီး အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ကျနော်တို့လူသားမျိုးနွယ်ရဲ့ သမိုင်းကြောင်းမှာ သဘာဝပတ်ဝန်းကျင်ဘေးအန္တရာယ်ကျရောက်ခဲ့တဲ့ ဖြစ်ရပ်တွေအများကြီးရှိခဲ့တယ်။

ဒါပေမယ့် ၁၉၆၀ ခုနှစ် ဝန်းကျင်က တရုတ်ပြည်မှာဖြစ်ခဲ့တဲ့ ကပ်ဆိုးကြီးနဲ့ နှိုင်းယှဉ်လိုက်ရင် ကျန်တဲ့ကိစ္စတွေဟာ ဘာမှသိပ်မပြောပလောက်တော့ပါဘူးလို့ ယူဆရတဲ့အထိ ပြောစမှတ်တွင်သွားခဲ့တယ်။

ဥက္ကဌကြီးမော်ဟာ သဘာဝပတ်ဝန်းကျင်ထဲက အခက်အခဲတွေကို အနိုင်ယူကျော်လွှားပြီး စိုက်ပျိုးရေးကဏ္ဍကိုတိုးတက်အောင်လုပ်ချင်ခဲ့တယ်။ ဒါပေမယ့် ကံမကောင်းအကြောင်းမလှတော့ သူ့ရဲ့ စီမံခန့်ခွဲမှု အလွဲနဲ့မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကြောင့် လူသန်းပေါင်းများစွာ အချည်းနှီး အသက်ဆုံးရှုံးခဲ့ရပါတယ်။

ကိုအုပ်

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page