ရွှေမည်း စစ်ပွဲ (သို့) ရုရှားနဲ့ အနောက်နိုင်ငံတွေရဲ့ ရေနံ စစ်ပွဲစပြီ

ရုရှားရဲ့ အနောက်နိုင်ငံတွေအပေါ် ရေနံစစ်ပွဲစပြီ

ရုရှားက ယူကရိန်းကို ကျူးကျော်ပြီး ဝင်တိုက်နေတာ နှစ်ပတ်နီးပါးကြာနေပြီ။ ယူကရိန်းတောင်ပိုင်းက ဆိပ်ကမ်းမြို့လေးနှစ်မြို့ကလွဲလို့ ယူကရိန်းမြို့ကြီးတစ်မြို့ကိုမှ မသိမ်းနိုင်သေးပါဘူး။ တစ်ချိန်တည်းမှာ ရုရှားက အနောက်နိုင်ငံတွေအပေါ် ရေနံစစ်ပွဲဆင်နွဲဖို့ ပြင်ဆင်နေပါတယ်။

မနေ့က အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ရုရှားနိုင်ငံက ရေနံနဲ့ဓာတ်ငွေ့တွေ တင်သွင်းတာကို ပိတ်လိုက်ပြီလို့ ကြေညာလိုက်တယ်။ အမေရိကန်နိုင်ငံဟာ ရုရှားဆီက ရေနံအပေါ် ဥရောပနိုင်ငံတွေလို မှီခိုမနေပါဘူး။ မနှစ်က ဥရောပနိုင်ငံတွေဟာ တစ်ရက် ရေနံစိမ်းစည်ပေါင်း ၄.၅ သန်းအထိ တင်သွင်းခဲ့ကြပေမယ့် အမေရိကန်နိုင်ငံကတော့ ရေနံစိမ်းကို တစ်ရက်မှာ စည်ပေါင်း ၇ သိန်းပဲတင်သွင်းခဲ့ပါတယ်။

ရုရှားဟာ ဥရောပနိုင်ငံတွေရဲ့ ရေနံလိုအပ်ချက်ရဲ့ ၄၀ ရာခိုင်နှုန်းနဲ့ ဓာတ်ငွေ့လိုအပ်ချက်ရဲ့ ၃၀ ရာခိုင်နှုန်းကို တင်သွင်းပို့ပေးနေတယ်။ ဒါကြောင့် ဥရောပနိုင်ငံတွေဟာ အမေရိကန်နိုင်ငံလို ရုရှားဆီက ရေနံနဲ့ဓာတ်ငွေ့မဝယ်ရင် သူတို့နိုင်ငံတွေရဲ့စီးပွားရေးကို အကြီးအကျယ်ထိခိုက်နိုင်ပါတယ်။ (အမေရိကန်နိုင်ငံမှာ ရေနံနဲ့ ဓာတ်ငွေ့လုံလုံလောက်လောက် ထွက်နေလို့ ရုရှားဆီက မဝယ်လည်း ပြဿနာမရှိနိုင်ပါဘူး)။

ဥရောပနိုင်ငံတွေအတွက် ရေနံအခက်အခဲမဖြစ်အောင် သမ္မတဘိုင်ဒင်ရဲ့ အစိုးရအဖွဲ့ဟာ ဆော်ဒီအာရေဗျနဲ့ ဗင်နီဇွဲလားနိုင်ငံတွေကို ရေနံနဲ့ဓာတ်ငွေ့ကို (ရုရှားဆီက ဝယ်ဖို့ မလိုအောင်) အများကြီး တိုးထုတ်ဖို့ ညှိနှိုင်းနေပါတယ်။ အရင်က အဲဒီနှစ်နိုင်ငံရဲ့ ရေနံနဲ့ဓာတ်ငွေ့ကို အများကြီးမထုတ်ဖို့ အမေရိကန်က ကန့်သတ်ထားခဲ့တယ်။

ရုရှားက ဂျာမနီနိုင်ငံကို ဓာတ်ငွေ့ပို့နေတဲ့ ရေအောက်ပိုက်လိုင်းကို ပိတ်ပစ်နိုင်တယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။ ဒါပေမဲ့ ရုရှားက အနောက်နိုင်ငံတွေကို ရေနံနဲ့ဓာတ်ငွေ့ မရောင်းရင် သူလည်း ဒုက္ခရောက်မှာပါ။ ဘာကြောင့်လဲဆိုတော့ ရုရှားရဲ့ နိုင်ငံခြားပို့ကုန်တွေကရတဲ့ ဝင်ငွေ ၆၀ ရာခိုင်နှုန်းဖြစ်တဲ့ ဒေါ်လာဘီလီယံများစွာကို ရေနံနဲ့ဓာတ်ငွေ့တွေ ရောင်းတာကနေဖြစ်လို့ပါ။

မနေ့ကပဲ အမေရိကန်နိုင်ငံလို ရုရှားဆီက ရေနံအပေါ် မှီခိုမနေတဲ့ ဗြိတိန်နဲ့ ဂျပန်နိုင်ငံတွေက ရုရှားဆီက ရေနံနဲ့ဓာတ်ငွေ့တွေကို မဝယ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အမေရိကန်နိုင်ငံက ရေနံတူးဖော်ရေးကုမ္ပဏီကြီးတွေဖြစ်ကြတဲ့ Exxon Mobil နဲ့ Chevron တို့က ရေနံနဲ့ဓာတ်ငွေ့ကို တိုးထုတ်ကြမယ်လို့ ကြေညာလိုက်တယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်ဝင်တိုက်တာကိုပဲ လူသိများကြပေမယ့် ရုရှားနိုင်ငံနဲ့ အနောက်နိုင်ငံတွေရဲ့ ရေနံစစ်ပွဲဟာ တစ်ကမ္ဘာလုံးရဲ့ စီးပွားရေးကို အကြီးအကျယ် ကမောက်ကမဖြစ်သွားစေနိုင်တာမို့ အခြေအနေပိုဆိုးမလာပါစေနဲ့လို့ပဲ ဆုတောင်းနေကြရမှာပါ။

မှီငြမ်း။ စင်္ကာပူနိုင်ငံက ယနေ့ထုတ် Strait Times သတင်းစာမှ
ဗန်းမော်သိန်းဖေ
၀၉-၀၃- ၂၀၂၂

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page