လိုင်းပေါ်မှာ အမှတ်မထင်တွေ့ခဲ့ရတဲ့ ထူးဆန်းတဲ့ဓာတ်ပုံရဲ့ စိတ်ဝင်စားဖွယ်နောက်ခံ အကြောင်းရင်း
အင်တာနက်ပေါ်မှာ ဒီဓါတ်ပုံကို ကျွန်တော်တွေ့တော့ စိတ်ဝင်စားသွားတယ်။ အမြင်ဆန်းနေတာကိုး..အဲဒါနဲ့ လိုက်ပြီးတူးဆွရှာဖွေလိုက်တဲ့အခါ ဒီလူနှစ်ယောက်ရဲ့ ဇာတ်လမ်းကို ကျွန်တော်သိလိုက်ရတယ်။
ဒီဓါတ်ပုံဟာ ၁၈၈၉ ခုနှစ်မှာ ရိုက်ကူးခဲ့တာဖြစ်တယ်။ ပုံထဲမှာပါသူနှစ်ယောက်ကတော့ ဆာမီယာ နဲ့ မိုဟာမက် ပဲဖြစ်တယ်။ တစ်ယောက်ဟာ ခရစ်ယာန်ဖြစ်ပြီး နောက်တစ်ယောက်က မွတ်စလင်ပဲဖြစ်တယ်။ သူတို့ဟာ ပုံပါအတိုင်း ဒမတ်စကတ်မြို့ရဲ့ လမ်းတွေပေါ်မှာ သွားလာခဲ့ကြတယ်။
ကျောပေါ်က လူပုလေးဟာ ဆာမီယာဖြစ်တယ်။ သူက လမ်းမလျှောက်နိုင်တဲ့အတွက် မျက်စေ့မမြင်တဲ့ မိုဟာမက်က သူ့ကို ကျောပိုးထားရတယ်။ ဆာမီယာက မိုဟာမက်ရဲ့ လမ်းကြောင်းကို ထိမ်းညှိပေးတယ်။
သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် အင်မတန်မှီခိုကြသလို သံယောဇဉ်လည်းကြီးတယ်။ နှစ်ယောက်လုံးမိဘမဲ့တွေဖြစ်ပြီး တစ်ခန်းထဲမှာ အတူတကွနေထိုင်ကြတယ်လို့ဆိုတယ်။
တစ်နေ့ ဆာမီယာ သေဆုံးသွားတဲ့အခါ မိုဟာမက်ဟာ ခုနှစ်ရက်လုံးလုံး မနားတမ်းငိုတယ်။ သူ့ခန္ဓာကိုယ်တစ်ခြမ်းကို ဖဲ့ပေးလိုက်ရတာလို့ သူပြောတယ်။ သူလည်းပဲ ငိုကြွေးဝမ်းနည်းပြီး ခုနှစ်ရက်အကြာမှာပဲ သေဆုံးသွားတယ်။
လောကကြီးက ထူးဆန်းသလို၊ တွယ်တာတတ်တဲ့ စိတ်၊ ချစ်ခြင်းမေတ္တာစိတ်ဆိုတာကလည်း ထူးဆန်းသားပဲ။
ဖြိုးသုတ