ရွှေနဲ့ဒေါ်လာ ဈေးကစားသူ၊ ရာခိုင်နှုန်းနဲ့ ငွေလဲစားသူတွေကို ဖော်ထုတ်ဖမ်းဆီးမယ့်အဖွဲ့ကို စကစ ဖွဲ့စည်း

ယခုရက်ပိုင်းအတွင်း ပြည်တွင်းရွှေဈေးက တဟုန်းထိုး မြင့်တက်လာခဲ့ပြီးနောက် ရွှေဝယ်ယူစုဆောင်းလိုသူထက် ပြည်လည်ရောင်းချမှုများနေကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။

ရွှေဆိုင်တွေက အရင်က အရောင်းအဝယ်နဲ့ မတူပဲ အခုတလောမှာ ရောင်းတာထက် ရွှေပိဿာ ၅၀ လောက် ဝယ်နေကြတယ်လို့ ဆိုပါတယ်။ လက်ရှိ ကမ္ဘာ့ရွှေဈေး တစ်အောင်စက အမေရိကန်ဒေါ်လာ ၁၈၄၁ ရှိပြီး ကန်ဒေါ်လာလဲလှယ်နှုန်းကလည်း ပြင်ပဈေးကွက်မှာ ၁၉၉၀ ကျပ်ခန့် ရှိနေပါတယ်။

ဒါကြောင့် ပြည်တွင်းအခေါက်ရွှေ တစ်ကျပ်သားဈေးက ယနေ့ ဈေးကွက်ပိတ်ချိန်မှာ ကျပ် ၁,၈၈၅,၀၀၀ အထိ ရောက်ရှိလာခဲ့ပြီး နောက်လတွေမှာလည်း ဈေးအတက်မှာပဲ ရှိနေနိုင်တယ်လို့ သုံးသပ်ထားပါတယ်။ ကမ္ဘာ့ရွှေဈေးကျလာပြီး ကျပ်ငွေတန်ဖိုး မြင့်တက်လာမှ ပြည်တွင်းရွှေဈေး ကျဆင်းသွားနိုင်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆောင်တဲ့ ရွှေနဲ့ ငွေကြေးဈေးကွက်ကို စောင့်ကြည့်၊ ထိန်းသိမ်း၊ ဖော်ထုတ်၊ ကြပ်မတ်မယ့် ကော်မတီကို ဖွဲ့စည်းလိုက်တဲ့အကြောင်း ယနေ့ ဇန်နဝါရီ၂၅ရက်နေ့ ထုတ်ပြန်လိုက်တဲ့ မြန်မာနိုင်ငံပြန်တမ်းအရသိရပါတယ်။

ကော်မတီထဲမှာ အဖွဲ့ဝင် ၁၉ ဦးအထိပါပြီး ထွေအုပ်၊ စစစ၊ အကောက်ခွန်၊ အခွန်ဦးစီးဌာန၊ ကုန်သွယ်ရေးစတဲ့ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တွေလည်း ပါဝင်တာကိုတွေ့ရပါတယ်။

ကော်မတီရဲ့ လုပ်ပိုင်ခွင့်တွေထဲမှာ ပြည်တွင်းရွှေဈေးကွက်အတွင်း ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ ရောင်းဝယ်တာတွေကို စိစစ်ဖော်ထုတ်နိုင်ဖို့အတွက် အရောင်းအဝယ်စာရင်းတွေကို လိုအပ်သလိုစစ်ဆေးတာ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားတဲ့ ငွေပေးချေမှုစည်းမျဉ်းတွေကို လိုက်နာမှု ရှိ မရှိ စစ်ဆေးတာတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။

ပြည်တွင်း ရွှေဈေးကွက်တည်ငြိမ်မှုကို ပျက်ပြားစေတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်မှုပြုသူတွေကို စိစစ်ဖော်ထုတ်စေပြီး အရေးယူဆောင်ရွက်တာတွေ၊ နိုင်ငံခြားသုံးငွေကိုင်ဆောင် ရောင်း/ဝယ်ခွင့်ရရှိတဲ့ နိုင်ငံပိုင်ဘဏ်၊ ပုဂ္ဂလိကဘဏ်နဲ့ ငွေလဲကောင်တာ(Money Changer) တွေရဲ့ နိုင်ငံခြားသုံးငွေ အဝင်အထွက်စာရင်းတွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်တွေနဲ့အညီ စောင့်ကြည့်စစ်ဆေးတာတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။

ကုန်ပစ္စည်းတင်ပို့/တင်သွင်းခြင်းဆိုင်ရာ စာရွက်စာတမ်း အထောက် အထားတွေ၊ လူပုဂ္ဂိုလ်နဲ့ ကုမ္ပဏီတွေကို လိုအပ်သလို စစ်ဆေးတာနဲ့ လိုက်နာမှုမရှိသူတွေကိုအရေးယူခြင်းတွေ နိုင်ငံခြားငွေကြေးတွေကို တရားမဝင်ကိုင်ဆောင်တာ၊ ဥပဒေမဲ့အရောင်းအဝယ်ပြုလုပ်တာ၊ဈေးကစားခြင်းပြုလုပ်သူတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက စစ်ဆေးဖော်ထုတ်စေပြီး အရေးယူစေတာမျိုး ပြုလုပ်မယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ အမိန့်ကြော်ငြာစာအမှတ် (၄၃/၂၀၂၁) ပါ ကျပ်သိန်း ၂၀၀ ထက်ပိုမိုတဲ့ငွေပေးချေမှုတွေကို ဘဏ်စနစ်အသုံးပြုပြီး ဆောင်ရွက်မှု ရှိ မရှိ သက်ဆိုင်ရာဌာနတွေကို စိစစ်စေပြီး လိုက်နာမှုမရှိသူတွေကို အရေးယူဆောင်ရွက်စေတာတွေကို ပေးအပ်ထားတာတွေ့ရပါတယ်။

ထို့အပြင် အိမ်၊ ခြံမြေနဲ့ မော်တော်ယာဉ်ကဲ့သို့သောအခြေပစ္စည်းတွေကို ရောင်းဝယ်ပြီးပိုင်ဆိုင်မှုလွှဲပြောင်းတာမှာလည်း သက်ဆိုင်ရာဌာနတွေက မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ငွေပေးချေမှုကန့်သတ်ချက်များအတိုင်း လိုက်နာမှုရှိ မရှိ စိစစ်စေ၍ လိုက်နာမှုမရှိပါက အရေးယူဆောင်ရွက်မှာ ဖြစ်ပါတယ်။

ဘဏ်တွေမှ အပ်နှံထားတဲ့ ငွေတွေကို ငွေသားထုတ်ယူရာမှာ ရာခိုင်နှုန်းယူပြီး ငွေသားထုတ်ပေးခြင်း၊ ဘဏ်ပြင်ပမှာ ငွေသားလက်ဝယ်ထိန်းသိမ်းထားသူတွေက ဘဏ်အကောင့်နဲ့ အပ်နှံထားတဲ့ ငွေတွေကို ငွေသားနဲ့ လဲလှယ်ထုတ်ယူလိုသူတွေကို ရာခိုင်နှုန်းယူပြီး ငွေသားထုတ်ပေးနေတာတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေကို စုံစမ်းစစ်ဆေးဖော်ထုတ်စေပြီး ပါဝင်ပတ်သက်သူတွေကို အရေးယူ ဆောင်ရွက်စေတာ စတဲ့ လုပ်ပိုင်ခွင့်တွေကိုလည်း ပေးအပ်ထားတာတွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page