နန်းသက် (၇) ရက်ပဲ စံခဲ့ရတဲ့မင်း (သို့) အာဏာသိမ်းတာ မအောင်မြင်လို့ ကွပ်မျက်ခံရတဲ့ ဘုရင်
ကုန်းဘောင်ခေတ်ရဲ့ နန်းသက်အတိုဆုံးမင်း (သို့) ဖေါင်းကားစား မောင်မောင်
ဖောင်းကားစားသည် အလောင်းမင်းတရား၏ မြေးတော်ဖြစ်ပြီး နောင်တော်ကြီးမင်း၏ သားတော် ဖြစ်သည်။ သမန်းဖောင်းကား ရွာကို စားရ၍ ဖောင်းကားစားဟု အမည်တွင်သည်။
ဘိုးတော် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျက သားတော်များအား အကြီးဆုံး နောင်တော်ကြီး မှ အစပြုပြီး ညီတော် အစဉ်အတိုင်း မင်းပြုရမည်ဟု မှာကြားခဲ့လေသည်။
နောင်တော်ကြီးတွင် သားတော် “ဖောင်းကားစား မောင်မောင်” ရှိသည်။ နောင်တော်ကြီးသည် ခမည်းတော် အမိန့်ကို နာခံသော အားဖြင့်မိမိ သားတော်ကို နန်းရံမထားဘဲ ညီတော် မြေဒူးမင်း ကိုသာ နန်းရံ ထားခဲ့သည်။
ယခု မြေဒူးမင်းကမူ သူ၏သားတော် စဉ့်ကူးမင်းကို နန်းရံထားလေသောကြောင့် ဖောင်းကားစား မောင်မောင်က မကျေမနပ် ဖြစ်၍ အရေးအခင်းပေါ်လာခဲ့ရခြင်းဖြစ်ပါသည်။
ဆင်ဖြူရှင်လွန်၍ စဉ့်ကူးမင်း နန်းတတ်သောအခါ မိမိထီးနန်းကို အန္တရာယ်ဖြစ်စေနိုင်မည့် သူတွေကို ဖယ်ရှားပြီးသော် နေ့စဉ် နန်းတော်တွင် အရက်သောက်ခြင်း၊ ကခုန်ခြင်း၊ ကြက် တိုက်ခြင်း များဖြင့် ပျော်ပါးလေ၏။
လွှတ်တော် အစည်းအဝေးကိုလည်း မှန်မှန်မတက်သဖြင့် ဝန်ကြီးများ၊ မှူ းမတ်များမှ မကြည်ညို ကြတော့ပေ။ သို့သော် စဉ့်ကူးမင်း သည် မိမိလုပ်ချင်သည်ကိုသာ လုပ်နေပြီး မည်သူကိုမှ ဂရု မစိုက်ပေ။ ပျော်ချင်တိုင်း ပျော်နေပြီး မိမိ ရှေ့ရှေးအတွက်ပင် စိတ်မပူခဲ့ပေ။
ထိုသို့ နန်းစံနေပြီး ခရစ် သက္ကရာဇ် ၁၇၈၂ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် အင်းဝ နေပြည်တော်သည် ပျင်းဖို့ ကောင်းသည်ဟု ဆိုပြီး မယ်တော် အပါအဝင် မိဖုရား မောင်းမ အပေါင်းတို့နှင့် သက်တော်စောင့် ရဲမက်၂ ထောင် ကျော်ဖြင့် အညာ သီဟတောသို့ ဘုရားဖူး ထွက်လေသည် ။
စဉ့်ကူးမင်း အညာသီဟတောသို့ ဘုရားဖူးထွက်နေစဉ် ဖောင်းကားစား မောင်မောင် သည် ည အချိန် တွင် ဘုရင်ကဲ့သို့ မင်းခမ်း မင်းနား ဖြင့် အင်းဝနေပြည်တော်သို့ ရောက်လာလေ၏။
တံခါးမှူး တို့လည်း မင်းခမ်းမင်းနား ဖြင့် အင်းဝဘုရင့် အလံများ ထောင်ထားသည်ကို တွေ့သဖြင့် မမေးမြန်းဘဲ တံခါးကို ဖွင့်ပေးလေသည်။ နန်းတော် တံခါးမှူးလည်း ဘုရင် ပြန်လာသည် ဟုသာ ထင်ပြီး တံခါးဖွင့်ပေးလေ၏။
ဖောင်းကားစား မောင်မောင် သည် ဝန်ကြီးချူ ပ်ဟောင်း မဟာသီဟသူရ ၏ အကူအညီဖြင့် အင်းဝ နန်းတော် ကို သိမ်းပိုက်နိုင်လေ၏ ။ လွှတ်တော်ဝန်ရှင်တော်မင်း နှင့် မှူးမတ်များကို ဘုရင့် အမိန့်တော်ဖြင့် နန်းတော်သို့ ဝင်ရောက် စေပြီး အားလုံးကို သစ္စာပေးလေသည်။
၀န်ကြီး များ၊ မှူးမတ်များ လည်း ကြောက်ရွံသဖြင့် သစ္စာ ခံကြလေ၏။ မဟာသီဟသူရ ကို သက်တော်ရှည် မင်းအတိုင်အပင်ခံ ဝန်ကြီးချူ ပ်အဖြစ် ဖောင်းကားစား မောင်မောင် မှ ခန့်အပ်လေ၏။
ထိုနောက် အလောင်းဘုရား၏ သားတော်များဖြစ်သည့် ဗဒုံမင်းသားကြီး၊ ပခန်းမင်းသားကြီး နှင့် ပင်းတလဲမင်းသားကြီး တို့ကို အင်းဝသို့ ပြန်လည် ခေါ်ဆောင်ပြီး အိမ်တော်ဟောင်းတွင် အကျယ်ချူပ် ထားလေ၏။
အင်းဝမြို့ကို မိမိ၏ သစ္စာခံ ဗိုလ်မှူ းများဖြင့် အုပ်ချူ ပ်စေပြီး စစ်ရေးကိစ္စ တို့ကိုလည်း စီရင်လေ သည်။ ဖောင်းကားစား မောင်မောင် နှင့် အတူပါလာသော ရွာသားများ၊ တောသားများသည် အင်းဝနေပြည်တော်၏ ကြီးကျယ်မူကို မြင်ရ သော အခါ လောဘတက်ပြီး ဘုရင်နာမည်ဖြင့် သဌေးအိမ်တွေထံ ဝင်ကာ ရမ်းကား လေ၏။ လိုချင်သမျှ တို့ကို လည်း လုယူလေ၏။
ထိုအခြင်းအရာ ကို မြင်သော ဗဒုံမင်းသား သည် စိတ်မချမ်းမမြေ့ ဖြစ်ရလေသည်။ ထိုအခါ ဗဒုံ မင်းသား ထံ ခစားနေသော ဦးပေါ်ဦး မှ အလောင်းမင်းတရားကို သစ္စာရှိနေသေးသော အမတ် များ၊ ဗိုလ်မှူး များ နှင့် ဗဒုံမင်းသား ကို တွေ့ဆုံနိုင်အောင် လျှိူ့ဝှက် စီစဉ်ပေးလေသည်။
ဖောင်းကားစား မောင်မောင် မှ အင်းဝနန်းကို သိမ်းပိုက် လိုက်သော အခါ ဇေတဝန် ဆောင်တော်မြဲ မောင်လှ သည် နန်းတော်မှ ထွက်ပြေး ပြီး စဉ့်ကူးမင်း ရှိရာ သို့ အပြေးအလွှား သွားကာ နန်းတော် သိမ်းပိုက်ခံရကြောင်း လျှောက်တင်လေ၏။
စဉ့်ကူးမင်းလည်း အင်းဝကို ပြန်လည် သိမ်းရန် စီရင်ကာ ကျောက်မြောင်းမြို့သို့ ဝင်လေသည်။ သို့သော် စစ်သည်ဗိုလ်ပါများ အလွန်နည်းသဖြင့် ရှမ်းပြည်စော်ဘွားများထံ အကူအညီတောင်းရန် အတွက် မြစ်ညာ သို့ ဆန်တက်လေ၏။
သို့သော် ခရီးလမ်း တစ်လျှာက်တွင် နေပြည်တော်မှ ပါလာသော ဗိုလ်မှူး၊ တပ်မှူးများ ရဲမက်များ အသီးသီး ထွက်ပြေးကြရာ နောက်ဆုံးတွင် ဖောင်တော်ကို ဆွဲငင်မည့်သူ မရှိ ဖြစ်သွားလေ သည်။
စဉ့်ကူးမင်းလည်း ကြံရာမရ ဖြစ်ပြီး ကျန်ရှိနေသော မိဖုရား နှင့် မောင်းမ၊ အခြွေအရံတော် အနည်း အငယ် တို့နှင့် ကံအတိုင်းသာ ဖြစ်ပါစေတော့ ဟုဆိုကာ အင်းဝသို့ စုန်ဆင်းလေ၏။ ဖောင်တော်ကို မောင်းမ နှင့် အခြွေအရံ များမှ ဆွဲငင် လှော် လာခဲ့ရလေ၏။
ဖောင်းကားစား မောင်မောင် အင်းဝနန်းတော်ကို သိမ်းပိုက်ထားပြီး ၇ ရက်မြောက်နေ့တွင် ဗဒုံမင်းသား မှ အင်းဝနန်းတော်ကို ဝင်စီးလေသည်။ ဗဒုံမင်းသား ကိုယ်တိုင် ဦးဆောင်ပြီး မြင်သမျှ ခုခံသူ မှန်သမျှ ရှင်းပစ် လေ၏။
အလောင်းမင်းတရား ကို သစ္စာခံသူ အများအပါး ပါဝင်သဖြင့် အရေးတော်ပုံ အောင်မြင် လေ သည်။ ဖောင်းကားစား မောင်မောင် ကိုလည်း ဖမ်းမိသော နေရာတွင် ဗဒုံမင်းသား ကိုယ်တိုင် ကွပ်မျက်ပစ်လေ၏။
အင်းဝသို့ စုန်ဆင်းလာသော စဉ့်ကူးမင်း ကိုလည်း ဖမ်းဆီးလာစေပြီး ရေချကွပ်မျက်လေ၏။ မိဖုရား ၄ ပါး လည်း အတူတူ ကွပ်မျက် ခြင်း ခံရလေသည်။
ဖေါင်းကားစားမောင်မောင် နန်းတက်စက မိမိကိုးကွယ်သည့် ဗေဒင် နက္ခတ် တတ်ကျွမ်းသည့် ဆရာတော်အား နန်းတွင်းသို့ပင့်ဖိတ်ကာ ဆွမ်းကပ်စဉ်က ဆရာတော်က အနောက်အရပ်မှ ကုက္ကိုပင်အား ရှင်းလင်းရန် မိန့်ကြားသေးသည်။
ဝိနည်းလွှတ်ရန် ထိုကဲ့သို့သွယ်ဝိုက် မိန့်ကြားခဲ့ခြင်းဖြစ်ပြီး အဓိပ္ပါယ်မှာ တနင်္လာနံဖြစ်သည့် ဗဒုံ မင်းသားအား သုတ်သင်ပစ်ရန် ဖြစ်သော်လည်း နားမလည်သည့် မောင်မောင်က တကယ်ပင် ကုက္ကိုပင်များကို ခုတ်လှဲပစ်ခဲ့သေးသည်။
မြန်မာ့ သမိုင်းတွင် ၇ ရက်သာ နန်းစံခဲ့ရပြီး နန်းသက် အတိုဆုံး ဘုရင်များအနက် တစ်ပါးအဖြစ် မှတ်တမ်း ဝင်ခဲ့သေ ာမင်း၊ အရည်အချင်းညံ့သည် မင်းတစ်ပါးဟုလည်း ရာဇဝင်သမိုင်း တစ်ချို့က ဆိုကြပါသည်။
Min gyi
ကိုးကား – သမိုင်းမှတ်စုများ၊ ကုန်းဘောင်ဆက် ရာဇဝင်တော်ကြီး