လတ်တလော ရန်ကုန်မြို့ရဲ့ အထူးဆန်းဆုံး ဓာတ်ပုံ (၂) ပုံ (သမိုင်းဝင် ဓာတ်ပုံတွေ ဖြစ်သွားပါပြီ)

ယနေ့ အွန်လိုင်းပေါ်မှာ လူပြောများနေတဲ့ ဓာတ်ပုံ တပုံကတော့ ရန်ကုန်မြို့လည်ခေါင်က ဆူးလေစေတီတော်ကြီး မီးပြတ်နေတဲ့ ပုံပဲ ဖြစ်ပါတယ်။

ရန်ကုန်မြို့ရဲ့ ကျက်သရေဆောင်လို့လည်း ခေါ်ဆိုနိုင်သလို ဘာသာရေး အထွတ်အမြတ်ထားရာ နေရာ ဖြစ်တဲ့ အတွက်ကြောင့် ခေတ်အဆက်ဆက်မှာ ဆူးလေစေတီတော်ကြီးကို လျှပ်စစ်မီးများနဲ့ ဝေဝေဆာဆာ ထွန်းညှိ ပူဇော်လေ့ ရှိကြပါတယ်။

ဒါပေမယ့်လည်း အခုချိန်မှာ အာဏာသိမ်းထားသူတို့ရဲ့ စီမံခန့်ခွဲတာ ညံ့ဖျင်းမှုကြောင့် နိုင်ငံတဝန်းလုံး လျှပ်စစ်မီးတွေ ပြတ်တောက်လျက် ရှိပါတယ်။

လျှပ်စစ် အသုံးများတဲ့ ရန်ကုန်မြို့မှာ မီးပြတ်မှု ဆိုးရွားစွာ ဖြစ်ပေါ်နေပြီး ၈-၃-၂၀၂၂ အင်္ဂါနေ့မှာတော့ ရန်ကုန်မြို့ရဲ့ အမှတ်သားသရုပ်ဖြစ်တဲ့ ဆူးလေစေတီကြီးဟာ အမှောင်ကျသွားခဲ့ရပါတယ်။

ဒီဓာတ်ပုံဟာ မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ ခေတ်ဆိုးခေတ်ပျက်ကြီးရဲ့ ဝမ်းနည်းစရာ ကောင်းတဲ့ ဓာတ်ပုံတပုံ အဖြစ် သမိုင်းဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။

နောက်ထပ် ဓာတ်ပုံ တပုံကတော့ ရန်ကုန်မြို့ရဲ့ လမ်းမပေါ်မှာ မြင်းလှည်းတစီး ထူးထူးဆန်းဆန်း ရောက်ရှိနေတဲ့ ပုံပဲ ဖြစ်ပါတယ်။ ဓာတ်ပုံထဲက နေရာကို သိရှိသူတွေကတော့ ကန်တော်လေး ရပ်ကွက်ဖြစ်တယ်လို့ ကွန်းမန့်မှာ ရေးသားထားပါတယ်။

အဆိုပါ မြင်းလှည်းကို ဦးချစ်မောင်လမ်းဖက်မှာလည်း တခါတရံတွေ့ရလေ့ ရှိတယ်လို့ ရေးထားပါတယ်။ ရန်ကုန်မှာ ဒုတိယကမ္ဘာစစ် ပြီးကတည်းက မြင်းလှည်းတွေ ပျောက်ကွယ်သွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ကမ္ဘာ့ရေနံဈေးကွက် အကျပ်အတည်း၊ မြန်မာငွေ တန်ဖိုးလျော့ကျပြီး ကုန်ဈေးနှုန်း မထိန်းနိုင်တဲ့ ကိစ္စတွေကြောင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လျက်ရှိပြီး စက်သုံးဆီ တလီတာကို ၂၅၀၀ နီးပါး ဖြစ်နေပါပြီ။

အဲဒါကြောင့် ရန်ကုန်က ကိုယ်ပိုင်ကား ရှိသူအများစုက မြင်းပဲ စီးကြတော့မယ်လို့ လူမှုကွန်ယက်မှာ နောက်ပြောင်ပြီး တင်နေကြတဲ့ အချိန်နဲ့ အချိန်ကိုက် ယခုလို ရန်ကုန်သားတွေ မြင်းလှည်းစီးနေတဲ့ပုံ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။

ဓာတ်ပုံကတော့ ပြုံးချင်စရာ ဖြစ်ပေမယ့် နောက်ကွယ်က အကြောင်းရင်းဖြစ်တဲ့ စက်သုံးဆီဈေးတက်ခြင်းနဲ့ အထွေထွေ ကျပ်တည်းမှုကြီး အကြောင်းကို စဉ်းစားမိရင်တော့ ငိုချင်စရာ ဖြစ်သွားမှာ အသေအချာပါပဲ။

လတ်တလော ရန်ကုန်မြို့ရဲ့ အထူးဆန်းဆုံးဓာတ်ပုံ (၂) ပုံ အကြောင်းကို ဖော်ပြ ပြေးလိုက်ရပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page