ကူးစက်မှုပြင်းထန်တဲ့ ကမ္ဘာ့ကပ်ရောဂါ နောက်တမျိုး လာဦးမည်ဟု သူဌေးကြီး ဘီလ်ဂိတ် ပြောကြား

ကိုဗစ်ရောဂါ ကူးစက်ခံရသူများ ရောဂါအန္တရာယ် ပြင်းထန်းခြင်းမှ လျော့ကျလာပေမယ့်လည်း ကမ္ဘာလုံးဆိုင်ရာ ကူးစက်ကပ် ရောဂါတမျိုး ဖြစ်လာရန် တာစူနေပြီလို့ ကမ္ဘာကျော်သူဌေးကြီး ဘီလ်ဂိတ်က ပြောလိုက်ပါတယ်။

ဘီလ်ဂိတ်က ဂျာမနီမှာ ပြုလုပ်တဲ့ ညီလာခံတခုတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်မျိုးနွယ်ဝင်ထဲက ကွဲပြားခြားနားတဲ့ ဗိုင်းရပ်စ်ပိုးတမျိုးက နောက်ထပ် ကပ်ရောဂါတခု ဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

ဆေးဖက်ဆိုင်ရာ နည်းပညာများ တိုးတက်မှုက အဆိုပါ ရောဂါပိုးကို တိုက်ဖျက်ရာမှာ အဓိကကျပြီး ယခုကတည်းက ကာကွယ်လုပ်ငန်းစဉ်တွေ စထားသင့်ကြောင်း ပြောဆိုလိုက်ပါတယ်။

ကမ္ဘာပေါ်မှာ ကိုဗစ်ဖြစ်ပွားပြီး ၂ နှစ်အတွင်း ကမ္ဘာ့လူဦးရေ အများအပြားဟာ ရောဂါပိုးကို ခံနိုင်တဲ့ ကိုယ်ခံစွမ်းအားတချို့ ရရှိခဲ့ပြီး ဗိုင်းရပ်စ်ပိုးရဲ့ ဆိုးဝါးတဲ့ သက်ရောက်မှုများကို လျှော့ချနိုင်ခဲ့တယ်လို့လည်း ပြောကြားသွားပါတယ်။

ရောဂါပိုးကြောင့် ကိုယ်ခံအားထွက်ရှိလာခြင်းက ကာကွယ်ဆေးထိုးခြင်းထက် ပိုမိုမြန်ဆန်ခဲ့တယ်လို့ ဘီလ်ဂိတ်က ပြောကြားခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရည်မှန်းထားတဲ့ ၂၀၂၂ ခုနှစ် နှစ်လယ်တွင် ကမ္ဘာ့လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်း ကာကွယ်ဆေး ထိုးပြီးရမယ့် ရည်မှန်းချက်ပြည့်မိရန် နောက်ကျနေပြီလို့လည်း ပြောကြားလိုက်ပါတယ်။

ကာကွယ်ဆေးများ တီထွင်ထုတ်လုပ်ဖို့အတွက် မြန်မြန်ဆန်ဆန် လုပ်သင့်ပြီး အစိုးရတွေအနေနဲ့လည်း ကာကွယ်ဆေး ကဏ္ဍမှာ ပိုမိုအာရုံစိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်။

နောက်တကြိမ်မှာ ယခုလို ကြာချိန် ၂ နှစ်အစား ၆ လနဲ့ ကာကွယ်ဆေး ရအောင် ပြုလုပ်သင့်တယ်လို့ ပြောကြားလိုက်ပါတယ်။ “နောက်ထပ် ကပ်ရောဂါတခုအတွက် ပြင်ဆင်စရိတ်က အခုလောက် မများနိုင်ပါဘူး။ ဒီကိစ္စဟာ ရာသီဥတုပြောင်းလဲခြင်းလို မဟုတ်ပါဘူး။ ကျွန်တော်တို့ ဆင်ခြင်တုံတရား ရှိလေလေ၊ စောစော တားဆီးနိုင်လေလေ ပါပဲ” လို့ ဘီလ်ဂိတ်က ပြောပါတယ်။

ဘီလ်ဂိတ် တည်ထောင်ထားတဲ့ ဖောင်ဒေးရှင်းမှတဆင့် ကူးစက်ရောဂါ ကြိုတင်ကာကွယ်မှု ဆန်းသစ်တီထွင်ခြင်း အဖွဲ့သို့ ဒေါ်လာသန်း ၃၀၀ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ အဖွဲ့က ကူးစက်ရောဂါအသစ်များအတွက် ကာကွယ်ဆေးများကို ရက် ၁၀၀ အတွင်း ထုတ်လုပ်နိုင်ရန် ဒေါ်လာ သန်း ၃၅၀၀ ရရှိစုဆောင်းထားဖို့ ရည်ရွယ်ထားပါတယ်။

သူဌေးကြီး ဘီလ်ဂိတ်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ ဖြစ်ပေါ်လာမယ့် ၂၀၂၀ ခုနှစ်မတိုင်မီကတည်းက ကမ္ဘာလုံးဆိုင်ရာ ကူးစက်ရောဂါတခု လာမှာ ဖြစ်ကြောင်း ကြိုတင် ပြောကြားခဲ့ဖူးပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page