မြစ်ကြီးလည်း မခမ်းစေနဲ့၊ သစ်ပင်ကြီးလည်း မလဲစေနဲ့၊ထုံးအိုးကြီးလည်း မကြဲစေနဲ့ဆိုတဲ့ စကားအဓိပ္ပါယ်

ရွှေစကားကြီး သုံးခွန်း ဖြစ်တဲ့ ၁ ။ မြစ်ကြီးလည်း မခမ်းစေနဲ့၊ ၂ ။ သစ်ပင်ကြီးလည်း မလဲစေနဲ့၊ ၃ ။ ထုံးအိုးကြီးလည်း မကွဲစေနဲ့ ဆိုတာကို ကြားတော့ ကြားဖူး၏ သို့သော် တွင်တွင် ကျယ်ကျယ် သိသူတော့ ရှား၏။

မြစ်ကြီးလည်း မခမ်းပါစေနဲ့ ဆိုတာ ကြည်လင် အေးမြတဲ့ တသွင်သွင်စီဆင်းနေတဲ့ မြစ်ကြီးနဲ့တူတဲ့ မေတ္တာတရားများ လူသားတွေမှာ မခမ်းခြောက်ပါစေနဲ့ လို့ ဆိုလိုခြင်းဖြစ်၏။

လူသား အချင်းချင်း ဆွေမျိုး မိတ်သင်္ဂဟအချင်းချင်း မေတ္တာထားပြီး နေထိုင်ကြမယ် အားလုံးသော သတ္တဝါအနန္တ အပေါ်မှာလည်း မေတ္တာစမ်းရေများ မခမ်းခြောက်အောင် အမြဲပွားများပြီး နေထိုင်ကြရပါမယ်။

မြစ်အတွင်းမှာ စီးဆင်းနေတဲ့ စမ်းရေသည် ကြည်လင် အေးမြတဲ့ သဘောရှိသလို သတ္တဝါ အားလုံးအပေါ်မှာ ပွားများနေတဲ့ မေတ္တာ ဆိုတာလည်း ကြည်လင်အေးမြလှ၏။ မေတ္တာ ပွားများသူရဲ့ သန္တာန်မှာ မေတ္တာဓာတ်တွေ ဝင်ရောက်လာပြီဆိုရင် အဲ့ဒီပုဂ္ဂိုလ်ရဲ့ နှလုံးသားဟာလဲ တခြားအချိန်မှာ ဖြစ်နေတဲ့ နှလုံးသားနဲ့ မတူတော့ဘဲ ကြည်လင်လာ၏။ ဘုရားရှင်က စိတ္တေ ပသန္နေ လောဟိတံ ပသီဒတိ လို့မိန့်၏

စိတ်ကြည်လင်လာပြီဆိုယင် ရုပ်လဲကြည်လင်လာ၏ အထူးသဖြင့် မေတ္တာ အမြဲပွားများနေတဲ့ပုဂ္ဂိုလ် ရဲ့ မျတ်နှာဟာ သာမန်ပုဂ္ဂိုလ်တွေနဲ့ မတူတော့ပါဘူး ၊ သတိထားကြည့်ယင် ကွာခြားနေတာ တွေ့ရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ မေတ္တာ ဆိုတဲ့ အကြည်ဓာတ်ကလေးက သူ့သန္တာန်မှာ ကိန်းဝပ်နေလို့ပါဘဲ ။

သစ်ပင်ကြီးလည်း မလဲစေနဲ့ ဆိုတာ ဘုရား တရား သံဃာ လို့ခေါ်ဆိုအပ်တဲ့ ရတနာသုံးပါး ကို ဆိုလိုခြင်းဖြစ်၏ ။

ပကတိ သစ်ပင်ကြီးသည် အကိုင်းအခတ် ဝေဝေစာစာလည်း ရှိတယ် ၊ ပင်စည်ကလဲ ပြန့်ပွား အရိပ်အာဝါသ လည်း ကောင်းနေမယ်ဆိုယင် အဲ့ဒီ သစ်ပင်ကြီးရဲ့ အရိပ်မှာ သတ္တဝါ ခိုနားနေနိုင်၏ ၊ ထို သစ်ပင်ရဲ့ အရိပ်အောက် ဝင်လိုက်တာနဲ့တပြိုင်နက်ထဲ ကိုယ်စိတ်နှစ်ပါး အေးချမ်းမှုကိုခံစားရသလိုပါဘဲ ရတနာသုံးပါး ဆိုတဲ့ အရိပ်ဟာလည်းဝင်ရောက် ခိုနားတဲ့ သတ္တဝါ တိုင်းကို ကိုယ်စိတ်နှစ်ပါး အေးမြမှုကို အပြည့်အဝ ပေးနိုင်၏ ။

ဝင်ရောက် ခိုနားတဲ့ သူတိုင်းဟာ ရတနာသုံးပါး ရဲ့အရိပ်ကြောင့် ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းသွားတာချည်းပါပဲ။ ဒါကြောင့် ရှေးလူကြီး သူမများက မိမိကို အရိပ်အာဝါသပေးနေတဲ့ သစ်ပင်ကြီးကို ခုတ်လဲ မမိပါစေနဲ့ လိုပြောဆိုကြခြင်းဖြစ်၏။

ထို့အတူပါဘဲ မိမိတို့ နားခိုရာ အားထားရာကိုးကွယ်ရာ ဖြစ်တဲ့ ရတနာသုံးပါး အရိပ်ကိုလဲ မပစ်ပယ်ရဘူး မမေ့ရဘူး။ ဘာကြောင့်လဲ ရတနာသုံးပါး ရဲ့ ဂုဏ်ကျေးဇူးဟာ သိပ်ပြီးတော့ကြီးမားလို့ပါဘဲ သစ်ပင်ကြီးရဲ့ အရိပ်ဟာ အေးမြသလိုရတနာသုံးပါး ၏ အရိပ်ဟာလည်း ပစ္စုပ္ပန် ဘဝ သာမက တမလွန်ဘဝ အတွက်ပါ ငြိမ်းအေးမှုကိုပေး၏။ ဒါကြောင့် ရတနာသုံးပါး လို့ ခေါ်ဆိုရတဲ့ သစ်ပင်ကြီးကို မမေ့ပါနဲ့ အမြဲသတိရပြီး ကိုးကွယ်ဆည်းကပ်ရမည် ဟု ဆိုလို၏ ။

ထုံးအိုးကြီးလည်း မကွဲပါစေနဲ့ ဆိုတာ ရှေးက မိဘ ဘိုးဘွား တွေရဲ့ အစဉ်အလာ လုပ်ထုံး လုပ်နည်းကို ပြောတာပါဘဲ။

မိဘ ဘိုးဘွား တွေရဲ့ ယဉ်ကျေးမှု အစဉ်အလာ ကောင်းများ ၊ မိဘ ဘိုးဘွား တွေ ပြုခဲ့တဲ့ ဘာသာရေး သာသနာရေး အစဉ်အလာကောင်းမြတ်တဲ့ ထုံးတမ်းစဉ်လာတွေ အဆုံးအမတွေ အကျင့်စာရိတ္တတွေ အားလုံးကို မဖျတ်စီးရဘူး မမေ့ပျောက်ရဘူး။

အစဉ်လာကို ထိန်းသိမ်းပြီး ဆက်လက်ဆေင်ရွက်ရမယ် ဒါကိုဘဲ ထုံးအိုးကြီး မကွဲစေနဲ့” ဟုပြေားဆိုခြင်းဖြစ်၏။ ဒါကြောင့် ဗုဒ္ဓဘာသာ သူတော်စဉ် ပုဂ္ဂိုလ် များရှေးက ဆုံးမခဲ့တဲ့ “စကားကြီး” သုံးခွန်း၏အဓိပ္ပါယ် ကို နားလည်နိုင်ပါစေ။

နားလည်သည် အားလျှော်စွာ ကျင့်သုံးနိုင်ပါစေ။ ကျင့်သုံးနိုင်သည်အလျှောက် ဘာသာ သာသနာကို ထိမ်းသိမ်း စောင့်ရှောက် နိုင်ကြပါစေ။ မိမိကိုယ်ကို ချမ်းသာအောင် ဆောင်ရွက်နိုင်ပါစေ။

ဒေါနမောင်

Leave a Reply

Your email address will not be published.

x

You cannot copy content of this page