(၁၉) သိန်းကျော်သွားတဲ့ ရွှေဈေး၊ (၃) ဆ တက်သွားတဲ့ ကုန်ဈေးနှုန်းနဲ့ အခြေခံလူတန်စားတို့ရဲ့ မျက်ရည်
အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ်၁၈သိန်း ပါတ်ချာလည်သာ ရှိခဲ့ရာမှ ယနေ့ ဖေဖော်ဝါရီ၂၃ရက် နေ့လယ်ပိုင်းကစပြီး အကယ်ဒမီ မီးလင်းရွှေအပိတ်ဈေးဟာ တစ်ဆယ့် ကိုးသိန်း တစ်ထောင့်ငါးရာ အထိ ဈေးတက်သွားတယ်လို ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်အသင်းရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
ကမ္ဘာ့ရွှေဈေး ကတော့ အမေရိကန်ဒေါ်လာ ၁၈၉၅အထိ ဈေးရှိနေတာတွေ့ရပါတယ်။ မြန်မာ့အခေါက်ရွှေဈေးဟာ ဒီကနေ့ မနက်ပိုင်းက တစ်ဆယ့် ရှစ်သိန်းကိုးသောင်း ရှစ်ထောင် ကျပ်ပဲ ရှိခဲ့တာပါ။
ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်အသင်းကတော့ အရောင်းအဝယ်က ပုံမှန်အနေအထားရှိနေတယ်လို့ ပြောဆိုထားတာရှိပါတယ်။ ဈေးနှုန်းအတက်အကျကတော့ ကမ္ဘာ့ရွှေဈေးအတက်အကျပေါ် မူတည်နေတယ်လို ပြောဆိုထားတဲ့အပြင် ရောင်းလိုအားပိုင်းများနေတယ်လို့လည်း ပြောဆိုပါတယ်။
ကုန်ဈေးနှုန်းတွေလည်း တရိပ်ရိပ် ထိုးတက်နေပြီး နိုင်ငံခြားကနေ သွင်းရတဲ့ စားသုံးဆီ၊ ဆေးနဲ့ တခြား ပစ္စည်းများ နှစ်ဆကျော်၊ သုံးဆနီးပါး တက်နေလို့ ကုန်စုံဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။
ကမ္ဘာ့အခြေအနေကြောင့် စက်သုံးဆီဈေးနဲ့ ရွှေဈေးတွေ တက်လာတဲ့အပြင် မြန်မာ့နိုင်ငံရေး အခြေအနေတွေကြောင့် ကုန်ဈေးနှုန်းတွေ တက်နေတာ ဖြစ်ကြောင်း ဈေးကွက် သုံးသပ်သူတဦးက ပြောပါတယ်။
လစာတွေ ရာခိုင်နှုန်း လျှော့တဲ့အပြင် အစစအရာရာ ဈေးတက်လာတာကြောင့် အခြေခံလူတန်းစားနဲ့ လူလတ်တန်းစားတွေ ပိုမို ကျပ်တည်းလာပြီး ဘဝမျှော်လင့်ချက်တွေ၊ ရည်မှန်းချက်တွေ တဖြည်းဖြည်း မှုန်ဝါးလာတယ်လို့ ကုမ္ပဏီ ဝန်ထမ်းတဦးက ရင်ဖွင့်ခဲ့ပါတယ်။
နိုင်ငံရေး မတည်ငြိမ်မှုဟာ စီးပွားရေးနဲ့ တိုက်ရိုက် အချိုးကျနေပြီး အခုလို ဆက်သွားနေရင်တော့ ရေရှည်မှာ မြန်မာပြည်ရဲ့ အနာဂတ်ဟာ အလားအလာ မကောင်းဘူးလို့ တင်ပြလိုက်ရပါတယ် ခင်ဗျာ။