မြတ်စွာဘုရားရှင်ရဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ မုဒြာများ အကြောင်း သိကောင်းစရာ

စာဖတ်သူ မိတ်ဆွေများ ဗဟုသုတ သိမှတ်ဖွယ်ရာအနေဖြင့် ဘုရားရှင်၏ လက်ဟန် ခြေဟန် သင်္ကေတများကို မှတ်သား သိရှိစေရန် အလိုငှာ ရေးသားမိသည်။ မုဒြာဆိုသည်မှာ ပါဠိစကားဖြစ်ပါသည်။ အဓိပ္ပါယ်ကားလက်ချောင်းလို မြန်မာပြန်ရသည်။ မြတ်စွာဘုရားရှင်၏ လက်တော်အနေထား၊ လက်ဟန်ပုံစံ၊ ခြေတော်အနေထား၊ ခြေဟန်ပုံစံတို့ကို မုဒြာဟုခေါ်ပါသည်။ မြတ်စွာဘုရားရှင်ရဲ့ မုဒြာများ အများအပြား ရှိပေမယ့်လည်း ယခု ဆောင်းပါးတွင် အသုံးများသော မုဒြာများကိုသာ ဖော်ပြသွားမှာ ဖြစ်ပါတယ်-

၁။ ပဒုမာသန မုဒြာ

ပဒုမာသန မုဒြာဆိုသည်ကား ပဒုမ္မာကြာပန်းကဲ့သို့ ထိုင်နေတော်မူသည့်ပုံစံဖြစ်ပါသည်။ မြတ်စွာဘုရားရှင်၏ပုံတော်တွင် ညာဘက်ခြေဖဝါးကို ဘယ်ဘက်ပေါင်ပေါ်၌တင်လျက်၊ ဘယ်ဘက်ခြေဖဝါးကို ညာဘက်ပေါင်ပေါ်၌တင်ထားပြီး တင်ပလ္လင်ခွေ အနေအထားပုံသဏ္ဍာန်သည် ပဒုမာသန မုဒြာ၊ လက်နှစ်ဖက်ကိုတော့ လက်ချင်းထပ်ထားပြီးတော့ တင်ပလ္လင်ခွေပေါ်၌ တင်ထားသည့် ဘုရားပုံသဏ္ဍာန်တော်ကို ပဒုမာသနမုဒြာဟုခေါ်ပါသည်။

၂။ ဓမ္မစကြာ မုဒြာ

ဓမ္မစကြာမုဒြာဆိုသည်မွာ ပဉ္စဝဂ္ဂီ-၅-ဦးအားသစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါးတရားတို့ကို တစ်ပါးချင်းတစ်ပါးချင်းစီ လက်ချိုးရေတွက်ပြီးသကာလ ဓမ္မစကြားတရားဦး ဟောတော်မူနေသည့် ပုံစံဖြစ်ပါသည်။

မြတ်စွာဘုရား၏ လက်တော်နှစ်ဖက်မှာ ရုပ်ပွားတော်၏ ရင်ညွှန့်လောက်မှာ ရှိပါသည်။ လက်ချောင်းအနေအထားမှာ ညာဖက်လက်က လက်ညှိုးကလေးကို ကွေးထားပြီး၊ လက်မနှင့် ထိထားသည့် ပုံစံဖြစ်ပြီး ဘယ်ဖက်လက်က လက်ခလယ်ကို ထိထားရသည်။ ညာဖက် လက်မနှင့် လက်ညှိုးသည် ဘယ်ဖက် လက်ခလယ်ကို ထိထားရသည်။

အဓိပ္ပါယ်ကား-မြတ်စွာဘုရားရွင်သည် သစ္စာလေးပါး၊ မဂ္ဂင်တရားရှစ်ပါးတို့ကို တစ်ပါးချင်းတစ်ပါးချင်းစီ လက်ချိုးရေတွက်ပြီး ဓမ္မစကြားတရားတော်အား ဟောကြားတော်မူနေသည့် ပုံစံဖြစ်ကြောင့် “ဓမ္မစကြာ မုဒြာဟု ခေါ်ဆိုပါသည်။

၃။ ဘူမိဖဿ မုဒြာ

ဘူမိဖဿမုဒြာဆိုသည်မှ ာမဟာပထဝီမြေကြီးကို သက်သေညွှန်ပြီးတော့ မာရ်နတ်သားကိုအောင်မြင်တော်မူသည့် တင်ပလ္လင်ခွေထိုင်နေတော်မူသည့်ပုံစံကို ဘူမိဖဿမုဒြာဟု ခေါ်ပါသည်။ ဘူမိဖဿမုဒြာသည် ဘယ်ဖက်လက်ဖဝါးကို လှန်ပြီး၊ တင်ပလ္လင်‌ခွေပေါ်၌ ထားရှိပြီး၊ ညာဘက်လက် ဖဝါးကိုတော့ ညာဘက်ဒူးပေါ်၌ မှောက်လျှက်တင်ထားရသည်။ လက်ချောင်းတော်အနေထားကား အောက်သို့ စိုက်နေသည့်ပုံစံဖြစ်ပြီး၊ ဘယ်ဘက်လက်ကတော့ အထက်သို့ လှန်ထားသည်။ မဟာပထဝီမြေကြီးကို သက်သေတည်ပြီး မာရ်နတ်သားကိုအောင်မြင်သည့် ပုံစံကို ဘူမိဖဿမုဒြာဟု ခေါ်ဆိုပါသည်။

၄။ စျာန မုဒြာ

ဈာနမုဒြာဆိုသည်မှာ မြတ်စွာဘုရား ဈာန်သမာပတ်ဝင်စားနေသည့် ပုံစံပင် ဖြစ်သည်။ အနေအထားမှာ မြတ်စွာ ဘုရားရှင်သည် ထိုင်နေပြီးသကာလ မျက်လုံးအစုံကို မှတ်ထားနေသည့် ပုံစံ ဖြစ်ပါသည်။ ညာဖက်လက်ဖဝါး၊ ဘယ်ဖက်လက်ဖဝါး နှစ်ဖက်ကို လှန်ထားပြီး တင်ပလ္လင်ခွေပေါ်တင်ထား၍ အချင်းချင်း ထပ်ထားသည့် ပုံစံဖြစ်ပါတယ်။ တင်ပလ္လင်ခွေထိုင်နေပြီး မျက်လုံးအစုံမှိတ်ထားက လက်ဖဝါးနှစ်ဖက်တို့ကို လှန်၍ အချင်းချင်းထပ်ထားပြီး ဈာန်သမာပတ် ဝင်စားနေသည့် ပုံသဏ္ဍာန်ကို ဈာနမုဒြာဟု ခေါ်ပါသည်။

၅။ အဘယ မုဒြာ

အဘယမုဒြာဆိုသည်မှာ ဘေးကင်းပါစေ၊ ရန်ကင်းပါစေ၊ ချမ်းသာပါစေလို့ ဆုတောင်းပေးနေသည့် ပုံစံကို “အဘ မုဒြာဟု ခေါ်ဆိုပါသည်။ အဘယမုဒြာပုံတော်ဟာ မတ်တတ်ရပ်နေတဲ့ ပုံတော်ဖြစ်ပါသည်။ လက်တော်အနေထားက ညာဘက်လက်တော်မှ လက်ဖဝါးကို ပခုံးတော်နှင့်ညီအောင် တံတောင်ဆစ်မှ ကွေးထားရပါတယ်။ လက်ဖဝါးကို ရှေ့ဘက်လှည့်ထားပြီး၊ ဘယ်ဘက်လက်တော်ကို မှောက်ထားကာ အောက်ဘက်ဆီသို့ဆန့်တန်းထားရသည်။ အဲဒီလိုပုံသဏ္ဍန်ကို “အဘယ မုဒြာဟုခေါ်ပါသည်။ [တနည်း ဝရ မုဒြာဟုလည်း ခေါ်ကြသည်။

၆။ ပိဏ္ဍ မုဒြာ

ပိဏ္ဍ မုဒြာဆိုသည်မှာ သပိတ်ကိုပိုက်ပြီး ဆွမ်းခံကြွနေသည့် ပုံသဏ္ဍာန်ကိုခေါ်ပါသည်။ ပုံစံမှာ လက်နှစ်ဖက်ဖြင့်သပိတ်ကို ပိုက်ထားပြီး မတ်တတ်ရပ်အနေထားဖြင့် ဆွမ်းခံကြွနေသည့် ပုံသဏ္ဍာန်ကို ပိဏ္ဍ မုဒြာဟုခေါ်ပါသည်။

၇။ ပရိနိဗ္ဗာန မုဒြာ

လျောင်းတော်မူပြီး ပရိနိဗ္ဗာန်စံနေတော်မူသည့် ပုံစံကို ပရိနိဗ္ဗာနမုဒြာဟု ခေါ်ခြင်းဖြစ်သည်။ အနေအားမှာ မြောက်ဘက်အရပ်သို့ ဦးခေါင်းပြုထားပြီး၊ အနောက်ဘက်အရပ်သို့ မျက်နှာမူလျက် မျက်လုံးတော်အစုံမှာ မှိတ်ထားသည့် ပရိနိဗ္ဗာန် စံနေတော်မူသည့် ပုံသဏ္ဍာန်ကို ပရိနိဗ္ဗာန မုဒြာဟုခေါ်သည်။

မှတ်ချက်။ အရှေ့သာလျောင်း၊ တောင်ပေါင်းလောင်း၊ အနောက်နေရဗာန်၊ မြောက်ပရိနိဗ္ဗာန်ဆိုသည့်အတိုင်း အရှေ့သာလျောင်းဆိုသည်က လဲ လျောင်းနေသည့်ပုံတော်သည်အရှေ့ဘက်ကိုဦးခေါင်းတော်ထားတယ်ဆိုလျင်ရွှေသာလျောင်းပုံတော်ဟု ခေါ်ပါသည်။

တောင်ပေါင်းလောင်းဆိုသည်ကလဲ လျောင်းနေသည့် ပုံတော်သည် တောင်ဘက်သို့ ဦးခေါင်တော် ပြုထားတယ်ဆိုလျှင် ပေါင်းလောင်းပုံတော်ဟု ခေါ်ပါသည်။ အနောက်နေရဗာန်ဆိုသည်က အနောက်ဖက်သို့ ဦးခေါင်းတော်ထားသည့် လဲ လျောင်းနေသည့်ပုံတော်သည် နေရဗာန်ပုံတော်ဟု ခေါ်ပါသည်။

မြောက်ပရိနိဗ္ဗာန်ဆိုသည်ကမြောက်ဘက်သို့ ဦးခေါင်းထားပြီး လဲလျောင်းနေသည့်ပုံစံသည်ပရိနိဗ္ဗာန်စံသည့် လဲ လျောင်းနေသည့်ပရိနိဗ္ဗာနပုံတော်ဟု ခေါ်ဆိုပါသည်။

၈။ ဥတ္တရဗောဓိမုဒြာ

လက်ဝဲလက်ညိုးနှင့်လက်မ လက် ယာလက်ညိုးနှင့်လက်မတို့ကိုထိထား၍ ရင်ဘတ်ကိုထိလုနီးပါ ထောင်ပြထားသော လက်ဟန်အနေအထားကို ဥတ္တရမုဒြာ ဟုခေါ်သည်။ ဓမ္မစကြာ မုဒြာပုံနှင့်ဆင်တူရိုးမှား ဖြစ်သည်။ပါရမီ ၁၀ ပါး ပြီးပြည့်စုံခြင်းကို ပြတော်မူသော သဘောရှိသည်။ အရိယသစ္စာနဒဿနမင်္ဂလာနှင့် နိဗ္ဗာန်နကစ္ဆိကိရိယ မင်္ဂလာကို သရုပ်ဆောင်ထားခြင်းကြောင့် ဝိမုတ္တိရသနှင့် သန္တရသတို့ကို ပေါ်လင်ထင်ရှားစေပါ သည်။

ဥတ္တရဗောဓိမုဒြာပါသော ဘုရားကို ကိုးကွယ်သူသည် ဉာဏ်ပညာကောင်းခြင်း စာမေးပွဲ စာပြန်ပွဲတို့၌ လွယ်ကူစွာအောင်မြင်ခြင်း အကျိုးကျေးဇူးများရရှိနိင်သည်ဟု တန္တရာယာန ကျမ်းများ၌ ဖော်ပြပါရှိပါသည်ဟူ၍ မှတ်သားမိပါ သည်။

မူရင်းရေးသားသူအား လေးစားမှုဖြင့်

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page