မန္တလေး ဗထူးဘောလုံးကွင်းပတ်လည်က ဆိုင်ခန်းနဲ့ လူနေအိမ်တွေကို မတ်လမကုန်ခင် အပြီးဖျက်မည်

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်က ဗထူးအားကစားကွင်း ဘေးပတ်လည်မှာရှိတဲ့ စျေးဆိုင်ခန်းတွေနဲ့ လူနေအိမ်တချို့ကို စာချုပ်အရ နေထိုင်ခွင့် သက်တမ်း ၈ နှစ်ကျော်ကျန်ရှိနေသေးပေမယ့် ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက အခုမတ်လကုန် နောက်ဆုံးထားပြီး ဖယ်ရှားပေးဖို့ ညွန်ကြားချက်စာစောင်တွေကို စာတိုက်က တဆင့် ပေးပို့လာတယ်လို့ သိရပါတယ်။

အဲ့ဒီညွှန်ကြားစာဟာလည်း ပြီးခဲ့တဲ့ရက်ပိုင်းက လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့ခဲ့တာလည်း ဖြစ်ပါတယ်။ အဲ့ဒီဆိုင်ခန်းတွေမှာ နေထိုင်သူတဦးက ” ညွှန်ကြားစာကတော့ အားကစားကွင်းဘေးက စာတိုက်မှာ ရောက်နေပြီလို့သိတယ်။ ဒါပေမယ့် သွားမယူပါဘူး။ သွားယူတဲ့သူ လေးငါးဦးရှိတယ်။ ဒီကာလမှာ အလုပ်အကိုင်တွေ ဘယ်သူမှအဆင်မပြေလို့ ကျနော်တို့လည်း ဖယ်ပေးရရင် တလကို ၂သိန်း ၃ သိန်းတန် အိမ် ငှားမနေနိုင်ဘူး၊ ကျနော်ကတော့ ဘုန်ကြီးကျောင်းတွေမှာ နေဖို့တော့ လျှောက်ထားတယ် တခြားသူတွေတော့ မသိဘူး။ ကာကွယ်ရေးဦးစီးချုပ်ရုံးနဲ့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကိုတော့ အသနားခံစာတင်ထားပါတယ်”လို့ ပြောပါတယ်။

လူမှုကွန်ရက်မှာပျံ့နှံ့ခဲ့တဲ့ ထုတ်ပြန်ချက်မှာတော့ စာချုပ်ချုပ်ချုပ်ထားမှုစည်းကမ်း အပိုဒ်(၆)တွင် လိုအပ်ချက်အရ ဖယ်ရှားရမည်ဟု ပါရှိသဖြင့် စာချုပ်စည်းကမ်းအရ ဗထူးအားကစားကွင်းရှိ ဆိုင်ခန်း (၁၃၃)ခန်း၊ အောင်မြေမန္တလာ အားကစားကွင်းရှိ ဆိုင်ခန်း(၉၅)ခန်း၊ ပြင်ဦးလွင်ခရိုင်/မြို့နယ်အား ကစားကွင်းရှိ ဆိုင်ခန်း (၁၆၂)ခန်းတို့ကို ၃၁.၃.၂၀၂၂ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးဖို့ ညွန်းကြားထားတာကို တွေ့ရပါတယ်။

ဗထူးအားကစားပြိုင်ကွင်းကို ၂၀၂၁ နိုဝင်ဘာ ၃ ရက်နေ့က အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်ခဲ့တဲ့စဉ်မှာ ကွင်းဘေးက ဆိုင်ခန်းတွေကို ဖျက်သိမ်းဖို့ မှာကြားခဲ့တာ ဖြစ်ပါတယ်။

အဲဒီဆိုင်ခန်းတွေကို ၂၀၀၂ ခုနှစ်ကနေ စတင်ကာ နှစ်၃၀အထိ ရောင်းချထားတယ်လို့ သိရပြီး နှစ်ပြည့်နေထိုင်ဖို့အတွက် ၈နှစ်ကျော်ကျန်ရှိနေသေးတယ်လို့ နေထိုင်နေသူတွေ ပြောပြချက်အရ သိရပါတယ်။

စာချုပ်ပါစည်းကမ်း အပိုဒ်(၆)နဲ့ ဆက်စပ်ပြီး အပိုဒ်(၁၆)မှာတော့ နေထိုင် ပိုင်ဆိုင် အသုံးပြုခွင့်ကာလအတွင်းတွင် နိုင်ငံတော်မှ လိုအပ်လို့တောင်းဆိုပါက ငှားရမ်းသူများသည် ဖယ်ရှားပေးရမည်ဖြစ်ပြီး နိုင်ငံတော်မှ အစားပြန်လည်ချထားသော နေရာများသို့ ငှားရမ်းသူများမှ ကော်မတီ၏ ဦးဆောင်မှုဖြင့် ပြောင်းရွှေ့ရမည်ဖြစ်ပါကြောင်းနှင့် ကော်မတီမှလည်း နေရာသစ်တွင် မူလလူဟောင်းများကို ဦးစီးပေး၍ နေရာချထားပေးမည်ဖြစ်ပါတယ်လို့ ပါရှိထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page