လိုင်းပေါ်မှာ ဆိုင်ကယ်တွေကို ပေါချောင်ကောင်းနဲ့ ရမယ်ဆိုပြီး လိမ်နေတဲ့ အဖွဲ့ကို ဖော်လိုက်ပါပြီ
အွန်လိုင်းပေါ်မှာ ဆိုင်ကယ်တွေကို ဈေးပေါပေါနဲ့ ရမယ်ဆိုပြီး ကြော်ငြာထည့်၊ ရိုးသားတဲ့ နယ်သူနယ်သားတွေက ငွေကြိုလွှဲပြီး ဝယ်မိရင် အဆက်အသွယ်မလုပ်ဘဲ လစ်ပြေးတဲ့ အဖွဲ့ကို ဖော်လိုက်ပါပြီ။
ဖဘပေါ်မှာ like and share အများကြီးနဲ့ မဲဖောက်ပေးမယ်၊ လက်ဆောင်ပေးမယ်၊ ဈေးလျှော့ပေးမယ်ဆိုပြီး ပိုက်ဆံကြိုလွှဲရင် ခြေရာဖျောက်သွားတဲ့အဖွဲ့ပါ။ အကောင့်အများအပြား၊ ပေ့အများအပြားနဲ့ ဂိုဏ်းဖွဲ့ပြီး လိမ်စားနေတဲ့ အဖွဲ့ ဖြစ်ပါတယ်။ ပေ့နာမည်က Shwe Myawaddy Honda Showroom ဆိုပြီး ဖွင့်ထားတာပါ။ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ဆိုင်ကယ် showroom ဖွင့်ထားသူတဦးရဲ့ အတွေ့အကြုံကို ဖော်ပြ ပေးလိုက်ပါတယ်-
အဖြစ်အပျက်က ဒီလိုပါ။ ကျွန်မတို့ Min Oo Honda ဆိုင်ကယ်အရောင်းပြခန်းကို တရားဝင် မြဝတီမြို့ ရွှေမြဝတီစျေးလမ်း ၁ လမ်းထဲတွင် ဖွင့်လှစ်ရောင်းချလျက်ရှိပါတယ်။ ဒီလူလိမ်ပေ့ သည် ၂ လမ်းထဲတွင် ဖွင့်သည်ဟု လိပ်စာတင်ထားသော်လည်း ကိုယ်တိုင် ဖုန်းဆက်သွားရောက်ရာတွင် မည်သည့်ဆိုင်မှ ဖွင့်လှစ်ထားခြင်း လုံးဝလုံးဝ မရှိပါ။
ဆိုင်ကယ် များကို မဖြစ်နိုင်သော စျေးနှုန်းများတင်ကာ လူအများကို မြူဆွယ် အယုံသွင်း၍ နယ်မြို့များမှ လူအများစီမှ ငွေများကို နေ့စဉ်အမျှ လိမ်လည်လျက်ရှိပါတယ်။
အဘယ်ကြောင့်ဆိုသော် ထို လိမ်လည်ခံရသူများ နေ့စဉ်နှင့်အမျှ တစ်နေ့ကို အနည်းဆုံး ၃ ဦး မှ ၅ ဦးကြား ကျွန်ုပ်၏ ရွှေမြဝတီ ၁ လမ်း ဆိုင်သို့ လာရောက်ကာ တငိုငို တရီရီဖြင့် သူတို့သည် ဒီပေ့ မှ ဝယ်ယူကြောင်း ငွေလွှဲထားကြောင်းကို ဆိုင်မှားပြီး ကျွန်မဆိုင်သို့ ရောက်ရှိလာကြပါတယ်။
ဒါကြောင့် ဒီပေ့ နှင့် ကျွန်မတို့ Min Oo Thailand Honda Motorcycle Showroom နှင့် လုံးဝ လုံးဝ မသက်ဆိုင်ကြောင်း အသိပေးကြေငြာအပ်ပါတယ်။ ကျွန်မတို့ ကုမ္ပဏီ နှင့်ပတ်သက်ပြီး တစုံတရာထိခိုက်မှု ရှိလာပါက တရားဥပဒေ အရ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်းကိုလည်း ကြိုတင် အသိပေးအကြောင်းကြားအပ်ပါသည်။
ဒီနေ့ ကျွန်မကိုယ်တွေ့အဖြစ်အပျက်ပါ သူ့ပေ့ က တင်ထားတဲ့ ဖုန်းနံပါတ်ကိုဆက်ပြီး အဲ့နား(သူ့တင်ထားတဲ့လိပ်စာ)ရောက်နေပြီ ဆိုင်ကယ် လာကြည့်ချင်တယ် ပြောတော့ ရတယ် ရွှေတိဂုံ ပုံတူဘုရားနားကိုလာခဲ့ပါ လာကြိုပါမယ်လို့ပြောပါတယ် ၂ မိနစ်လောက်နေတော့ ဖုန်းထပ်ဆက်တော့ လုံးဝ ဖုန်းကိုမကိုင်ပါဘူး ဆက်တိုက်ဖုန်းကို ချပစ်ပါတယ် အဲ့လိုယုတ်မာတာပါ
မိဘပြည်သူများကို တစ်ခုမှာချင်ပါတယ် မေတ္တာ စေတနာနဲ့ သတိပေးချင်ပါတယ်။ လူတိုင်းကို အယုံမလွယ် ကြပါနဲ့လို့ ဒီလိုခေတ်ကြီးမှာ ဆိုင်ကယ် တစ်စီးကို ပေါပေါနဲ့ရဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ တနေ့ထက် တနေ့စျေးတွေက တက်နေတာ ဆိုင်ကယ် အသစ် တစ်စီးကို သိန်း ၄၀ ကျော် ရှိတယ်။ သူတင်ထားတဲ့ စျေးက ဖြစ်နိုင်မလား သေချာ စဉ်းစားပါ ကိုယ့်မျက်စိနဲ့ မြင်တဲ့ အရာကိုဘဲ ဝယ်ကြပါ ယုံကြည်ပါ။
တချို့တွေဆို ငိုပါငိုကြတာ အရမ်းသနားဖို့ကောင်းတယ်။ အယုံမလွယ်ကြပါနဲ့ တစ်ခုခုကို ဝယ်တော့မယ်ဆိုရင် သေချာ စေ့စပ် လေ့လာစုံစမ်းကြပါနော်။ ပြည်သူပြည်သားတိုင်း လူလိမ် လူညာ လူယုတ်မာ ရန်သူအပေါင်းမှ ကင်းဝေကြပါစေ။
Mya Wutt Hmone