ငွေထုတ်မပေးတဲ့ ဘဏ်တွေကနေ ရောင်းချမယ့် ရွှေစက္ကူစီမံကိန်းကို အင်္ဂလန်ကုမ္ပဏီနဲ့ လုပ်မည်ဟုဆို
ဘဏ်များမှတစ်ဆင့် ရွှေစက္ကူ(Paper Gold) ရောင်းချပေးနိုင်ရန် စီမံချက်ဥပဒေ Safe Keeping Receipt (SKR) ရရှိနိုင်ရေး ဗဟိုဘဏ်တွင် လျှောက်ထားဆဲဖြစ်ကာ ခွင့်ပြုချက်ကျလာပါက အင်္ဂလန်ရွှေကုမ္ပဏီတစ်ခု ပြည်တွင်းတွင် လုပ်ကိုင်သွားရန်ရှိနေကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။
“SKR လျှောက်ထားတာ ပြန်မချပေးသေးဘူ။ လျှောက်ထားဆဲပဲ၊ အဲ့ဒါရလာရင် ကျွန်တော်တို့မှာရှိတဲ့ရွှေကို ဘဏ်မှာအပ်ထားတာပေါ့။ ရောင်းတဲ့ဝယ်တဲ့အခါရွှေထုတ်ငွေထုတ်ကိုင်သွားစရာမလိုဘူး။ နိုင်ငံတကာမှာလည်းဘဏ်က ရွှေရောင်းပေးတယ်၊ ရွှေအပ်လို့ရတယ်၊ ဒေါ်လာကိုထားသလို ရွှေကိုထားတဲ့သဘောပါပဲ။
အဓိကကတော့ အင်္ဂလန်ကုမ္ပဏီတစ်ခု အင်္ဂလန်ရွှေစျေးကွက်မှာ စတော့ရှယ်ယာပေါက်နေတဲ့ကုမ္ပဏီ၊ အဲ့ကုမ္ပဏီက ဒီမှာရွှေကို သူတို့တံဆိပ်နဲ့ပဲ သန့်စင်တဲ့ စက်ရုံဒီမှာလာလုပ်မယ် လုပ်ပြီးရင် အဲ့ရွှေကို ဟိုမသယ်သွားဘူး ဘဏ်မှာအပ်ထားမယ်။ ဘဏ်ကရတဲ့ SKR ကို လန်ဒန်ရွှေစျေးကွက်မှာ အရောင်းအဝယ်လုပ်မယ်၊ အဲ့ဒီကစပြီး ဒီမှာတော့ Paper Gold ဆိုပြီး ဖြစ်လာတာပေါ့” လို့ ဦးမျိုးမြင့်က ပြောပါတယ်။
လက်ရှိတွင် ဗဟိုဘဏ်သို့ ခွင့်ပြုချက်တင်ထားရာမှာ ကြန့်ကြာမှုအနည်းငယ်ရှိနေပြီး ရွှေစက္ကူနဲ့ ပတ်သက်လို့ ပြည်တွင်းဘဏ်တွေကလည်း စိတ်ဝင်စားမှုရှိကာ လာရောက်ဆွေးနွေးကြတယ်လို့ သိရပါတယ်။
လက်ရှိမှာ ဖြစ်ချင်တာကိုသာ ပြောနေတာ ဖြစ်ကြောင်း၊ လူကြီးတွေ ဘာစဉ်းစားနေလဲ မသိကြောင်း၊ ခွင့်ပြုချက် ကျလာရင် ဘဏ်အားလုံး လိုက်လုပ်မှာ ဖြစ်ကြောင်း၊ ရွှေဘဏ်ကတော့ ပထမဆုံး လာဆွေးနွေးကြောင်း ပုဂ္ဂလိကဘဏ် ၅ ခု ၆ ခုလောက် လာဆွေးနွေးကြောင်း ဦးမျိုးမြင့်က ဆက်လက် ပြောကြားပါတယ်။
လက်ရှိရွှေစျေးကွက်အတွင်း နေ့စဉ်ရွှေ ပိဿာချိန် ၅၀ခန့်အရောင်းအဝယ်ဖြစ်နေပြီး ကမ္ဘာ့ရွှေစျေးကျဆင်းမှ ပြည်တွင်းရွှေစျေးနှုန်း ကျဆင်းမှာဖြစ်သည့်အတွက် အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၁၈ သိန်း ၇ သောင်းကျော် ၀န်းကျင်မှာပဲ အမြင့်စျေးနှုန်းဖြင့်ဆက်ရှိနေနိုင်ကြောင်း သိရပါတယ်။