မာစီဒီးနဲ့ စဉ့်ကူးမင်း (စာရေးဆရာ အဆိုတော် မင်းသား သုမောင်ရဲ့ ဘဝအတွေ့အကြုံ မှတ်သားစရာများ)

ကျွန်တော်၏ ဇာတာတွင် ယာဉ်၊ ရထား ကံအကျိုးပေးပုံရပါတယ် ။ မွေးကတည်းက မော်တော်ကားနဲ့ ပြတ်လပ်ခဲ့တာ မရှိခဲ့ပါဘူး ။ ခုထိတိုင်ပါပဲ ။

အရင်ကတော့ အဖေ့ရဲ့ ကားတွေ စီးရတာပါ ။ စာရေးဆရာဖြစ်ပြီး လုံးချင်းတွေရေးနိုင်တော့ သင့်နိုးရာရာ ကားတစ်စီး ဝယ်စီးနိုင်ခဲ့ရာက ကျွန်တော့်မှာ မော်တော်ကားတစ်စီးတော့ အမြဲရှိနေတတ်တော့တာပါပဲ ။

စီးပွားတက်ရင် ကားကောင်းကောင်းလေး စီးလိုက် ၊ စီးပွားပျက်ရင် ကားညံ့ညံ့လေး စီးလိုက်နဲ့ပေါ့ ။ ပြောချင်တာက အဲဒီကား ထည်လဲတွေထဲမှာ တစ်ကြိမ်တော့ဖြစ့် “မာစီဒီး” ပါဝင်ခဲ့ပါတယ် ။ မာစီဒီးဆိုပေမယ့် “ဟစ်တလာ” စီးခဲ့တဲ့ ရှေးဟောင်း“မာစီဒီး”ပါ ။ ဘာပဲဖြစ်ဖြစ် “မာစီဒီး” တစ်ကြိမ်တော့ စီးဖူးတယ် ပြောရပါလိမ့်မယ် ။ ဒါကို အကျယ်ချဲ့ပြောနေရတာက “မာစီဒီး” နဲ့ ပတ်သတ်လို့ လူကြားသူကြား အမေးခံရတာ နှစ်ကြိမ်ရှိခဲ့ဖူးလို့ပါ ။

တစ်ကြိမ်က တေးသံသွင်းတစ်ခုက စားသောက်ဆိုင်မှာ ဖြစ်ပါတယ် ။ အဲဒီညက စားနေသောက်နေကြတုန်း တေးသံသွင်း ပိုင်ရှင်နဲ့ ဂျာမဏီနိုင်ငံသားတစ်ယောက် ကျွန်တော်တို့ဝိုင်းမှာ ဝင်ထိုင်ရင်း ကျွန်တော့်ကို မိတ်ဆက်ပေးပါတယ် ။ ဒီအခါ ဂျာမဏီသားက – “မင်းမှာ မာစီဒီး ဘယ်နှစ်စီးရှိသလဲ” လို့မေးပါတယ် ။ သူနဲ့ ကျွန်တော့် မိတ်ဆက်ပေးတုန်းက စာရေးဆရာ ၊ အဆိုကျော်၊ ရုပ်ရှင်မင်သားဆိုပြီး မိတ်ဆက်ပေးတာကိုး ။

အဲဒီတုန်းက ကျွန်တော့်မာစီဒီးက “ဃ” အက္ခရာတွေပယ်လို့ ပါသွားပါပြီ ။ ဒါကြောင့် “တစ်ခါတော့ရှိဖူးတယ်” ပြောတော့ သူအံ့သြသွားပါတယ် ။ သူတို့ဆီမှာဆိုရင် ကျွန်တော့်လို ဘက်စုံ အနုပညာသည်ဟာ မာစီဒီး (၆) စီး ရှိသတဲ့ ။ အမယ်မယ်သုံးဆိုပါစို့။ နောက်တစ်ခါ အမေးခံရတာက အမေရိကားရောက်တုန်းကပါ ။ နိုင်ငံတကာ စာပေဆွေးနွေးပွဲတက်တော့ နိုင်ငံစုံ စာရေးဆရာတွေနဲ့ တွေ့ကြရာမှာ အလုပ်သဘော စားကြသောက်ကြရင်း ကိုယ်ရေးကိုယ်တာတွေ ရောက်သွားပါတယ် ။ ဒီမှာ ကျွန်တော့်ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိကို သိနေကြတော့ ဂျာမဏီစာရေးဆရာကပဲ မေးပါလေရော ။ “မင်းမှာ မာစီဒီး ဘယ်နှစီးရှိသလဲ” တဲ့ ။

ဒီနေရာမှာ မာစီဒီးကိုပဲ ဂုဏ်ပြုမေးကြတာက မာစီဒီးဟာ ဂျာမဏီလုပ်ကားဖြစ်နေတာ တစ်ကြောင်းကြောင့်ဖြစ်ပါလိမ့်မယ် ။ အဲဒီတုန်းကတော့ “ငါ့မှာက ဆန်နီပစ်ကပ် ပဲသုံးတယ် ၊ မာစီဒီးက မွန်းကျပ်တယ် ၊ ဆန်နီပစ်ကပ်က လွတ်လပ်တယ်လေ” ဆိုပြီး ဆတ်ဆတ်ထိမခံ ရယ်ပွဲဖွဲ့ခဲ့ရပါတယ် ။

ဒါလေးတွေ ပြောနေရတာက လူ့သဘာဝမှာ ဂုဏ်တုဂုဏ်ပြိုင် ပြောကြရင် မော်တော်ကား ကောင်းကောင်းဟာ မပါမဖြစ်ပါဝင်တဲ့ သဘောမို့ပါ ။ ပြီးတော့ လူတစ်ယောက်ရဲ့ ချမ်းသာကြွယ်ဝမှုကို တိုင်းတာရင်လည်း မော်တော်ကား ကောင်းကောင်းဟာ ပါရစမြဲမဟုတ်လား ။ တကယ်တော့ ကျွန်တော်ဟာ လိမ္မာရေးခြားရှိခဲ့ရင် (စုစုဆောင်းဆောင်းနဲ့ နေခဲ့ရင်) ခုလောက်ဆို မာစီဒီးတစ်စီးတော့ စီးနိုင်ကောင်းပါတယ် ။

ဆိုလိုတာက – စာရေးဆရာ အဆိုကျော်မင်းသားတစ်ယောက်အနေနဲ့ သူ့တန်းနဲ့သူတော့ဖြင့် နေနိုင်ထိုင်နိုင်ရှိနေပါ့မယ် ။ သို့သော် တကယ်တမ်းမတော့ ကျွန်တော့်ဘဝမှာ သာမန်အဆင့် လောက်ပဲရှိခဲ့ပါတယ် ။ အဆိုကျော်မင်းသား တန်းမဝင်ခဲ့ပါဘူး ။ နာမည်ရ စာရေးဆရာတစ်ယောက်လောက်ပဲ နေနိုင်ထိုင်နိုင်ခဲ့ပါတယ် ။ ဒီအတွက် ကိုယ့်ကိုယ်ကို ဖြေသိမ့်နိုင်တာတော့ရှိပါရဲ့ ။

ကျွန်တော်က လောဘမကြီးတတ်လို့ပါ ။ ရသမျှနဲ့ တင်းတိမ်ရောင့်ရဲခဲ့တယ်လို့ ဆိုရမှာပေါ့ ။ အထူးသဖြင့် ဇနီးသည် အေးဘုံနဲ့ သားသမီးတွေကလည်း ပါရမီဖြည့်နိုင်ကြလို့ပါ ။ သူတို့လည်း ရိုးရိုးသားသား ပေးနိုင်ကမ်းနိုင်ရုံနဲ့ ကျေနပ်နေခဲ့နိုင်ကြပါတယ် ။ ဘာပဲဖြစ်ဖြစ် သူတို့ အတွင်းစိတ်ထဲမှာတော့ ထိုက်သင့်တဲ့အကျိုးခံစားချင်ကြမှာပါပဲ ။ ကျွန်တော်ကိုယ်တိုင်လည်း စီးမယ်ဆို မာစီဒီး ၊ နေမယ်ဆို ရွှေတောင်ကြားလောက်တော့ လိုချင်ခဲ့ပါတယ် ။ စောစောကပြောသလို ရောင့်ရဲနေတတ် လို့သာပါ ။ ကောင်းပါပြီ။ အဲသလိုမျိုး ကျွန်တော်ဘာကြောင့် မနေနိုင်ခဲ့ပါသလဲ ။ ရှင်းပါတယ် ။ “အရက်”ဟာ အဓိကတရားခံပါပဲ ။ “အရက်” သောက်ပစ်လို့ ငွေကြေးဥစ္စာဓနတွေ ကုန်ရတယ်လို့ မဆိုလိုပါဘူး ။ ဘာကြောင့်လဲဆိုတော့ ထုတ်လုပ်သူ ၊ ထုတ်ဝေသူတွေကသာ တိုက်ကြပြုကြတာပါ ။

ဒါပေမဲ့ တကယ်တမ်းကျတော့ ဘယ်စေတနာပါပါ့မလဲ ။ သုမောင်နဲ့ လုပ်စားနေရတုန်းမို့ မသဒ္ဓါရေစာတိုက်ကြတာပါ ။ သို့မဟုတ် ဖားကြပြုကြတာပါ ။ တကယ်တမ်း သုမောင်တစ်ယောက် အီလည်လည်ဖြစ်လာတဲ့အခါကျတော့ ပုလင်းထောင်ပေးဖို့ နေနေသာသာ မသိ ချင်ယောင်ဆောင်လာကြပါတယ် ။ ဟော သုမောင်လည်း ကျပါလေရော ဝေးဝေးက ရှောင်ကြတော့တာပဲ ။ အပြစ်တော့ မတင်ပါဘူး ။ လူဆိုတာ ကိုယ့်အလုပ် ကိုယ်လုပ်ကြတာ မဟုတ်လား ။

အနုပညာသည်က ကိုယ်နဲ့ ဦးနှောက်ကို ရင်းပြီးဖန်တီးတယ် ။ သူတို့က ငွေကိုရင်းပြီး ပွားစီးတယ် ။ ဘယ်မှာ အပြစ်ရှိလို့လဲ ။ ပြောချင်တာက အဲသလို အရက်ရဲ့ ကျေးကျွန်ဖြစ်ခဲ့ရာကနေ ကိုယ့်လူတန်းစေ့နဲ့ကိုယ် မနေနိုင်တာကိုပါ ။ တချို့အနုပညာသည်တွေ ဖြစ်ဖူးကြားဖူးကြမှာပေါ့ ။ အောင်မြင်တဲ့အချိန်မှာ စုဆောင်းတယ် ။ စီးပွားရေးသမားနဲ့ သင့်တင့်အောင်ပေါင်းတယ် ။ နည်းနည်း အီလည်လည်ဖြစ်လာတော့ ဒုတိယတန်းစားနေရာက ဝင်ပြီး ဖန်တီးတယ် ။ ကျဆုံးချိန်ရောက်တော့ ဖရံအပို့နေရာတွေမှာ ဝင်လုပ်တယ်။ အိုမင်းမစွမ်းရှိတဲ့အခါမှာ စုဆောင်းတာလေးနဲ့ လူတန်းစေ့နေနိုင်တယ် ။

တကယ်တော့ အားကျစရာကောင်းတဲ့ ဘဝမျိုးပဲ မဟုတ်ပါလား ။ ကျွန်တော့်မှာက အကျင့်စရိုက်နောက်တစ်မျိုး ရှိပြန်ပါတယ် ။ ကိုယ်ရောက်တဲ့နေရာမှာ မနေတတ်တာပါပဲ ။ ပင်ကိုအားဖြင့် ရိုးရိုးသားသား ပြုမူနေထိုင်တတ်တာပါသလို ငယ်စဉ်က လက်ဝဲယိမ်းပြီး အတင်းကြီးကာရော အခြေခံကျခဲ့တာပါ ။ တကယ်တော့ မင်းသားအဆိုကျော်ဆိုတာ သူ့နေရာလေးနဲ့သူနေရမှာပါ ။

ကျွန်တော်က မင်းသားလို မနေဘဲ အဲဒီခေတ်က စာရေးဆရာတွေလို နေတယ် ။ လူတိုင်းနဲ့ (အထူးသဖြင့် အောက်ခြေလူတန်းစားနဲ့) ပရောပရီနေတယ် ။ ဖြစ်ကတတ်ဆန်းနေတယ် ။ အရက်သောက်တာတောင် အရက်ဖြူကို လမ်းဘေးဆိုင် ထိုင်သောက်တယ် ။ အဲဒီလို ချီးမွမ်းကြတော့ ကျေနပ်တယ် ။ နှာခေါင်းရှုံ့တဲ့သူတွေကို ခုခံတယ် ။ ပြောကြကြေးဆိုရင် ရုပ်ရည်ချို့တဲ့တဲ့ ကျွန်တော်ဟာ အရွဲ့တိုက်ပြီး မိတ်ကပ်မလိမ်းဘဲ ရုပ်ရှင်ရိုက်တယ် ။ တကယ်တော့ မိတ်ကပ်ဆိုတာ လှပဖို့ထက် ပြုပြင်ဖို့ဆိုတာကို မသိခဲ့ဘူး ။ သီချင်းဆိုပွဲတွေမှာ ဖြစ်ကတတ်ဆန်း အဝတ်နဲ့ ပွဲတတ်တယ် ။ ပရိသတ်ကို စော်ကားရာကျတယ်ဆိုတာ မစဉ်းစားဘူး ။

ကျွန်တော့်ဖခင်က ပြောဖူးတယ် ။ “သား ပရိသတ်ဆိုတာ ကိုယ့်ကို ပိုက်ဆံပေးပြီးကြည့်တာ သူတို့ စိတ်ချမ်းသာအောင် သပ်သပ်ရပ်ရပ် လှလှပပလေး ဖြစ်အောင်နေရတယ်” တဲ့ ။ ဒါကိုလည်း ကျွန်တော် နားမထောင်ခဲ့ဘူး ။ လုပ်ချင်ရာလုပ်တယ် ။ အရက်ဝင်တော့ ပိုဆိုးတော့တာပေါ့ ။

ဒါလောက်ဆို ကျွန်တော့် သဘာဝနဲ့ ကျွန်တော့်ဘဝကို သိလောက်ပါပြီ ။ ဘာပဲဖြစ်ဖြစ် အေးဘုံရဲ့ စီးတဲ့ရေ ဆယ်တဲ့ ကန်သင်းကြောင့် ခုလို တန်းစေ့လေး နေနိုင်ခဲ့တာပါ ။ ပင်ကိုရိုးရိုးသားသား စိတ်ကလေးကြောင့်လည်း လက်ရှိဘဝကို ရောင့်ရဲနိုင်ခဲ့တာပါ ။ ကောင်းပါပြီ ။ ကျွန်တော့်ရဲ့ ယခု စာစု ခေါင်းစီးကိစ္စ ။ “မာစီဒီးနဲ့ စဉ့်ကူးမင်း” တဲ့ ။

“မာစီဒီး” ကတော့ ဟုတ်ပါပြီ ။ လူနေမှုဘ၀ တစ်ခုရဲ့ ပြယုဂ် ။ စဉ့်ကူးမင်း ဘယ့်နှယ့်ကြောင့်ပါလာရပါသလဲ ။ မတန်တရာနှိုင်းတယ်ပဲဆိုဆို ကျွန်တော့်အဖြစ်က စဉ့်ကူးမင်းနဲ့ သွားတူနေလို့ပါ ။ ဒါကို ဆရာကြီး မြကေတုရဲ့ “နန်းမူနန်းရာ စာပေါင်းချုပ်” စာအုပ် ပြန်ဖတ်ရင်း သတိထားမိတာပါ ။

၁၁၃၈ ခုနှစ်မှာ “အဝ” ကို စဉ့်ကူးမင်း စိုးစံပါတယ် ။ စဉ့်ကူးမင်းဟာ ဆန်းကျယ်တဲ့ ဓလေ့ရှိသူဖြစ်ပါတယ် ။ သူဟာ ဆင်းရဲသား ဘဝက လာသူမို့ ဆင်းရဲသားများကို အလေးထား စောင့်ရှောက်ပါတယ် ။ ဆင်းရဲသားတွေကို တန်းတူပေါင်းတယ် ။ ရှင်ဘုရင်လို မနေဘူး ။ ဒါကြောင့် ဆင်းရဲသားများက စဉ့်ကူးမင်းကို ချစ်ကြတယ် ။ အရွယ်ကလည်း (၂၀) ကျော်ဆိုတော့ လုပ်ရဲကိုင်ရဲ သတ္တိရှိတယ် ။ တိုင်းပြည်တွင်းမှာ အခွန်တော်ငွေ မကောက်ခံရ အမိန့်ထုတ်တယ် ။ လွတ်လွတ်လပ်လပ် ရောင်းဝယ်ဖောက်ကားခွင့်ပေးတယ် ။ လူမျိုးဘာသာမရွေး တိုင်းပြည်တွင်းဝင်ထွက်ခွင့်ပေးတယ် ။ သန်းခေါင်စာရင်း (လူဦးရေ စာရင်း)ကို ပယ်ဖျက်တယ် ။ သူဟာ ဆင်းရဲသားဘဝကလာတာမို့ ဆင်းရဲသားလိုပဲ ကျင့်ကြံတယ် ။

ရှေးရှေးဘုရင်တွေဟာ ဇိမ်ခံနေကြတာပဲလို့ သူက ယူဆတယ် ။ နန်းတော်သစ်ဆောက်ဖို့ မူးမတ်တွေက အကြံပေးကြတာကို လက်မခံဘူး ။ ဆင်းရဲသားတွေ ပင်ပန်းမယ် ။ အလုပ်ရှုပ်တယ် ။ ပြည်သူ့ဘဏ္ဍာတွေ လျော့ပါးမယ်လို့ ဆိုပါတယ် ။ ကုန်ကုန်ပြောကြကြေး ဝတ်လဲတော် အသစ်တောင် မချုပ်လုပ်ဘူး ။ အဲ သံဃာတွေအတွက်တော့ ကျောင်းဇရပ်တွေ ဆောက်လုပ်လှူဒါန်းတယ် ။ အလှူအတန်းရက်ရောရုံမကဘူး လက်ဖွာတယ်လို့တောင် အဆိုရှိပါတယ် ။ သာသနာရေးကို အလွန်အလေးထားတဲ့ မင်းပါပဲ ။ ခုထိ ရှိနေတဲ့ ရွှေတိဂုံဘုရားပေါ်က “ပြည်တော်ပြန် ခေါင်းလောင်းကြီး”ဟာ စဉ့်ကူးမင်းရဲ့ ကုသိုလ်ပါ ။ စဉ့်ကူးမင်း ခေါင်းလောင်းလို့တောင် ခေါ်ပါတယ် ။ ဒါကြောင့် စဉ့်ကူးမင်းလက်ထက်မှာ တိုင်းပြည်သာယာဝပြောချမ်းသာပါတယ် ။

ဒါပေမဲ့ ကျဆုံးချိန်တန်လာတော့လည်း ဘာတတ်နိုင်မှာလဲ ။ ဖြစ်ပုံကလည်း ကြည့်ဦး “အရက်”ကိစ္စပါပဲ ။ စောစောကပြောသလို လူဝင်လူထွက်စာရင်းဇယားမရှိ တိုင်းပြည်ကို တံခါး ဖွင့်ထားတော့ နိုင်ငံခြားသားတွေ ကုန်သွယ်ဖို့ အဝင်အထွက် များလာတယ် ။ အဲဒီမှာ လက်ဆောင်ပဏ္ဏာတွေ ဆက်ကြတယ် ။ အဲဒီထဲမှာ နိုင်ငံခြားဖြစ် အရက်တွေပါတယ် ။ ဒါတွေ မြည်းစမ်းရင်း နောက်ပိုင်း အရက်စွဲလာရာမှ တစ်တိုင်းပြည်လုံး အရက်ဆိုင်တွေ မှိုလိုပေါက်အောင် စည်ကားလုပ်စားကြတော့တဲ့အဆင့်ထိ ခွင့်ပြုခဲ့ပါတယ်။

ဘိုးစဉ်ဘောင်ဆက် “အမဲမပေါ်ရ” အမိန့်ကိုဖျက်ပြီး အမဲပေါ်စေတယ် ။ သူကိုယ်တိုင်လည်း အရက်နဲ့ အမဲကို စွဲနေခဲ့ပါပြီ ။ နောက်ပိုင်း ဘယ်လောက်ထိ အရက်ကြောင်သွားသလဲဆိုတာ ဥပမာပြုလောက်ပါတယ် ။ နန်းတော်မှာ ပွဲလမ်းသဘင်တွေ အမြဲလိုလို ကျင်းပဆက်သွင်းကြရတယ် ။ အဲဒီမှာ ဇာတ်သမားတွေဟာ ရရာအဝတ်နဲ့ တက်ကကြရတာကို သူ မနှစ်မြို့ဘူး ။ ဒီတော့ ဘာလုပ်သလဲ ။ ပွဲထဲက ရှင်ဘုရင် အဝတ်အစားညှိုးနေရင် သူဝတ်တဲ့ ဝတ်လဲတော် ငှားရမ်းပြီး ကစေတယ် ။ ဝန်ကြီး ၊ မှူးကြီး ၊ မတ်ကြီးတွေရဲ့ ဗောင်းတော်တွေ ဝတ်လုံတော်တွေကြည့်မကောင်းရင် ဝန်ကြီး ၊ မှူးကြီး ၊ မတ်ကြီး အစစ်တွေရဲ့ ပစ္စည်းတွေ ငှားရမ်းစေပြီးကစေတယ် ။ ဘယ်လောက်ထိ ဆိုးလာသလဲဆိုရင် နောက်ပိုင်းမှာ ဘီလူးခေါင်း မျောက်ခေါင်းစတဲ့ မျက်နှာဖုံးခေါင်းစွပ်တွေကို ကိုယ်တော်တိုင်စွပ်ပြီး ပွဲဝင်ကတဲ့အထိ ဖြစ်လာတယ်လို့ ဆိုပါတယ် ။

ဆင်းရဲသားတွေရဲ့ ဘဝကို စာနာလွန်းလို့ မကြာခဏဆိုသလို ဆင်းရဲသားယောင်ဆောင်ပြီး မြို့ပြင်ထွက်လေ့ရှိတယ် ။ တစ်ခါတော့ အဲသလိုနန်းပြင်ထွက်သွားလိုက်တာ အကြံဆိုးရှိတဲ့ ဖေါင်းကားစားမောင်မောင်ဆိုသူက စဉ့်ကူးမင်း ယောင်ဆောင်ပြီး မြို့ထဲဝင် ထီးနန်းသိမ်းပိုက်လိုက်တော့ ခံရတော့တာပါပဲ ။ မြို့တံခါးကိုလည်း အဝင်အထွက် သိပ်မစစ်ဆေးခဲ့ဘူးကိုး ၊ ဒီလိုနဲ့ စဉ့်ကူးမင်း နန်းကျပါတယ် ။

တော်သေးတာက ဖေါင်းကားစား မောင်မောင်ဟာ ခုနှစ်ရက်သာ နန်းစံလိုက်ရပြီး ဘိုးတော်ဘုရားက ပြန်လည် နန်းသိမ်းလိုက်လို့သာပေါ့ ။ ကိုင်း ဒါလောက်ဆို ကျွန်တော့် စာစုခေါင်းစီး ဘာကြောင့် “မာစီဒီးနဲ့ စဉ့်ကူးမင်း” ဖြစ်ရသလဲဆိုတာ ရှင်းလောက်ပါပြီ ။

လူဆိုတာ ရိုးသားရပါမယ် ။ ရိုးသားတယ်ဆိုရာမှာ သာမန်ပြည်သူလိုပဲ နေရမယ် မဆိုပါဘူး ။ ဘုရင် ဘုရင်အလျောက် ၊ အမှူးအမတ် အမှူးအမတ် အလျောက် ၊ ပြည်သူ ပြည်သူအလျောက် ရိုးသားစွာ နေရမယ်လို့ပြောတာပါ ။ ချမ်းသာချင်ဟန်ဆောင်တာ မရိုးသားသလို ဆင်းရဲချင်ဟန်ဆောင် တာလည်း မရိုးသားပါဘူး ။ ဒါဟာ တစ်နည်းနည်းနဲ့ ဟန်လုပ်နေကြတာပါပဲ ။

(တစ်ခုတော့ ရှိတယ် ။ ဆင်းရဲသားတွေအပေါ် ကရုဏာထားတဲ့ စဉ့်ကူးမင်းရဲ့ စိတ်ဓာတ်ကိုတော့ ချီးကျူးရမှာ ဖြစ်ပါတယ် ။)

သုမောင်
Bookish by Karine

Leave a Reply

Your email address will not be published.

x

You cannot copy content of this page