လွန်ခဲ့တဲ့ ၁၀ နှစ်က ရန်ကုန်မြို့ကြီး ကမ္ဘာပျက်သလို ဖြစ်ခဲ့ရတဲ့ ညတည

ဒီနေ့ ည အခုလို အချိန်ပေါ့….

ဝုန်းကနဲဆိုတဲ့ အသံကြီးနဲ့အတူ ရန်ကုန်မြို့ကြီး သိမ့်သိမ့်ခါသွားတယ်…. ငလျှင်လုပ်သွားသလို တိုက်အိမ်တွေ တုန်လုပ်သွားတယ်… ဘာကြောင့်မှန်းရယ်မသိ… အိမ်ပြူတင်းပေါက်က မှန်တွေ ကွဲသွားတယ်။

ဘာဖြစ်သွားတာလဲ…. ဘာဖြစ်သွားလဲဆိုတာ သေချာမသိပေမယ်… အဲဒီနေ့ညက လင်းစတောင်းမှာ ရှိတဲ့ ကျွန်တော့် အိမ်ကနေ အပြင်ထွက်ကြည့်ဖြစ်တယ်… သူများတွေလည်း ကိုယ့်လိုပဲ အိမ်အပြင် ထွက်ကြည့်နေကြတယ်…

ဘယ်နားမှာ ဘာဖြစ်သွားတာလဲ…. အခုခေတ်လို အင်တာနက်တွေ လူတိုင်း မသုံးနိုင်ကြသေးဘူး… လူတိုင်းလက်ထဲမှာ တယ်လီဖုန်းတွေမရှိကြသေးဘူး… အဲဒီနေ့က ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ အချိန်ကတော့ မနက်နှစ်နာရီလောက်ပေါ့….

ဘာဖြစ်လို့ ဖြစ်နေမှန်း ဘယ်သူ့ကို ဘယ်လို ဖုန်းဆက်ပြီး ဘယ်လို မေးရမှန်း မသိရတဲ့ အခြေနေမျိုးပေါ့။ ရပ်ကွက်ထဲက ကျီးတွေကလည်း လန့်ပျံနေကြတာက ညကြီးသန်းခေါင်မှာ.. သရဲကားတွေထဲက အတိုင်းပဲ။ ကိုယ်တွေလည်း ညဝတ်လက်စ အဝတ်စားလေးနဲ့ပဲ လင်းစတောင်းကနေ ဆိပ်ကမ်းသာလမ်းကို ဆိုက္ကားလေး ငှားစီးခဲ့တယ်…

ဘာဖြစ်လို့လဲဆိုတော့ ကင်မရာတွေက ဆိပ်ကမ်းသာလမ်းက ရုံးမှာ ထားခဲ့တာလေ… ဘာဖြစ်မှန်းမသိပေမယ့် ကင်မရာနဲ့ ကိုယ်နဲ့ အတူတူ ရှိနေတာတော့ မမှားပေါ့…

ဆိုက္ကားစီးရင်း သတိထားမိတာ… ပြာမှုန့်တွေက ကောင်းကနေ လက်ပေါ်ကျလာတယ်… ဘာတွေများလဲ… နောက်တော့ ဆိပ်ကမ်းသာလမ်းက ရုံးကို ရောက်တယ်.. ကင်မရာတွေယူ မင်မိုရီကဒ်တွေစစ်ပေါ့…

အဲအချိန်မှာပဲ မီးသတ်ကားသံတွေ ဆူညံပြီး ဗန္ဒုလမ်း လမ်းမတစ်ယောက်မှာ အော်ဟစ် ပြေးလွားနေကြပြီ…. ဆိပ်ကမ်းသာလမ်းက ရုံးက ဆင်းလိုက်တနဲ့ တွေ့ရာ တက္ကစီလေးကို ရပ်ခိုင်းပြီး… ဘရာသားရေ အဲဒီ မီးသတ်ကားတွေ နောက်ကို လိုက်ဆိုပြီး ပြောလိုက်တယ်….

ကားသမား ပြောတယ်… ကျနော်က ညမောင်းဗျတဲ့ ဆွဲမကောင်းတာနဲ့ မိန်းမနဲ့ ပြန် နပ်နေတုန်း မှန်ကွဲသံကြားလို့ မိန်းမရေခဏ ငါ့ကား ခဲနဲ့ ထုခံရလားမသိဘူးဆိုပြီး ဆင်းကြည့်တုန်း မီးသတ်ကားသံတွေ ကြားလို့ မိန်းမဆီ ပြန်မသွားပဲ ထွက်လာတာဆိုပဲ…

အဲဒီညက တစ်ခြား မဟုတ်ပါဘူး… ပုစွန်တောင် စက်ဆန်းက အက်စစ် သိုလောင်ကန်ကြီး ပေါက်ကွဲတဲ့ ညပေါ့။ အဲဒီကိုရောက်သွားတော့…. နောက်ဆက်တွေ ထပ်ပေါက်ကွဲလို့ မီးသတ်ကားကြီးပါ စုတ်ပြတ်သတ်ပြီး မီးသတ်သမားတွေ ဒါဏ်ရာရကုန်တယ်… ကိုယ်တွေလည်း အတွေ့အကြုံ ရှိတဲ့လူမဟုတ်တော့… ဘာလုပ်လို့ လုပ်ရမှန်းမသိ….

ဟေ့ရောင် ကူပါဉီးဆိုတော့ ကင်မရာကြီး လည်ပင်းမှာ ဆွဲပြီး ဒါဏ်ရာရတဲ့လူတွေကို ဝိုင်းသယ် မီးတောက်တွေနဲ့ ဝေးဝေးရှိရာဆီကိုပို့…

သိပ်မကြာခင် မိနစ်အနည်းငယ်လေးမှာပဲ မီးသတ်ကားတွေ ထပ်ရောက်လာ လူနာတင်ကားတွေ ထပ်ရောက်လာ… တစ်ခြား သတင်းထောက်တွေလည်း ထပ်ရောက်လာ… အဲတော့မှ ဓာတ်ပုံစရိုက်ဖြစ်တယ်။ ပေါက်ကွဲအား ဘယ်လောက ပြင်းလဲဆိုတော့ အနားမှာရှိတဲ့ အိမ်လေးဆိုတာ… မီးခြစ်တိုက်ထဲ ငယ်ငယ်တုန်းက ဗျောက်အိုးထည့်ဖောက် ကစားခဲ့သလိုမျိုး… တစ်စီကွဲ။

အဲနားမှာက မှတ်တိုင်မှာ ကားစောင့်နေတဲ့ လူတစ်ချို့လည်း ကွန်ကရစ် ပျံတုန်း ကြီးတွေ ထိမှန်ပြီးသေ… ဘာတွေ ဖြစ်လို့ ဖြစ်နေမှန်းကို မသိရ အောင်ပါပဲ…

အဲနေ့ညကတော့ ပုစွန်တောင်စက်ဆန်း အက်စစ်ကန်ကြီး ပေါက်ကွဲပြီး ရန်ကုန်မြို့ကြီး ကမ္ဘာပျက်သွားတာပါပဲ… အဲဒီ ပေါက်ကွဲမှုကြောင့် လူ ၁၇ ယောက်သေဆုံးပြီး လူ ၈၀ ကျော် ဒါဏ်ရာ ရခဲ့ပါတယ်…

Soe Zeya Tun

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page