ရခိုင်ပြည်နယ် စစ်တွေမှာလည်း အိမ်တွေ ဝင်ဖျက်နေကြပြန်ပြီ (အိမ်ခြေ ၁၀၀ ခန့်ပါသွားဟု သိရှိရ)
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ မြန်မာ့မီးရထားပိုင် ဧရိယာအတွင်းမှ ကျူးကျော်နေအိမ်များကို မတ် ၉ ရက် နံနက် ၈ နာရီခန့်မှ စတင်ကာ ဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။
စစ်တွေမြို့ ဝေသာလီအားကစား ကွင်းအနီးမှ စစ်တွေတက္ကသိုလ်အနီး မီးရထားလမ်းတစ်လျှောက်ရှိ အိမ်ခြေ ၁၀၀ ခန့် ဖယ်ရှားခံခဲ့ရပြီး သက်ဆိုင်ရာမှ အင်အား ၉၀ နီးပါးဖြင့် ဖယ်ရှားခဲ့ခြင်းဖြစ်ကာ နေထိုင်သူများ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။
ဖယ်ရှားခံလိုက်ရသူများတွင် စစ်ဘေးကြောင့် အနယ်နယ်အရပ်ရပ်မှ ထွက်ခွာပြီး စစ်တွေတွင် အိုးမဲ့အိမ်မဲ့ဘ၀ဖြင့် ကြုံရာကျပန်းအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေကြရသူများဖြစ်တယ်လို့ သိရပါတယ်။
စစ်တွေ သုသာန်အနီးရှိ နေအိမ်များကိုလည်း မတ် ၁၀ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ဝင်ရောက်ဖျက်ဆီးနေတယ်လို့ သိရပါတယ်။
“ကြိုပြီး အကြောင်းကြားတာ ဘာမှ မရှိဘူး။ လွန်ခဲ့တဲ့ ၂ လတော့ စာရင်းကောက်တာရှိတယ် ။ ဒါပေမဲ့ ဖျက်မယ်လို့ မပြောထားဘူး။ ဝင်တားတဲ့ လူတွေလည်း ဖမ်းခံရတယ်။ ကျွန်တော့်တောင် လိုက်ဖမ်းလို့ ပြေးလာရတယ်” ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောပါတယ်။