စံချိန်တင်သွားတဲ့ စက်သုံးဆီဈေးနှုန်းနဲ့ ထိန်းမရတော့တဲ့ လောင်စာဆီဈေးကွက် အခြေအနေ
ပြည်တွင်းစျေးကွက်မှာ ချက်ဆီ ကုန်ကြမ်း လမ်းကြောင်းတွေ အဝင်ခက်ခဲနေပါတယ်။ နိုင်ငံခြားဆီ ဝင်ရောက်မှုလည်းနည်းနေတာ တွေ့ရတယ်။
ပြည်တွင်း ငွေကြေးဖောင်းပွမှုနဲ့ ငွေတန်ဖိုးကျဆင်းလာမှုကလည်း အချက်တစ်ချက်ဖြစ်လာပါတယ်။ အမေရိကန် ဒေါ်လာစျေးကလည်း ပြန်ကျဖို့မရှိတော့ပါဘူး။ ပထဝီနိုင်ငံရေး အရ ကမ္ဘာ့နိုင်ငံရေးကို ကြည့်ရင်လည်း ရုရှားနဲ့ယူကရိန်း ပြဿနာက ရင်တမမ အခြေအနေမှာပဲ ရှိနေသေးတယ်။
ဒီကြားထဲ ပြည်တွင်းမှာက တိုတယ်နဲ့ ချက်ဗရွန် ကလည်းပြန်သွားပြီ။ ဝုဒ်ဆိုက် ကလည်း ပြန်ဦးမယ် ဆိုတဲ့သတင်းထပ်ကြားရတယ်။ ဒါကလည်း အတိုင်းအတာ တစ်ခု အကျိုးသက်ရောက်မှုရှိလာလိမ့်မယ်။
အိုမီခရွန် ကြောင့်လည်း Cargo တွေ Tanker တွေ အဝင်ပါးတာ၊ မထွက်နိုင်တာကလည်း အဓိက အချက်ထဲ ထည့်သုံးသပ်ရလိမ့်မယ်။ ပြည်တွင်း မြန်မာငွေတန်ဖိုးက ဒီတိုင်းဆက်သွားရင် ဖောင်းပွသထက်ဖောင်းပွလာနိုင်ချေတွေရှိတယ်။
ဆိုတော့ကာ ဆီစျေးက ကျဖို့လမ်းမမြင်ဘူး။ အတက်ပဲရှိပါမယ်။ ဆီစျေးကျဖို့ ဆုမတောင်းဘဲ ပြည်တွင်းစျေးကွက်မှာ ဆီမပြတ်အောင်ဘဲ ပြင်ဆင်ထားသင့်တယ်လို့ မြင်မိပါကြောင်း….
စစ်အာဏာသိမ်းပြီးတနှစ်ပြည့်လုနီး ယနေ့ ဇန်နဝါရီ ၃၀ ရက်တွင် ပြည်တွင်း စက်သုံးဆီစျေးနှုန်းမှာ ပြင်ပတွင် ၁ လီတာလျှင် ကျပ် ၂၀၀၀ ဝန်းကျင်အထိမြင့်တက်လာကြောင်း စက်သုံးဆီဆိုင်များထံမှ သိရပါတယ်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ၁ လီတာလျှင် ၁၈၀၀ ကျပ်ထိမြင့်တက်လျက်ရှိရာမှ ယနေ့တွင် ကျပ် ၂၀၀၀ ဝန်း ကျင်အထိ မြင့်တက်လာခြင်း ဖြစ်ကြောင်းသိရပါတယ်။
မြန်မာပြည်ဒေသအသီးသီးမှ အခြားသော ပြင်ပဆိုင်များတွင် နေရာဒေသအပေါ်မူတည်၍ ၁ လီတာလျှင် ၁၈၀၀ မှ ၂ဝဝဝ ကြား စျေးနှုန်းဖြင့် ရောင်းချနေကြောင်း သိရပါတယ်။
နိုင်ငံခြားငွေလဲနှုန်းမြင့်တက်နေခြင်း၊ ပြည်ပစက်သုံးဆီဝင်ရောက်မှုမရှိခြင်း၊ ပြည်တွင်းရေနံစိမ်းချက်လုပ်နိုင်မှုလျော့နည်းလာခြင်းများကြောင့် စက်သုံးဆီစျေးနှုန်းများဆက်တိုက်ဆိုသလိုမြင့်တက်လာခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MPE) ဝန်ထမ်းတဦးက သုံးသပ်ပြောဆိုပါတယ်။