တောင်သူလယ်သမားတွေကို တဧကလျှင် ငွေတသိန်းခွဲနှုန်း စကစက ထုတ်ချေးပေးမည်ဟုဆို (အိပ်မက်လား)
နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းရှိ စိုက်ဧက ၁၃၀ ဧကအတွက် ယခုနှစ် မိုးကြိုရာသီ စိုက်ပျိုးစိရိတ် ချေးငွေအဖြစ် ငွေကျပ် ၁၄ ဒသမ ၉၆ သန်းကို ဖေဖော်ဝါရီလ ၃ ရက်နေ့ထိ တောင်သူ ၂၆ ဦးအတွက် ထုတ်ချေးပေးထားပြီးဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ (နေပြည်တော်)မှ သိရပါတယ်။
နိုင်ငံအတွင်း စားနပ်ရိက္ခာဖူလုံစေရေး၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် တောင်သူ လယ်သမားများ၏ စိုက်ပျိုးစရိတ်ထုတ်လုပ်မှု အထောက်အကူဖြစ်စေရေးအတွက် ၂၀၂၂ ခုနှစ် မိုးကြိုရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို မိုးစပါး တစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀ နှုန်းဖြင့် အတိုးနှုန်း တစ်နှစ်လျှင် ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိကြောင်း၊
ထိုသို့ ထုတ်ချေးပေးခြင်းကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ စတင်၍ ထုတ်ချေးပေးခဲ့ရာ လက်ရှိချိန်ထိ စပါး ၃၉ ဧကနှင့် ချက်ကြံ ၉၁ ဧက အတွက် စုစုပေါင်းစိုက်ဧက ၁၃၀ ဧကအတွက် ချေးငွေကျပ် ၁၄ ဒသမ ၉၆ သန်း ထုတ်ချေး ထားပြီးဖြစ်ကြောင်း သိရပါတယ်။
မတ်လကုန်ထိ ထုတ်ချေးပေးမည် ဖြစ်ကြောင်း ချေးငွေဟောင်းဆပ်ပြီးတဲ့ တောင်သူတွေကို ဦးစားပေး ချေးပေးမှာ ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ(နေပြည်တော်)က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
မြန်မာတပြည်လုံးရှိ တောင်သူလယ်သမားများအနေနဲ့ စက်သုံးဆီ ဈေးနှုန်း၊ ဓာတ်မြေဩဇာဈေးနှုန်း၊ ပိုးသတ်ဆေးဈေးနှုန်းများ နှစ်ဆနီးပါး တက်နေသည့်အတွက် ယခုနှစ် စိုက်ပျိုးရာသီကာလတွင် မစိုက်မဖြစ်တဲ့ နေရာတချို့က လွဲ၍ ကျန်တဲ့နေရာတွေမှာ စိုက်ပျိုးဖို့ အတော်ကြီး စဉ်းစားနေရကြောင်း တောင်သူတဦးက ပြောပါတယ်။
ယခုထုတ်ပေးသည့် တဧက တသိန်းခွဲဆိုသည့် ငွေကြေးကလည်း ဆင်ပါးစပ် နှမ်းပက်သလို ဖြစ်ပြီး ဘယ်လိုမှ မလောက်နိုင်ဘူးလို့ သိရပါတယ်။ နေပြည်တော် အနီးတဝိုက်က အယောင်ပြ လယ်ကွက်တချို့ကိုသာ ပေးနိုင်သေးပြီး ကျန်ဒေသတွေကတော့ ချေးငွေနဲ့ ပတ်သက်လို့ မည်သည့်အသံမှ မကြားရသေးကြောင်း သိရှိရပါတယ်။