အကယ်၍ လွတ်လပ်ရေး ရပြီးတဲ့အထိ ဗိုလ်ချုပ်အောင်ဆန်းသာ သက်ရှိထင်ရှား ရှိနေခဲ့မယ်ဆိုရင်…
မြန်မာပြည်ရဲ့ အမျိုးသား ခေါင်းဆောင်ကြီး အဖြစ် အများက လေးစားကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ အသက် ငယ်ငယ်နဲ့ ကွယ်လွန်ခဲ့ရပေမယ့် သူဟာ ထိပ်တန်း ခေါင်းဆောင်ကောင်း တွေရဲ့ အရည်အချင်းတွေ ရှိတယ်လို့ အများပြည်သူကရော ပညာရှင်တွေကပါ သတ်မှတ် ခံရသူ ဖြစ်ပါတယ်။
အကယ်၍ ဗိုလ်ချုပ်သာ လုပ်ကြံမခံရဘဲ လွတ်လပ်ရေးကို မီခဲ့မယ် ဆိုရင် မြန်မာပြည်ရဲ့ ကံကြမ္မာ ဘယ်လို ရှိမလဲ ဆိုတာကလည်း လူအများ တွေးတတ်ကြတဲ့ ခေါင်းစဉ် တခုပါ။
ဒါနဲ့ ပတ်သက်ပြီး လန်ဒန် တက္ကသိုလ်က အာရှ သမိုင်းနဲ့ စစ်သမိုင်း ပါမောက္ခ မိုက်ကယ် ချာနီ ကဗိုလ်ချုပ် အောင်ဆန်းဟာ လွတ်လပ်ရေး မရခင် ကွယ်လွန်ပေမယ့် သူ့ရဲ့ မူတွေကို လက်တွေ့ ဖော်ရသူက ဦးနု ဖြစ်တယ်၊ ဦးနုဟာ ဗိုလ်ချုပ် မကြုံခဲ့ရတဲ့ ပြည်တွင်းစစ်လို စိန်ခေါ်မှုတွေကြားက လုပ်ရသူမို့ မှန်းသလောက် မအောင်မြင်ခဲ့ဘူးလို့ ပြောပါတယ်။
အကယ်၍ ဗိုလ်ချုပ်သာ ရှိသေးရင် သူ ထူထောင်ခဲ့တဲ့ စစ်တပ်က ပြန်အာဏာသိမ်းတာမျိုး မကြုံရနိုင်ဘူးလို့လည်း မိုက်ကယ် ချာနီ က ပြောပါတယ်။ မြန်မာ နိုင်ငံက စစ်တပ်ဟာ အောင်ဆန်းကို လွန်ဆန်ပြီး အာဏာသိမ်းတာ မဖြစ်နိုင်ဘူး။ သူဟာ နိုင်ငံတည်ထောင်သူတွေရဲ့ သဘာဝ အတိုင်း အင်မတန် ပါးနပ် လည်ပတ်သူ ဖြစ်ပါတယ်။ သူ့ကို နေဝင်းလို လူမျိုးက ဖယ်ရှားဖို့ ခက်ခဲပါတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဗိုလ်ချုပ်ရှိခဲ့ရင်လည်း ပြည်တွင်းစစ် မဖြစ်အောင် တားဖို့ ခက်တယ်လို့ မြန်မာ သမိုင်း အဖွဲ့ ဒုတိယ ဥက္ကဋ္ဌဟောင်း ဒေါက်တာ တိုးလှက ဆိုပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းက တိုင်းရင်းသားတွေကို ပင်လုံမှာ ကတိပေးခဲ့သလို ၁ဝ နှစ်ကြာမှာ ခွဲထွက်ခွင့် တောင်းလာခဲ့ရင် ၊ သူသာ ရှိသေးလို့ ဒီလို ခွဲထွက်ခွင့်တောင်းတာ ကြုံမယ် ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းက ဒုတိယ ပင်လုံ ညီလာခံ ခေါ်မယ့်သူပါလို့ မိုက်ကယ် ချာနီ က ပြောပါတယ်။
သူဟာ စည်းရုံးရေးကို စစ်အင်အားနဲ့ မဟုတ်ဘဲ နိုင်ငံရေးနည်းနဲ့ သွားသူ ဖြစ်တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ အရည်အချင်းတွေက ထင်ရှားတာတွေ ပြပါဆိုရင် ရိုးသားမှုကို ထိပ်ဆုံးက ပြောကြလေ့ ရှိပါတယ်။နောက် ထင်ရှားတဲ့ အရည်အချင်းကတော့ အယူဝါဒတွေနောက် မလိုက်ဘဲ နိုင်ငံအတွက် ချင့်ချိန် ဆောင်ရွက် တတ်တာလို့ ဒေါက်တာ မိုက်ကယ် ချာနီ က ပြောပါတယ်။
ဗိုလ်ချုပ်ဟာ ကွန်မြူနစ် ဝါဒကနေပြီး ဂျပန်နောက်၊ ပြီးတော့ မဟာမိတ်တွေနဲ့ ပေါင်းတာမျိုး နိုင်ငံ အတွက် အကျိုးရှိမယ် ဆိုရင် ပြောင်းလဲ လုပ်ကိုင်တတ်သူ ဖြစ်ပါတယ်။ သူနဲ့ အဆင်တူဆုံး ခေါင်းဆောင် တယောက်ကို ပြပါဆိုရင် ဗီယက်နမ် ခေါင်းဆောင်ကြီး ဟိုချီမင်း ဖြစ်တယ်လို့လည်း ဒေါက်တာ မိုက်ကယ် ချာနီ က ပြောပါတယ်။
အယူဝါဒတွေကို မကြည့်ဘဲ အမျိုးသားရေးကို အဓိက ဆောင်ရွက်တာမှာ သူတို့ တူကြတယ်။ ဟိုချီမင်းကို လက်ဝဲထက် အမျိုးသားရေး ဝါဒီ ဆန်တယ် ဆိုရင် ဗိုလ်ချုပ်က ပိုပြီး အမျိုးသားရေး ဝါဒီ ဆန်တယ်လို့ သူက ပြောပါတယ်။ လွတ်လပ် အပြီး စိန်ခေါ်မှုတွေ ရင်ဆိုင်ခဲ့ရာမှာတော့ ဗိုလ်ချုပ်ဟာ အင်ဒိုနီးရှား လွတ်လပ်ရေး ခေါင်းဆောင်ကြီး ဆူကာနိုနဲ့ တူတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံ မှာ ဆိုရှယ်လစ် မူတွေ ချမှတ်ခဲ့ရာမှာ ဗိုလ်ချုပ်မူတွေကို အခြေခံတယ်လို့ ပြောပါတယ်။ ဒါကို သဘောမတူသူက ဒေါက်တာ တိုးလှပါ။ မဆလ ခေတ်ကျမှ ဒီစကားမျိုးတွေ ကျယ်ကျယ်ပြန့်ပြန့် ကြားလာရပြီး ဗိုလ်ချုပ် ပြောခဲ့တဲ့ ဆိုရန်တိုဗီလာလို မိန့်ခွန်းတွေ ထဲက တလုံးတလေကို လိုရာဆွဲ သုံးပုံရတယ်လို့ သူက ဆိုပါတယ်။
ဗိုလ်ချုပ် အနေနဲ့ တိုင်းပြည်ကို အမြန် တိုးတက်ချင်လို့ ဆိုရှယ်လစ် အကြောင်း လတ်တလော ပြောမိတာသာ ဖြစ်နိုင်တယ် လို့လည်း သူက ဆိုပါတယ်။ ဗိုလ်ချုပ် မရှိတဲ့နောက် မြန်မာ နိုင်ငံဟာ ဗြိတိသျှ ဓနသဟာယ ထဲက ထွက်တာမျိုးတွေ ဖြစ်ခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဖွံ့ဖြိုးမှု နောက်ကျတာတွေ ရှိခဲ့ပါတယ်။ အဲဒီနောက် စစ်တပ် အုပ်ချုပ်မှုနဲ့ အကြာကြီး ကြုံခဲ့ပါတယ်။ ဒါတွေက ရုန်းထွက်နိုင်ဖို့ကတော့ တိုင်းပြည် အတွက် ဗိုလ်ချုပ်လို စိတ်စေတနာ ကောင်းကောင်းနဲ့ လုပ်မယ့်သူတွေ လိုပါတယ်။
မြန်မာတွေကလည်း နိုင်ငံကို မြန်မာတွေနဲ့ပဲ ဆိုင်တယ်လို့ မသတ်မှတ်ဘဲ ဒီမှာ နေကြသူတွေ အားလုံးအတွက် မခွဲမခြား ဆောင်ရွက်ကြမှ တိုးတက် နိုင်မယ်လို့လည်း ဒေါက်တာ တိုးလှ က ပြောပါတယ်။