ရွှေထက် ရှားတော့မယ့် မြန်မာ့ ကြက်သွန်နီ (တပိဿာ တသောင်းအထိ ဖြစ်လာနိုင်ဟုဆို)

ကြက်သွန်နီဥကြီးတစ်လုံး ၁၀၀ ကျပ်ကျော် တန်ကြေးရှိလာပြီး တစ်ပိဿာ ၃ ထောင်ကျော်လာကြောင်း ပန်းဘဲတန်းမြို့နယ်ရှိ ကုန်စည်ရောင်းချသူတစ်ဦးက ပြောပါတယ်။ အဆိုပါ ပေါက်ဈေးသည် စားသုံးသူဈေးကွက်အတွင်း ပြီးခဲ့သည့် ဩဂုတ်လ ၂၀ ရက်နေ့မှ စတင်ကာ မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး ကြက်သွန်နီ အစိတ်သားလျှင် ၈၀၀ ကျပ်နှင့် ကြက်သွန်ဖြူ အစိတ်သားကို ၁၅၀၀ ကျပ်ပေါက်ဈေးရှိကြောင်း သိရပါတယ်။

“ကြက်သွန်ဈေးက ရွှေဈေးလိုပဲ။ ဆိုင်မှာဆို အောက်ပြုတ်ကျမှာကိုတောင်သတိထားနေရတယ်။ တစ်လုံးကို ၁၂၀၊ ၁၅၀လောက်တန်နေပြီ။ အာလူးလည်း တစ်ပိဿာသုံးထောင်အထိတက်လာနေပြီ” ကုန်စည်ရောင်းချသူတဦးက ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်း ကြက်သွန်နီဈေးကွက်သည် ဆက်လက်မြင့်မားနိုင်ချေရှိပြီး လက်ရှိမှာ ကြက်သွန်ဒိုင်များတွင် ဝယ်လိုအား များနေတာကြောင့် ဈေးနှုန်း မြင့်တက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိတွင် ဘုရင့်နောင်ကုန်စည်ဝင်းအတွင်းသို့ ကြက်သွန်နီကား ၂၀ စီးကျော်သာ ဝင်ရောက်ပြီး ကြက်သွန်နီဒိုင်ဈေးအတွင်း ဥကြီး တစ်ပိဿာလျှင် ၃၁၅၀ ကျပ်မှ ၃၃၀၀ ကျပ်အထိ ပေါက်နေပြီး အချိန်နဲ့ အမျှ ဈေးတက်နေတယ်လို့ သိရပါတယ်။

မြန်မာ့ကြက်သွန်နီ ဈေးကွက်ဟာ ယခင်နှစ်များကတည်းက တည်ငြိမ်မှု မရှိဘဲ ဈေးတက်လျှင် အလွန်အကျွံ တက်လေ့ ရှိပြီး ဈေးနှုန်းကျဆင်းလျှင်လည်း တပိဿာလျှင် တရာကျပ်တောင် မရတဲ့ အခြေအနေမျိုး ဖြစ်ပေါ်ခဲ့ပါတယ်။ ယခင်တုန်းကတော့ ပြည်တွင်းက ထုတ်လုပ်မှု လျော့ကျပါက တရုတ်နိုင်ငံကနေ ကြက်သွန်တွေ တင်သွင်းပြီး အစားထိုးခဲ့ရတဲ့ သာဓကတွေ ရှိခဲ့ပါတယ်။

မြန်မာပြည်ရဲ့ အခြေခံ မီးဖိုချောင် စားကုန်ထဲမှာ မပါမဖြစ်တဲ့ ကြက်သွန်နီ ဈေးနှုန်းဟာ ဆက်လက် တက်နိုင်ခြေ ရှိနေပြီး လက်ရှိ ငွေကြေးတန်ဖိုးလျော့ကျနှုန်းနဲ့ဆိုပါက ကြက်သွန်နီ တပိဿာလျှင် တသောင်း ဖြစ်လာနိုင်တယ်လို့ ဈေးကွက် ပညာရှင်များက ခန့်မှန်းထားပါတယ်။ ပြည်သူတွေအနေနဲ့ကတော့ စီးပွားရေး ပြိုလဲမှုနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို အပြင်းအထန် ခံစားနေရပြီ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page