ကျမ်းကျိန်ခြင်းကို လှည့်ဖျားခဲ့တဲ့သူတွေရဲ့ နိဂုံး (တရားလွှတ်တော်ရှေ့နေ တဦး၏ ကိုယ်တွေ့ဖြစ်ရပ်များ)
ကျမ်းကျိန်ခြင်း၊ ကျမ်းမကျိန်ခြင်း နဲ ပတ်သတ်ပြီး ဥပဒေပညာရှင် အသိုင်းအဝိုင်းမှာ ငြင်းကြ ၊ ခုန်ကြ၊ အမြင်တူသူ မတူသူတွေ များစွာရှိနေပါတယ်။
တရားလို/(တရားခံ/တရားပြိုင်) နှင့် သက်သေဆိုလျှင် မှန်ကန်စွာ ထွက်ဆိုပါမည် (သို့မဟုတ်) တရားရုံးအရာရှိ / တရားသူကြီးဆိုလျှင် မှန်ကန်စွာ စီရင်ပါမည်/ စစ်ဆေးပါမည် လို့ ရွတ်ဆိုရမလား။
တစ်ချို့က ပြောကြတယ် ရှေ့နေတွေလည်း ကျမ်းမကျိန်ဘူးလားဆိုတဲ့ အသံတွေလည်း ရှိနေပါတယ်။ ရှေ့နေဆိုတာ ဥပဒေအရာရှိ လိုမဟုတ်ပါဘူး တရားခံ ဘက်ကလည်း လိုက်ပါသလို တရားလိုဘက်ကလည်း လိုက်ပါဆောင်ရွက်ကြသူများ ဖြစ်ပါတယ်။
ဒါဆိုရင် တရားလိုဘက်က လိုက်ပါဆောင်ရွက်တဲ့ အခါ မှန်ကန်စွာ ဆောင်ရွက်မယ်ဆိုရင် ကျမ်းကျိန်ယုံတင်မကပါဘူး ကျမ်းထုပ်ကြီး ခေါင်းပေါ်ရွက်ပြီး အမှုစစ်ဆေးရမယ်ဆိုရင်လည်း ကျနော်တို့ လုပ်ရဲပါတယ်။ အမှန်တရားပေါ်ပေါက်ရေးအတွက် ရှေ့နေတွေမှာ တာဝန်ရှိပါတယ်။
တစ်ချို့က ပြောကြတယ် ကျမ်းမစူးပါဘူးကွာ။ အပိုတွေ။ ဘာမှမဖြစ်ဘူးဟေ့လူ ဒီလိုပဲ တရားရုံးမှာ ငွေယူပြီး သက်သေ လိုက်ထွက်နေတဲ့ သူတွေ အများကြီး တဲ့။ မှန်ပါတယ်။ တစ်ချို့ဆိုရင် ဟုတ်ပါတယ်။ မဟုတ်ပါဘူး။ မြင်ပါတယ်။ မမြင်ပါဘူး ဆိုတဲ့ သက်သေရဲ့ ဖြေကြားမှုလေး တစ်ခုကြောင့် စွပ်စွဲခံရသူတွေ ထောင်ထဲမှာ အဓိပ္ပါယ်မဲ့ ဖြတ်သန်းသွားရတာတွေ ရှိနေဆဲ ဖြစ်ပါတယ်။ မိမိကြောင့် တစ်ပါးသူ ဒုက္ခရောက်မှာ မကြောက်သူတွေ ရှိနေဆဲဖြစ်ပါတယ်။
ဒါဟာ ဘာကြောင့်လဲ အများအားဖြင့် ငွေကြောင့်ဖြစ်ပါတယ်။ ငွေဆိုတာ ယူတတ်လျှင်ဆေးပါ ။ မယူတတ်လျှင် ဘေးဖြစ်ပါတယ်။ ငွေမယူပဲ မမှန်ဘက်လိုက်လို့ တစ်ပါးသူ နစ်နာပြီဆိုရင် ဝဋ်ကြွေးဆိုတာ သံသရာ တစ်ပတ်လည် စမြဲ ဖြစ်ပါတယ်။
တကယ်တော့ ကျမ်းကျိန်ရမှာ ကျနော် မကြောက်ပါဘူး။ ဘာလို့လဲ ဆိုတော့ အမှုလိုက်ပါဆောင်ရွက်တဲ့အခါမှာ ကိုယ်လက်ခံဆောင်ရွက်ပေးတဲ့ အမှုမှာ မိမိပညာကြောင့် တစ်ပါးသူကို မတရားဖြစ်အောင် လုပ်ခဲ့တာ မရှိလို့ ဖြစ်ပါတယ်။ အမှုလက်ခံတဲ့ အခါမှာလည်း အမှန်တရားနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ အမှုတွေပဲ လက်ခံဆောင်ရွက်လေ့ရှိပါတယ်။
ဒါပေမယ့် မဖြစ်မနေ ပြစ်ဒဏ်ကျခံရမယ့် တရားခံဘက်က လိုက်ပါဆောင်ရွက်ရမယ့် ကိစ္စမျိုးမှာလဲ အမှုစစ်ဆေးပေါ်ပေါက်ချက်ကို လမ်းကြောင်း သွေဖယ်သွားစေပြီး ဆန့်ကျင်ဘက်အမှုသည်ကို ထိခိုက်နစ်နာအောင်လည်း မလုပ်ခဲ့ပါဘူး။ ကိုယ်အမှုသည်မှာ အပြစ်ရှိရင် ထောင်ကျပါစေ ။ ထောင်ကျဖို့ပဲ မျှော်လင့်ပါတယ်။ တရားခွင်ဆိုတာ တရားမျှတမှု ရှာဖွေတဲ့နေရာပဲ ဖြစ်ပါစေ။ ကိုယ့်အတွက် ငွေရှာတဲ့နေရာဆိုရင်တောင် တရားမျှတမှုကြောင့် စားရတဲ့ ထမင်းလုပ်ပဲ ဖြစ်ချင်တယ်။
ကျနော် အတွေ့အကြုံဖြတ်သန်းလာမှုအရ ကျမ်းကျိန်တာနဲ့ ပတ်သတ်ပြီး သိသလောက် မျှဝေရရင် တစ်ချို့ မမှန်မကန်သက်သေခံတဲ့ သက်သေတွေ ။ မမှန်မကန် ဆောင်ရွက်ပေးတဲ့ ရှေ့နေတွေ ကျမ်းစူးကြတယ်လို့ ပြောရင် လွန်မလား။ ဘာကြောင့်လဲဆိုတော့ အဲဒီလူတွေ အကြောင်းအမျိုးမျိုးနဲ့ ဒုက္ခတွေရောက်ကြတယ်။ သူတို့ မိသားစုတွေ အကြောင်းမဲ့ အပူပင်တွေရောက်လာကြတယ်။
တစ်ချို့ ၉၆ပါးရောဂါတွေ အရွယ်မတိုင်ခင်ဖြစ်ပြီး ဒုက္ခတွေ ဖြစ်ကြတယ်။ အနီးစပ်ဆုံးအမှုတစ်မှု ပြောရရင် သက်သေတစ်ယောက်က မမှန်မကန် လုပ်ကြံထွက်ဆိုပါတယ်။ ဒါကို သိရှိပြီးတဲ့ နောက်မှာ အမှန်တရားကို ရရှိဖို့ ပြန်ခေါ် စစ်မေးဖို့ ဆောင်ရွက်တဲ့ အခါမှာ ဝမ်းလျောပြီး လေဖြတ်သွားလို့ စကားမပြောနိုင်တော့ပဲ အိပ်ယာထဲမှာ လဲနေတယ်ဆိုပြီး ဆေးစာနဲ့တကွ တင်ပြလာပါတယ်။ အမှုသည်က မယုံကြည်လို့ အိမ်အထိ သွားရောက်လေ့လာတဲ့အခါမှာ အမှန်တကယ်ဖြစ်နေတာ တွေ့ရပြီး အိပ်ယာထဲက လက်အုပ်ချီပြီး တောင်းပန်ခဲ့တာ ရှိခဲ့ပါတယ်။
ကျမ်းစူးတာ မစူးတာဆိုတာထက် သူတစ်ပါးကို မတရားတာလုပ်ရင် မတရားပြန်ခံရမယ် လောကပါလ နတ်မင်းကြီးက အမြဲကြည့်နေတယ် သား ဒါကြောင့် ကိုယ့်ကြောင့် ဘယ်သူကိုမှ မထိခိုက်စေနဲ့ လို့ အမြဲဆုံးမတဲ့ အဖေ နဲ့ အမေ့ ကို အမြဲကျေးဇူးဂါရ၀ ဦးထိပ်ပန်ဆင်မိပါတယ်။ သား ညအိပ်ယာဝင်တိုင်းအမြဲစဉ်းစားပါ ကိုယ့်ကြောင့် ဘယ်သူတွေ ထိခိုက်သွားပြီလဲ ။ သံသရာအတွက် ဒီအကြွေးတွေ ယူမလာမိစေနဲ့ သားတဲ့……….
မေတ္တာဖြင့် ဦးမိုးဟိန်း၊ တရားလွှတ်တော်ရှေ့နေ၊ ရန်ကုန်မြို့။