နှစ်ဆနီးပါး တက်သွားတဲ့ ရထားလက်မှတ်၊ ပြည်သူတွေရဲ့ အပူနဲ့ အကုန်တက် နိုင်ငံတော်

မြန်မာ့မီးရထားလက်မှတ်စျေးနှုန်းများကို ဇူလိုင် ၁ ရက် မှစတင်ကာ ၆၇ ရာခိုင်နှုန်းအထိ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း မြန်မာ့မီးရထားလက်မှတ်အရောင်းဌာနမှ သိရပါတယ်။ ယခု ဇူလိုင်လကစတင်ပြီး ပြည်တွင်းအမြန်ရထားလက်မှတ်ခစျေးနှုန်းတွေကို ကျပ် ၃၀၀၀ ၀န်းကျင်ကနေ ကျပ် ၈၀၀၀ ကျော်အထိ အရင်နှုန်းထားတွေထက် တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ မြန်မာ့မီးရထားကနေ သိရပါတယ်။

ရထားလက်မှတ်ခနှုန်းထားတွေကို လမ်းပိုင်းအလိုက် ရထားခရီးစဉ်အမျိုးအစားအလိုက် ပြောင်းလဲထားခြင်းဖြစ်ပြီး ခေတ်ကာလနဲ့လျော်ညီအောင် တိုးမြှင့် ပြောင်းလဲထားတယ်လို့ မြန်မာ့မီးရထားကနေသိရပါတယ်။

ရန်ကုန်-မန္တလေးအမြန်ရထားလက်မှတ်ခတွေအနေနဲ့ အရင်က ရိုးရိုးတန်း ၄၆၅၀ ကျပ်သာရှိပေမယ့် လက်ရှိ ၇၇၅၀ ကျပ်၊ အရင်ကအထက်တန်း ၉၃၀၀ ကျပ်သာရှိပေမယ့် လက်ရှိ ၁၅၄၅၀ ကျပ်၊ အိပ်စင်လက်မှတ်ခတွေကိုလည်း အရင်က ၁၃၀၀၀ ကျပ်ရှိရာကနေ လက်ရှိ ၂၁၂၅၀ ကျပ်တိုးမြှင့် ကောက်ခံသွားမယ်လို့ သိရပါတယ်။

ရန်ကုန်-မော်လမြိုင်လမ်းပိုင်းမှာလည်း အထက်တန်းလက်မှတ်ခတွေကို အရင်က ကျပ် ၄၂၅၀ ကနေ ၇၀၅၀ကျပ် နဲ့ ရိုးရိုးတန်းလက်မှတ်ခတွေကို အရင်က ၂၁၅၀ ကျပ်ကနေ ၃၅၅၀ ကျပ်အဖြစ် တိုးမြှင့်ထားပြီး ရန်ကုန်-ပြည်လမ်းပိုင်းမှာလည်း အမြန်ရထား အထက်တန်းလက်မှတ်ခတွေကို ၃၉၀၀ ကျပ်ကနေ ၆၄၅၀ ကျပ် ရိုးရိုးတန်းလက်မှတ်ခကို ၁၉၅၀ ကျပ်ကနေ ၃၂၅၀ ကျပ်ကို ပြောင်းလဲတိုးမြှင့်သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့တွင်း မြို့ပတ်ရထားပြေးဆွဲမှုတွေကိုလည်း ကိုဗစ်ဖြစ်ပွားစဉ်ကာလက လျှော့ချရပ်နားထားခဲ့ရာကနေ ဇွန် ၂၀ ရက်ကစတင်ပြီး လက်ဝဲရစ် ၁စင်းနဲ့ လက်ယာရစ် ၁စင်းတို့ကို ပုံမှန်ပြန်လည်ပြေးဆွဲနေပေမယ့် အမြန်ရထားတချို့ကတော့ ၀န်ထမ်းအင်အားလုံလောက်မှုမရှိတဲ့အတွက် လက်ရှိအချိန်အထိပြေးဆွဲနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

အဆိုပါ တိုးမြှင့်လိုက်တဲ့ ဈေးနှုန်းတွေကြောင့် ရန်ကုန်-မန္တလေးကို ရိုးရိုးတန်းက ရထားစီးမယ်ဆိုပါက အိတ်ထဲမှာ အနည်းဆုံး နှစ်သောင်းနီးပါး ရှိမှသာ အဆင်ပြေနိုင်မယ်လို့ ရထားစီးခရီးသည်တဦးက မှတ်ချက်ချပါတယ်။ စက်သုံးဆီ ဈေးနှုန်း မြင့်တက်မှုကြောင့် အဝေးပြေးကားလိုင်း တချို့ ရပ်နားပြီး ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေကလည်း လက်မှတ်ခ ဈေးနှုန်းများကို တိုးမြှင့်လိုက်သောကြောင့် ခရီးသွားမယ့်သူများ အခက်အခဲ ဖြစ်နေပါတယ်။

ထိုကဲ့သို့ အချိန်မျိုးမှာ ရထားလက်မှတ်ဈေးနှုန်းတွေပါ တက်လိုက်တာကြောင့် ခရီးသွားပြည်သူများအနေနဲ့ ပိုမိုကျပ်တည်းသွားပြီး ကုန်ဈေးနှုန်းများ ထပ်မံ မြင့်တက်လာတော့မှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page