မြန်မာနိုင်ငံရဲ့ မြေဧရိယာ အကျယ်အဝန်းကို တခြားနိုင်ငံများနဲ့ နှိုင်းယှဉ်ခြင်း (အံ့ဩလောက်စရာပါပဲ)
မြေအကျယ်အဝန်းပိုင်ဆိုင်မှု အများဆုံးကနေ အနည်းဆုံး နိုင်ငံတွေကို အထက်မှ အောက်ကို တန်းစီလိုက်မယ်ဆိုရင် (ဝ.၆၇၆ မီလီယံ ကီလိုမီတာစကွဲ) ကျယ်ဝန်းတဲ့ မြန်မာနိုင်ငံက ကမ္ဘာပေါ်မှာ မြေအကျယ်ဆုံး အဆင့် (၄၀)မှာ ရှိပါတယ်။
(၁၇ မီလီယံ ကီလိုမီတာစကွဲ) ရှိတဲ့ ရုရှားက ကမ္ဘာမှာ မြေအကျယ်ဆုံးနိုင်ငံဖြစ်တယ်။ သူ့နောက်မှာတော့ ကနေဒါက (၉.၉ မီလီယံ ကီလိုမီတာစကွဲ)၊ တရုတ် က (၉.၇ မီလီယံ ကီလိုမီတာစကွဲ) နှင့် အမေရိကန်ပြည်ထောင်စုက (၉.၃ မီလီယံ ကီလိုမီတာစကွဲ) နဲ့ အစဉ်အတိုင်း မတိမ်းမယိမ်း ကျယ်ဝန်းတယ်။
ဒီကိန်းဂဏန်းတွေကို လေ့လာရတာ စိတ်ဝင်စားဖို့ ကောင်းပြီး မထင်မှတ်တဲ့ အတွေးတွေကို ဖြစ်စေပါတယ်။ အရှေ့တောင်အာရှ (၁၁) နိုင်ငံမှာ အကျယ်ဆုံးက အင်ဒိုးနီးရှား ဖြစ်တယ်။ (၁.၉ မီလီယံ ကီလိုမီတာစကွဲ) ကျယ်ဝန်းတယ်။ မြန်မာနိုင်ငံကတော့အရှေ့တောင်အာရှမှာ ဒုတိယ အကျယ်ဝန်းဆုံး နိုင်ငံဖြစ်တယ်။
မြန်မာဟာ ယူကရိန်း၊ ဆွီဒင်၊ ကင်ညာ၊ ပြင်သစ်၊ ထိုင်း နိုင်ငံတွေထက် ပိုမိုကျယ်ဝန်းတယ်။ ပြီးတော့ မြန်မာနိုင်ငံက ဂျပန်၊ ဂျာမဏီ၊ ဖင်လန်၊ ဗီယက်နမ် ၊ နော်ဝေ၊ ပိုလန်၊ အီတလီ တို့ထက် (၂)ဆ ခန့် ပိုကျယ်တယ်။ ယူကေ၊ ယုဂန်ဒါ၊ ဂါနာ နိုင်ငံတွေက မြန်မာနိုင်ငံရဲ့ငါးပုံ နှစ်ပုံခန့်သာ ကျယ်ဝန်းပါတယ်။
မြန်မာနိုင်ငံရဲ့ အကျယ်ဆုံး ရှမ်းပြည်နယ်ဟာ(ဝ.၁၅၅ မီလီယံ ကီလိုမီတာစကွဲ) ကျယ်ဝန်းပါတယ်။ရှမ်းပြည်နယ်ဟာ ဘဂ်လားဒေ့ရှ်၊ နီပေါ၊ မြောက်ကိုရီးယား ၊ ဂရိ၊ တောင်ကိုရီးယား၊ အဂ်လန် နိုင်ငံတွေထက် ပိုမိုကျယ်ဝန်းတယ်။
မြန်မာနိုင်ငံရဲ့ ဒုတိယအကျယ်ဆုံးဖြစ်တဲ့ စစ်ကိုင်းတိုင်း ဟာ (ဝ.၀၉၃ မီလီယံ ကီလိုမီတာစကွဲ)ရှိပြီး ဟန်ဂေရီ နှင့် ပေါ်တူဂီနိုင်ငံတွေထက် အနည်း ငယ် ပိုမိုကျယ်ဝန်းပါတယ်။
မြန်မာနိုင်ငံရဲ့ တတိယအကျယ်ဆုံး ကချင်ပြည်နယ်ကတော့ (ဝ.ဝ၈၉ မီလီယံ ကီလိုမီတာစကွဲ ကျယ်ဝန်းပြီး ဂျော်ဒန် နိုင်ငံနှင့် အတူတူနီးပါး ရှိပါတယ်။ ကချင်ပြည်နယ်ဟာ ပနားမား၊ အိုင်ယာလန်၊ ဂျော်ဂျီယာ၊ သီရိလင်္ကာ၊ လစ်သူရေးနီးယား၊ တိုဂို၊ ခရိုအေးရှား၊ ဆလိုဗေးကီးယား နိုင်ငံတွေထက် ပိုမိုကျယ်ဝန်းပါတယ်။
မြန်မာနိုင်ငံရဲ့ စတုတ္ထနှင့် ပဉ္စမ အကျယ်ဆုံး ဖြစ်တဲ့ မကွေးတိုင်းနှင့် တနင်္သာရီတိုင်းကတော့ (ဝ.ဝ၄၄ မီလီယံ ကီလိုမီတာစကွဲ) ကျယ်ဝန်းပြီး ဒိန်းမတ်၊ နယ်သာလန်၊ ဆွစ်ဇာလန် နိုင်ငံတွေထက် အနည်းငယ် ပိုကျယ် ပါတယ်။
မြန်မာနိုင်ငံရဲ့ ဆဌမ အကျယ်ဆုံး ပဲခူးတိုင်းကတော့ (ဝ.ဝ၃၉၄ မီလီယံ ကီလိုမီတာစကွဲ) ကျယ်ဝန်းပြီး ဘူတန် ၊ တိုင်ဝမ် နိုင်ငံတို့နှင့် အတူတူနီးပါး ရှိပါတယ်။
မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ဧရာဝတိုင်း၊ ကရင်ပြည်နယ်တို့က ဘယ်ဂျီယံ၊ အာမေးနီးယား၊ အစ္စရေး၊ ဆလိုဘေးနီးယား၊ ကူဝိတ်၊ မွန်တီနီဂရိုး နိုင်ငံများထက် ပိုမိုကျယ်ဝန်းပါတယ်။
မွန်ပြည်နယ်၊ ကယားပြည်နယ်၊ ရန်ကုန်တိုင်းတို့က ကာတာ၊ ဂျမေကာ၊ လီဘနွန်၊ ဂမ်ဘီယာနိုင်ငံတွေနဲ့ မတိမ်းမယိမ်း ရှိပါတယ်။ မွန်ပြည်နယ်ထဲက ရေးမြို့နယ် ဟာ (၂၇၂၀ ကီလိုမီတာစကွဲ) ကျယ်ဝန်းတာမို့ ဟောင်ကောင်(Hong Kong) ထက် (၂)ဆ ကျော် ပိုမိုကျယ်ဝန်းပါတယ်။ စင်ကာပူနိုင်ငံ ဟာ (၇၁၀ ကီလိုမီတာစကွဲ) ကျယ်ဝန်းပြီး၊ မွန်ပြည်နယ်ထဲက ချောင်းဆုံးမြို့နယ်(ဘီလူးကျွန်း) က(၆၅၈ ကီလိုမီတာစကွဲ) ကျယ်ဝန်းတာမို့ အကျယ်အဝန်းချင်း သိပ်မကွာပါ။
မြန်မာနိုင်ငံဟာ အဂ်လန်နိုင်ငံထက် (၅)ဆ ပိုကျယ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဟာ အင်္ဂလန်(England),စကော့တလန် (Scotland), ဝေး(Wales) နှင့် မြောက်အိုင်ယာလန် (Northern Ireland)တို့ ပါဝင်ဖွဲ့စည်းထားတဲ့ ယူကေ (UK, UnitedKingdom) ထက်ကို (၂.၇)ဆပို ကျယ်ဝန်း ပါတယ်။