ကြွပ်ကြွပ်အိတ်တွေထက် ပိုပြီး ကမ္ဘာကြီးနဲ့ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေတဲ့ Diaper (သေးခံ)

“တစ်ခါသုံး Diapers (သေးခံ) များနှင့် သဘာဝပတ်ဝန်းကျင်အန္တရာယ်”

တစ်ခါသုံး သေးခံများ (ကလေးသေးခံရော၊ လူကြီးသေးခံပါ) ယခုခေတ်မှာ အသုံးများလာကြပါတယ်။ ၁၉၅၀ ခုနှစ်ခန့်က စတင်ပေါ်ပေါက်လာခဲ့ပြီး ထိုခေတ်က ၁% သော မိဘတွေသာ အသုံးပြုခဲ့ကြပေမယ့် ယခုအခါမှာတော့ ၉၀% သော မိဘတွေက တစ်ခါသုံး သေးခံတွေကို အသုံးပြုနေကြပါပြီ။

ဒါဆို ဒီတစ်ခါသုံးသေးခံတွေက ကြွပ်ကြွပ်အိတ်တွေထက်ပိုပြီး ကမ္ဘာကြီးနဲ့ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေနိုင်တယ်ဆိုတာ သင်သိပြီးပြီလား။

တစ်ခါသုံး သေးခံတွေထုတ်လုပ်တဲ့အခါမှာ သေးကို စုပ်ယူစေဖို့အတွက် ရေနံကနေထုတ်ထားတဲ့ ဂျယ်တစ်မျိုးကို အသုံးပြုကြရပါတယ်။ အဲဒီ ဂျယ်တွေကို ထုတ်လုပ်ဖို့အတွက် အမေရိကန်နိုင်ငံမှာပဲ တစ်နှစ်ကို ရေနံစိမ်း စည် သန်းပေါင်း ၂၀ ခန့်ကုန်ကျပါတယ်။

နောက်ပြီး တစ်ခါသုံးသေးခံတွေထုတ်တဲ့အခါမှာ စက္ကူတွေလိုအပ်ပါတယ်။ ပြီးတော့ သုံးတဲ့ စက္ကူတွေဟာလဲ လေဝင်လေထွက်ကောင်းပြီး အေးမြတဲ့ စက္ကူဖြစ်ဖို့လိုအပ်ပါတယ်။ ဒါကြောင့်မို့ သစ်ပင်ကနေ ထုတ်လုပ်ထားတဲ့ စက္ကူကို အသုံးပြုဖို့လိုအပ်ပါတယ်။ ဒီစက္ကူတွေက ဝါးပင်ကနေ ထုတ်လုပ်တာမဟုတ်ပါဘူး။ စက္ကူထုတ်တဲ့ သစ်နီပင်တွေ ထင်းရှူးပင်တွေကနေထုတ်လုပ်တာပါ။ အမေရိကန်နိုင်ငံမှာ တစ်နှစ်ကို သစ်ပင်ပေါင်း ၂ သိန်းလောက်ဟာ တစ်ခါသုံးသေးခံထုတ်ဖို့အတွက် အသုံးပြုနေရပါတယ်။

နောက်ပြီး ကလေးသေးခံတွေကို ဖြူစင်စေဖို့အတွက် အစွန်းချွတ်ရပါတယ်။ အစွန်းချွတ်တဲ့လုပ်ငန်းမှာ များစွာသော ဓါတုပစ္စည်းတွေပါဝင်ပြီး အစွန်းချွတ်တဲ့ လုပ်ငန်းစဉ်ဟာ သဘာဝပတ်ဝန်းကျင်ကို အလွန်ထိခိုက်စေပါတယ်။ နောက်ပြီး အစွန်းချွတ်လိုက်တာကြောင့် ကလေးသေးခံတွေမှာ ဒိုင်အောက်ဆင် ဓါတ်တွေ ပါဝင်နေပြီး ထိုဓါတ်ဟာ ကင်ဆာဖြစ်စေမှုအများဆုံးဖြစ်တဲ့ ဓါတ်တစ်မျိုးဖြစ်ပါတယ်။

နောက်ပြီး အသုံးပြုပြီးသား သေးခံတွေဟာ ပြန်လည်သုံးစွဲလို့မရတဲ့အတွက် အားလုံးကို မြေမြှုပ်ပြီး အမှိုက်သိမ်းရပါတယ်။ တစ်နှစ်ကို ကမ္ဘာတစ်ဝှမ်း ကလေးသေးခံပေါင်း 27,400,000,000 ကို မြေမြှုပ်ပစ်နေရပါတယ်။ ပြီးတော့ ဒီကလေးသေးခံတွေဟာ ပျက်စီးဖို့အတွက် နှစ်ပေါင်း ၅၀၀ ခန့်ကြာမြင့်ပါတယ်။ နောက်ပြီး ကလေးသေးခံတွေမှာပါတဲ့ ဓါတုပစ္စည်းတွေကြောင့် ထိုမြေကြီးကို အဆိပ်အတောက်ဖြစ်စေပါတယ်။ ဒါကြောင့် ကမ္ဘာမှာ မြေမြှုပ်ဖျက်စီးတဲ့ အမှိုက်တွေရဲ့ သုံးပုံတစ်ပုံဟာ တစ်ခါသုံး ကလေးသေးခံတွေဖြစ်ပါတယ်။

သင့်မှာကလေးတစ်ဦးရှိတယ်ဆိုပါစို့။ သင့်ကလေးက တစ်နေ့သေးခံ ၅ ခုအသုံးပြုတယ်ဆိုရင် တစ်နှစ်ကို သေးခံ ၁၉၀၀ လောက်အသုံးပြုနေပါပြီ။ ဒါဆို ကလေး သုံးနှစ်အထိ အသုံးပြုတဲ့ သေးခံတွေဟာ အခု ၆၀၀၀-၇၀၀၀ ခန့်ဖြစ်သွားပါပြီ၊ ပြီးရင် ဒါတွေအားလုံးကို စွန့်ပစ်ရမှာဖြစ်ပြီး ဒီပစ္စည်းတွေက နောက်နှစ်ပေါင်း ၅၀၀ လောက်အထိ ရှိနေမှာပါ။ ရှိနေရုံ တင်မကသေးဘဲ နှစ်ပေါင်း ၅၀၀ လောက် သက်ရှိတွေ၊ အပင်တွေ၊ မြေကြီးနဲ့ ရေတွေကိုပါ ညစ်ညမ်းနေစေဦးမှာပါ။

မေးခွန်းတစ်ခု ကိုယ့်ကိုကိုယ်ပြန်မေးကြည့်ပါ။ သင်ကိုယ်တိုင် ကမ္ဘာကြီးကို ဖျက်ဆီးနေမိပြီလား? (CAM)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page