ကိုယ့်အလှည့်ကျရင် မသိချင်ယောင်ဆောင် မသွားကြပါနဲ့(သားသမီးတွေဆီက မိဘတွေ အလိုချင်ဆုံးအရာ)

မိဘဆီက လက်ဖြန့်တောင်းခဲ့တုန်းက မိဘက မရှိရင်တောင် အပြုံးမပျက်ဘဲ ရှာဖွေပေးခဲ့တယ်။ ကိုယ့်အလှည့်ကျရင်တော့ မိဘ လက်ဖြန့်တောင်းတဲ့အချိန်အထိ မစောင့်သင့်ဘဲ အလိုက်တသိ ပြုံးပြုံးလေး ပေးသင့်တယ်။

ကိုယ်အရွယ်မရောက်ခင်တုန်းက မိဘက ချီး ၊ သေး ပါမကျန် မရွံမရှာလုပ်ပေးခဲ့တယ်။ ကိုယ့်အလှည့်ကျရင် ဇရာထောင်းလို့ ကျန်းမာရေးချူ ချာနေတဲ့မိဘကို ကလေးတစ်ယောက်လို ပြုစုဖို့ မငြိုငြင်ပါနဲ့။

သားသမီး ၁၀ ယောက်ကို မိဘနှစ်ပါးက ကျွေးမွေးစောင့်ရှောက်မှူအပြင် ပညာတွေတတ်အောင် အငတ်ခံသင်ကြားပေးခဲ့တယ်။ ကိုယ့်အလှည့်ကျရင် မီးစာကုန်ဆီခန်းပြီး မစားနိူင် ၊ မသောက်နိူင်တဲ့ မိဘကို သားသမီး ၁၀ ယောက်က တာဝန်မကျေတာမျိုး မဖြစ်စေနဲ့။

သားသမီးနေမကောင်းလို့ ကလေးတစ်ချက်ငိုရင် တစ်ချက်ကလေးမှ မညည်းညူ ဘဲ ဘယ်အချိန်ချိန်ဖြစ်ဖြစ် အဆင်သင့်ဖြစ်နေတာ မိဘပါ။ ကိုယ့်အလှည့်ကျရင် အိပ်ရာထဲလဲနေတဲ့ မိဘက အကူအညီလိုလို့ လှမ်းခေါ်ရင် ဆူဆောင့်ပြီး မကြည်ဖြူ စွာ လုပ်ပေးတာမျိုး မဖြစ်စေချင်ပါ။

သားသမီးအတွက် လိုအပ်လာရင် အသက်ပေးဖို့ ဝန်မလေးတတ်သလို ပိုင်ဆိုင်မှူတွေ ရောင်းပေးဖို့ အဆင်သင့်ဖြစ်နေတာ မိဘပါ။ ကိုယ့်အလှည့်ကျရင် လင် ၊ မယားက မကြည်ဖြူ လို့ မဖြစ်နိူင်ဘူးလို့ တော့ မငြင်းဆန်ပါနဲ့ ဘာလို့လဲဆိုတော့ မိဘဆိုတာ သားသမီး ဘဝပျက်အောင် တောင်းဆိုမှာ မဟုတ်သလို သားသမီး အနေကြပ်အောင် ဖိအားပေးမှာ မဟုတ်ပါဘူး။

ကိုယ့်အလှည့်ကျရင် ကြည်ဖြူ စွာ လုပ်ပေးခဲ့တဲ့ သားသမီးတိုင်း ဘဝတစ်ခုလုံး သာယာဖြောင့်ဖြူးမှာ ဖြစ်သလို ရတနာလို အဖိုးမဖြတ်နိူင်သော သားသမီးကောင်းတွေကိုလည်း ပိုင်ဆိုင်ရမှာ အသေအချာပါပဲ။

ဇင်းနစ် မကွေး

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page