လေထဲက ကျပ်ငွေ ဘီလီယံ ၄၀၀ နဲ့ နေရင်းထိုင်ရင်း ဆင်းရဲသွားရတဲ့ မြန်မာပြည်သူများ
စကစက ကျပ်ငွေ ဘီလီယံ ၄၀၀ ကို ရန်ပုံငွေ အဖြစ် ရိုက်ထုတ်မယ်ဆိုတဲ့ သတင်းထွက်လာပြီးနောက်မှာ မြန်မာကျပ်ငွေတန်ဖိုးဟာ တဟုန်ထိုး ကျဆင်းလာနေပြီး ယခုစာရေးနေချိန်မှာ တဒေါ်လာ ၃၂၀၀ နီးပါးကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ အဲဒီနှုန်းနဲ့ဆို တနင်္လာနေ့ဆို တဒေါ်လာ ၅၀၀၀ မဖြစ်သွားဘူးလို့ ဘယ်သူမှ အာမမခံနိုင်ပါဘူး။
စကစ အနေနဲ့ ကျပ်ငွေ ဘီလီယံ ၄၀၀ (သန်း ၄ သန်း) ကို တကယ်ရိုက်ထုတ်မယ်ဆိုရင် ဆေး၊ စက္ကူနဲ့ စက်ပစ္စည်းစရိတ်တွေနဲ့တင် ကုန်ကျစရိတ် နည်းမှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ဘီလီယံ ၄၀၀ ထဲက ပမာဏ အများအပြားကို လေထဲက ပိုက်ဆံလို့ တင်စားကြတဲ့ mobile banking တွေထဲမှာ ထည့်ပေးလိုက်မယ်လို့ ယူဆရပါတယ်။
ထည့်ပုံကလည်း လွယ်မယ်ထင်ပါတယ်။ လက်ရှိသုံးနေတဲ့ mobile banking app တွေထဲကို ဗဟိုဘဏ်ကနေ ဂဏန်းတွေ ရိုက်ထည့်ပေးလိုက်ရုံနဲ့ ရနိုင်ပါတယ်။ (app ဆရာသမားတွေ ပိုသိမှာပါ။)
အဲဒီလို ဖြစ်ရပ်မျိုး ဗင်နီဇွဲလား နိုင်ငံမှာ ၂၀၁၈ တုန်းက ဖြစ်ခဲ့ဖူးပါတယ်။ ဗင်နီဇွဲလားရဲ့ ငွေကြေး အလွန်အကျွံ ထိုးကျနေတဲ့ အချိန်မှာ အစိုးရက ငွေစက္ကူအသစ်တွေ ထပ်ရိုက်ရုံသာမက mobile banking တွေထဲကိုလည်း ဂဏန်းတွေ အများကြီး ထည့်ပေးခဲ့ပါတယ်။
နိုင်ငံသားတွေရဲ့ ဘဏ်စာရင်းထဲမှာ သန်းပေါင်း ထောင်နဲ့ ချီ ရှိပေမယ့် ဒေါ်လာနဲ့ နှိုင်းကြည့်ရင် ဘယ်လောက်မှ မရှိတဲ့ အဖြစ် ဖြစ်ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ဗင်နီဇွဲလား ပြည်သူတွေက ပိုက်ဆံတွေကို လမ်းပေါ် လွှင့်ပစ်တဲ့ အထိ ရောက်ခဲ့ပါတယ်။ ဗင်နီဇွဲလားရဲ့ စီးပွားရေးဟာ အခုထိ နလံပြန်မထူနိုင်ခဲ့ပါဘူး။
ယခုလည်း မြန်မာပြည်သူတွေရဲ့ လက်ထဲက ကျပ်ငွေတွေဟာ တဖြည်းဖြည်း တန်ဖိုးလျှော့ကျလာရာကနေ အရှိန်အဟုန်နဲ့ လျှော့ကျလာပြီ ဖြစ်ပါတယ်။ ယခင်က လက်ထဲ ပိုက်ဆံ ၁၀ သိန်း ရှိသူဟာ အခုတော့ ၅ သိန်းသာ တန်ဖိုး ရှိတော့မှာ ဖြစ်ပါတယ်။
ကျပ်ငွေ တန်ဖိုးလျှော့ကျလာသလို အထွေထွေ ကုန်ဈေးနှုန်းတွေလည်း မိုးထိအောင် တက်လာတော့မှာ ဖြစ်ပါတယ်။ ဗင်နီဇွဲလားထက် ပိုဆိုးတာက မြန်မာနိုင်ငံသားတွေရဲ့ ဝင်ငွေဟာ ဆင်းရဲတဲ့ နိုင်ငံစာရင်းမှာတောင် အလယ်အလတ် နီးပါးပဲ ရှိတယ်ဆိုတာပါပဲ။ ဗင်နီဇွဲလားလို ဖြစ်များ ဖြစ်သွားမလား၊ ဖြစ်လည်း ဖြစ်နိုင်တဲ့ အနေအထားတွေကို တွေ့ရှိနေရပြီ ဖြစ်ပါတယ်ခင်ဗျာ