စစ်တောင်းမြစ်ထဲ ကြဲချခဲ့တဲ့ စကစရဲ့ ၅၀၀၀ တန် ယတြာနဲ့ တန်ပြန် အင်းစမတော်များအကြောင်း
ယတြာအစီအရင်များ၊ အင်းကွက်များ ရေးဆွဲထားသည့် ကျပ် ၅၀၀၀ တန်များကို တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် အရှေ့ဘက် စစ်တောင်းမြစ်ထဲသို့ စကစက လေယာဉ်ဖြင့် ကြဲချကြောင်း ဒေသခံများက သတင်းပေးပို့ပါတယ်။
ပလပ်စတစ်လောင်းထားတဲ့ ၅၀၀၀ ကျပ်တန်များမှာ အတုအစစ် သေချာစွာမသိရသော်လည်း ရှေ့ဘက်ရော နောက်ဘက်တွင်ပါ အင်းကွက်များ၊ ယတြာရုပ်ပုံများ ရေးဆွဲထားကြောင်း ဒေသခံများ ပေးပို့လာသည့် ပုံများအရသိရပါတယ်။
အဆိုပါ အင်းနဲ့ စမ ပုံများအား တတ်သိနားလည်သည့် ပညာရှင်များကို မေးမြန်းကြည့်တဲ့အခါမှာတော့ အတိုက်အခိုက်တွေကို တန်ပြန်စေတဲ့ စမများနဲ့ စီးပွားတက်အင်းများ၊ အန္တရာယ်ကင်း အင်းများ၊ ရာထူးတက်စေဖို့ အင်းများ ဖြစ်ကြောင်း သိရပါတယ်။
စကစအနေနဲ့ ဗေဒင်၊ ယတြာ၊ အင်းအိုင် ခလှဲ့၊ လက်ဖွဲ့ ၊ အတိတ်ကောက်၊ အတပ်ဟော၊ အကြားအမြင် စတဲ့ လောကီနည်းလမ်းများကို အလွန်အကျွံ ယုံကြည်ကြပြီး ယတြာများကိုလည်း အဆက်မပြတ် ပြုလုပ်နေကြပါတယ်။
ဗေဒင်၊ ယတြာတွေရဲ့ သဘောတရားအရ ငါးပါးသီလလုံခြုံပြီး လောကကောင်းကျိုး သယ်ပိုးကာ စိတ်ထဲမှာ အကြည်ဓာတ်များ ရှိတဲ့အချိန်မှသာ ပိုမိုအစွမ်းထက်မှာ ဖြစ်ပါတယ်။ စိတ်ထဲမှာ အမိုက်မှောင်တွေ ဖုံးပြီး အတ္တတွေ လွန်ကဲနေချိန်မှာ ကမူးရှူးထိုးနဲ့ ချေတဲ့ ယတြာတွေဟာ ငွေကုန်လူပန်း ဖြစ်ပြီး အောင်မြင်မှု ၁ ရာခိုင်နှုန်းပင် မရှိကြောင်း ဝါရင့် သဘာရင့် လောကီဂမ္ဘီရ ပညာရှင်များက မှတ်ချက်ပြု ပြောကြားလိုက်ပါတယ်။