ယခုရက်ပိုင်း ရန်ကုန်မှာ အရင်တုန်းကထက် မီးပိုပြတ်ရတဲ့ အကြောင်းရင်း

ရန်ကုန်မြို့က မြို့နယ်အများစုမှာ ဖေဖော်ဝါရီ ၁၇ ရက်ညနေပိုင်းကစလို့ အရင်ထက် အချိန် ပိုမိုကြာမြင့်စွာ လျှပ်စစ်မီးတွေပြတ်တောက်နေပါတယ်။

မြို့နယ်တော်တော်များများမှာ တစ်ရက်ကို ပျှမ်းမျှ ၅ နာရီကနေ ၈ နာရီလောက်သာ မီးရရှိပြီး တစ်ကြိမ်ပြတ်ရင် နာရီနဲ့ချီပြီးပြတ်တောက်တာကြောင့် မြို့နေလူထုကြား ချက်ပြုတ်ရေးအပါအဝင် လူမှုအခက်အခဲတွေ ပိုမိုကြုံတွေ့နေရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလလောက်ကစလို့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလျော့နည်းလာတာ၊ ဓာတ်ငွေ့ဈေးနှုန်းကြီးမြင့်လာတာ၊ နွေရာသီကာလရောက်တော့မှာမို့ ရေအားလျှပ်စစ်ထုတ်လုပ်မှု လျော့နည်းလာတာ စတဲ့အချက်တွေကြောင့် လျှပ်စစ်မီးကို အလှည့်ကျစနစ်နဲ့ဖြန့်ဖြူးမယ်လို့ စကစရဲ့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

အဲဒီကစလို့ နိုင်ငံတဝန်း အချိန်ပိုင်းလျှပ်စစ်မီးပြတ်တောက်မှုတွေ စရှိလာခဲ့တာပါ။ အခု ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကစလို့ အရင်အချိန်ပိုင်း ပြတ်တောက်တဲ့ ကြာချိန်တွေထက် ပိုမိုကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်မှုကို ရန်ကုန်မြို့ခံတွေကြုံတွေ့နေရတာဖြစ်ပါတယ်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) ကတော့ ဇောတိက သဘာဝဓာတ်ငွေ့ပိုက်လိုင်း နှစ်စဉ် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေ ၆ နာရီကနေ ဖေဖော်ဝါရီလ ၂၀ ရက် ညနေ ၆ နာရီအထိ သုံးရက်ဆက်တိုက် ဆောင်ရွက်သွားမှာဖြစ်လို့ အဲဒီကာလအတွင်း သဘာဝဓာတ်ငွေ့လျော့နည်းနေမှာမို့ ဓာတ်အားသုံးစွဲမှု များတဲ့အချိန်တွေမှာ အရေးပေါ် ဝန်အားထိန်းညှိခြင်းဆောင်ရွက်မယ်လို့ ထုတ်ပြန်လာပါတယ်။

အဲဒီလိုဆောင်ရွက်နေချိန်အတွင်း ရန်ကုန်တိုင်းထဲက စက်မှုဇုန်၊ ရပ်ကွက်နဲ့မြို့နယ်တွေမှာ ယာယီဓာတ်အားပြတ်တောက်မှာဖြစ်ပြီး အရေးကြီးနေရာတွေ မီးမပြတ်စေဖို့အလေးထားဆောင်ရွက်မယ်လို့တော့ထုတ်ပြန်ထားပါတယ်။

အခုလို မီတာမဆောင်တဲ့သူရော၊ ဆောင်တဲ့သူရော အားလုံး မီးပြတ်နေကြတဲ့ အချိန်မှာ စီးပွားရေး လုပ်ငန်းတွေလည်း အဆင်မပြေ ဖြစ်နေတယ်လို့ သိရပါတယ်။

လုံခြုံရေး မတည်ငြိမ်၊ အခြေခံလိုအပ်ချက်တွေ ဖြစ်တဲ့ ရေ၊ မီး မပြည့်စုံရင်တော့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ အားလုံး အနှေးနဲ့အမြန် ပြန်ထွက်သွားမှာတော့ အသေအချာပါပဲဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page