တခါပြတ်ရင် ၅ နာရီကြာတဲ့ လျှပ်စစ်မီးနဲ့ ၁၉၉၅ ခုနှစ် ပြန်ရောက်သွားတဲ့ ရန်ကုန်

ရန်ကုန်မြို့တွင် လျှပ်စစ်မီး တစ်ကြိမ် ပြတ်လျှင် ငါးနာရီကျော် အထိ ပြတ်တောက်ချိန် ကြာလာပြီ ဖြစ်ပါတယ်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ လဆန်းပိုင်းမှ စတင်ပြီး လျှပ်စစ်မီး ပြတ်တောက်မှု စိပ်လာခြင်း ဖြစ်ပြီး ဖေဖော်ဝါရီ နောက်ဆုံးပတ်မှ စတင်ကာ တစ်ရက်လျှင် နှစ်ကြိမ် ပြတ်ပြီး တစ်ကြိမ်ပြတ်လျှင် ငါးနာရီကျော် ကြာလာခြင်း ဖြစ်ပါတယ်။

လက်ရှိတွင် ရန်ကုန်မြို့အတွင်း တစ်နိုင်တစ်ပိုင် လုပ်ငန်း လုပ်ကိုင်နေသော လုပ်ငန်းရှင်များသည် လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် မီးစက်များဖြင့် လုပ်ကိုင် နေသော်လည်း လောင်စာဆီ စျေးမြင့်တက် နေခြင်းကြောင့် နောက်ပိုင်းတွင် လုပ်ငန်းရပ်ထားရန် စီစဉ်ထားကြောင်း လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

ထို့အပြင် ရန်ကုန်မြို့တွင်း ခရီးသည်တင် ဘတ်စ်ကားများသည် စီအန်ဂျီဓာတ်ငွေ့ကို အဓိကထား သုံးစွဲ နေရပြီး ဂတ်စ်ဆိုင်များတွင် ယာဉ်များ နာရီနှင့်ကြာ စောင့်ဆိုင်း နေရသဖြင့် ခရီးသွား ပြည်သူများ အခက်ကြုံလျက် ရှိပါတယ်။

“ဘတ်စ်ကားက တစ်ခါလာဖို့ မှတ်တိုင်မှာ အနည်းလေး မိနစ် ၃၀ ကျော်လောက် စောင့်ရတယ်။ ကားများတဲ့ လိုင်းဆိုရင် ပြဿနာ မရှိပေမယ့် ကားနည်းတဲ့ လိုင်းဆိုရင်တော့ စောင့်ပေတော့ပဲ။ လာပြန်ရင်လည်း ကြပ်သိပ်နေတယ်။ တစ်ခါတလေ ဟိုးအရင် မထသ ခေတ်က တိုးကြိတ် တွယ်စီး နေရတဲ့ပုံကို ပြေးမြင်တယ် “ဟု ရန်ကုန်မြို့ နေထိုင်သူ တစ်ဦးက ပြောသည်။

ရန်ကုန်မှာ ယခုလို မီးပြတ်တာဟာ 66kV သာကေတ-သီတာ(၂) ဓာတ်အားလိုင်းက မြေအောက်ကြိုးတွေ ခိုးခံရလို့ ပျက်တာတာဆိုပြီး YESC က ထုတ်ပြန်လိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း ဓာတ်အားပို့လွှတ် ပေးထားတဲ့ 66kV သာကေတ-သီတာ(၂) ဓာတ်အားလိုင်း၏ Under Ground Cable ဓာတ်ကြိုးအား မသမာသူများမှ ဖြတ်တောက်ခိုးယူရန် လုပ်ဆောင်ခဲ့မှုကြောင့် 66kV သာကေတ-သီတာ(၂) ဓာတ်အားလိုင်းသည် မတ်လ ၁ ရက်နေ့ ၉ နာရီ ၃၅ မိနစ် မြေအောက်ဓာတ်ကြိုး အပြစ်ဖြစ်ပွားခဲ့ပြီး မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ နေရာများ လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ပါဆိုပြီး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကျောက်တံတားမြို့နယ်နေ ပြည်သူတစ်ဦးက “ မတ်လ၁ ရက်နေ့ ကျောက်တံတား မြို့နယ်မှာ မနက် ၆ နာရီက မီးပျက်တာ ၁၀ နာရီ ၁၅ မှာ လာတယ်။ ပြီးတော့ ၁၁ နာရီခွဲတော့ မီးထပ်ပျက်တယ်။ ၁ နာရီခွဲမှ လာတာ။ ည ၈ နာရီ တိတိမှာထပ်ပျက်တယ်။ ည ၁၂ နာရီ ၅ မိနစ်မှာ ပြန်လာတယ်။ သူတို့ပြောတော့ ည ၉ နာရီခွဲလောက်က ဓာတ်အား အပြစ်ဖြစ်တယ်ပြောတယ်။ အဲဒီ မတိုင်ခင် ၈ နာရီလောက်တည်း မီးက ပျက်နေတာလေ။သူတို့ ပြည်သူကို အသိပေး ထုတ်ပြန်ချက်ဆိုတာကြီးက တော်တော် လေးရီရတယ်” လို့ မြန်မာ့ပလက်ဖောင်းကို ပြောပါတယ်။

YESC ရဲ့ ထုတ်ပြန်ချက်မှာတော့ မသမာသူများမှ ဖြတ်တောက်ခိုးယူရန် လုပ်ဆောင်ခဲ့၍ ပျက်စီးချို့ယွင်းသွားသော မြေအောက်ဓာတ်ကြိုးနေရာအား ရန်ကုန်လျှပ်စစ်ဓာတ် အားပေးရေးကော်ပိုရေးကော်ပိုရေးရှင်း၊ မြေအောက်ဓာတ်ကြိုးဌာနနှင့် မင်္ဂလာတောင် ညွန့်မြို့နယ် လျှပ်စစ်ရုံးဝန်ထမ်းများမှ အချိန်နှင့်တပြေးညီ ပြုပြင်ဆောင်ရွက်လျှက်နေပြီး အရေးကြီးနေရာများ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု မရှိစေရန် စီစဉ်ဆောင်ရွက်နေ တယ်ဆိုပြီးတော့ ထုတ်ပြန်ထားပါတယ်။

အဆိုပါ ထုတ်ပြန်ချက်ကို လူအများက ဟာသအဖြစ် သဘောထားနေကြပြီး မီးကြိုးဖြတ်မခိုးခင် ကတည်းက ပြတ်တောက်နေတာ ဖြစ်ကြောင်း၊ မီတာဆောင်တဲ့လူလည်း ပြတ်သလို မဆောင်တဲ့လူလည်း ပြတ်နေတာကြောင့် ဘာမှ မထူးခြားကြောင်း၊ လာမယ့် နွေရာသီမှာ ပိုပြတ်နေဦးမှာ ဖြစ်ကြောင်း၊ ယခုလို ဖယောင်းတိုင် ထွန်းနေရတာဟာ ၁၉၉၅ ခုနှစ်က အခြေအနေကို ပြန်လည် အမှတ်ရကြောင်း မှတ်ချက် ပေးထားပါတယ်။

ထိုသို့ လျှပ်စစ်မီးများ အကြီးအကျယ် ပြတ်တောက်နေချိန်တွင် ရန်ကုန်လျှပ်စစ်ဌာနမှ သဘာဝနေအလင်းရောင်ကို ပိုမို အသုံးပြုကြပြီး လျှပ်စစ်ကို ချွေတာရန် နှိုးဆော်သည့် ရုပ်ပုံအား ပြည်သူများက ရယ်စရာ ဟာသအဖြစ် ရှူမြင်နေကြကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page