ရွှေမြန်မာပြည်ကြီးကို တက်သိမ်းဖို့ ကြံခဲ့တဲ့ ရုရှားသမ္မတ ပူတင်ရဲ့ ဝမ်းနည်းစရာ အဖြစ်
ရုရှားသမ္မတ ပူတင် မြန်မာနိုင်ငံကို သိမ်းဖို့ကြံတယ် ဒါပေမဲ့ ဒီတိုင်းတက်သိမ်းလို့မရဘူး။ စစ်ဗျူဟာ အတွက် နယ်မြေအခြေအနေကို ကွင်းဆင်းလေ့လာဖို့လိုတယ်လေ။ အရင်ဆုံး မသိမ်းခင် သူလျှိုတစ်ယောက် ကို မြန်မာစကားသင်ပေးပြီးလွှတ်လိုက်တယ် ..ဒါပေမဲ့ ဟိုငတိက ရန်ကုန်လေဆိပ်ရောက်တာနဲ့ ရေနစ်သေသွားတယ်။
အဲ့ဒီ သတင်းကြားတော့ ပူတင်လန့်သွားလေရဲ့ ဟုတ်တယ်လေ ဘယ်နိုင်ငံက လေဆိပ်တွေမှာ ရေတွင်းရေကန်တွေ တူးထားလို့တုန်း လွှတ်လိုက်တဲ့ သူလျှိုကလည်းပေါ့သေးသေးမဟုတ် အရေးကြီးတဲ့ နျူကလီးယား မစ်ရှင်တွေကိုတောင် ဆောင်ရွက်နိုင်တဲ့သူ အခုဟာက ရန်ကုန်လေဆိပ်ရောက်မှ ရေနစ်သေရတယ်လို့ ပူတင်ပေါက်ကွဲပြီး တောက်တစ်ချက် ခေါက်လိုက်တယ် ။
“တောက်…..” တစ်ခန်းလုံး ပူတင်ရဲ့တောက်ခေါက်သံ လွှမ်းမိုးသွားတယ် ဘေးမှာရှိတဲ့ ဗိုလ်ချုပ်ကြီးတွေကအစ ဘာမှ ဝင်မပြောရဲဘူး ပူတင်ကပဲ ဆက်ပြီး “ဒီအတိုင်းဆိုရင်တော့ မဖြစ်တော့ဘူး ငါတို့လွှတ်လိုက်တဲ့ သူလျှိုမှန်းသိလို့ တမင် ထောင်ချောက်ဆင် လုပ်ကြံလိုက်တာဖြစ်မယ် ။
နောက်ထပ် အတော်ဆုံး သူလျှိုသုံးယောက်ရွေးပြီး ထပ်လွှတ်ကွာ” “ရက်စ်…ဆာ” ရရှားနိုင်ငံရဲ့ အတော်ဆုံး သူလျှို သုံးယောက်ဖြစ်တဲ့ အာဘရန်ရယ်၊ အဲဗက်ရယ်၊ အလက်စီရယ်ကို ရွေးချယ်ပြီး ပူတင်ခေါ်တွေ့တယ်…။
“မင်းတို့ သွားရမယ်လမ်းက ခက်ခဲမယ် ကြမ်းတမ်းမယ် ဘာပဲ ဖြစ်ဖြစ် ဒီမစ်ရှင်ကို အောင်မြင်အောင်လုပ်ခဲ့ပါ” “ရက်စ်..ဆာ” သုံးယောက်သား ကိုယ့်အထုပ်ကိုယ်သယ်ရင်း ရန်ကုန်ကို လေယာဉ်နဲ့ထွက်လာကြတယ်။
လေယာဉ်ဆိုက်ဆိုက်ခြင်း အဲလက်စီက အရင်ဆုံး လေယာဉ်ပေါ်က ရိုးရိုးမဆင်းပဲ ဂျွမ်းပြန်ခုန်ဆင်းတယ် “ပလုံ…” ထူးဆန်းတဲ့အသံကြောင့် ကျန်တဲ့နှစ်ယောက်သား အပေါက်ဝကနေ အောက်ငုံကြည့်တယ် ။
“အိုးမိုင်ဂေါ့..” “အို့စ်..ရှစ်” ရေကဘယ်လောက် နက်လည်းမသိဘူး အဲလက်စီ ခုန်ချတာ အသံပဲကြားလိုက်တယ် လူတောင်မမြင်လိုက်ရဘူး စုံးစုံးမြုပ်သွားတာ နှစ်ယောက်သား မျက်လုံးပြူး မျက်ဆံပြူးနဲ့ လန့်သွားတယ် ။
မလန့်ပဲမနေနိုင်ရိုးလား လေယာဉ်က ကုန်းပေါ်မှာဆိုက်မယ်ထင်နေတာ အခုကရေပေါ်မှာဆိုက်တာ လေဆိပ်တောင် ရိုးရိုးလေဆိပ် မဟုတ်ဘူး ရေပေါ်လေဆိပ် နှစ်ယောက်သား ပါးစပ်ဟောင်းလောင်းနဲ့ ဘာပြောရမှန်းမသိ ဟုတ်တယ်လေ ရုရှားမှာတောင် ရေပေါ်လေဆိပ်မပေါ်သေးဘူး ..။
အခုဟာကဖြင့် နှစ်ယောက်သား ကြောင်တောင်တောင်နဲ့ လေယာဉ်အပေါက်ဝမှာ မတ်တပ်ရပ်နေတုန်း ခရီးသည်တွေကို ကြိုဖို့ လှေတွေရောက်လာတယ် ။ ဒင်းတို့လည်း ကြောင်တောင်တောင်နဲ့လိုက်သွားရှာတယ် ။ အနည်းဆုံးတော့ ပထမတစ်ယောက် ဘယ်လိုသေလည်းဆိုတာတော့ သိရပြီ ရေပေါ်လေဆိပ်ထဲရောက်တာနဲ့ရုရှားကို လေဆိပ်အကြောင်း သတင်းလှမ်းပို့တယ် ။
သတင်းလည်းရရော ပူတင်အမေပါ လေတစ်ခြမ်းဖြတ်သွားတယ် ။ ဟုတ်တယ်လေ ရေပေါ်လေဆိပ်ဆိုတာ ကိုယ်တွေေတောင် မတွေးဘူးတဲ့ အိုင်ဒီယာ ဒင်းတို့က ရေပေါ်လေဆိပ်တောင်ပိုင်နေပြီဆိုတော့ ဘယ်လောက်တောင် တိုးတက်နေပြီလည်း မသိဘူး စစ်တိုက်ရနိုးနိုး မတိုက်ရနိုးနိုး ဖြစ်ကုန်ပြီ …။
မထူးပါဘူး သတင်းဆက်ယူတာပဲကောင်းမယ် ရန်ကုန်လေဆိပ်ထဲက ငတိနှစ်ကောင်က တာဝန်ခွဲယူလိုက်တယ် ။ တစ်ယောက်က မန္တလေးကို ထောက်လှမ်းမယ်။ တစ်ယောက်က ရန်ကုန်ကို ထောက်လှမ်းမယ် ပြီးရင် အခြေအနေ သတင်းပို့ မစ်ရှင်လည်း အောင်မြင် အေးဆေးအိမ်ပြန် အစီစဉ်က အာလုံးကွက်တိ အိုကေ စိုပြေပြီးသားပဲ အာဘရန်က မန်းလေးကို ထောက်လှမ်းဖို့ မြန်မာလေကြောင်းနဲ့ မန်းလေးဆင်းတယ်။
ကံဆိုးချင်တော့ သူထိုင်တဲ့ ခုံကမိုးယိုနေတယ် လေယာဉ်က လူပြည့်နေတော့ နေရာလည်း လဲလို့မရ လိုင်းကားလိုလည်း တွယ်စီးလို့ မရနဲ့ သည်းခံရင်းစီးတာ အဲကွန်းကအေးလိုက် မိုးကယိုလိုက်နဲ့ နောက်ဆုံး မန္တလေးကို ဦးနှောက်သွေးခဲပြီး တောင့်တောင့်ကြီးရောက်သွားတယ်။
လေကြောင်းလိုင်းကတော့ တာဝန်ကျေရှာပါတယ်။ အာဘရန် မိသားစုကို ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့တယ်။ သဝဏ်လွှာရတော့ ပူတင် ဘယ်လိုမှ သည်းမခံနိုင်တော့ဘူး ဒေါသတွေ ငယ်ထိပ်တက်ပြီး အစည်းဝေခန်းထဲမှာ အီးတွေလွှတ်ပေါက်တော့တာ ဘယ်နှယ့် လေယာဉ်က မိုးယိုရတယ်လို့ .. ပြီးတော့ ရေငုတ်သင်္ဘောတွေ လေယာဉ်တွေ အသင့်ပြင်ပြီး နောက်ဆုံးတစ်ယောက် သတင်းကိုစောင့်နေတယ် ။
အဲဗက်တစ်ယောက်ကတော့ ရန်ကုန်မြို့ထဲမှာ လှေတစ်စီးနဲ့ ပါးစပ်လေးဟပြီး လျှောက်ကြည့်နေရှာတယ်။ သူ့ခဗျာ အံသြလို့ကိုမဆုံးနိုင်ဘူး တစ်မြို့လုံး ရေပေါ်တိုက်တွေ ရေပေါ်စျေးတွေ YBS လို ရေငုတ်သင်္ဘောတွေကလည်း နေရာအနှံ့၊ အံသြနေလို့တော့ မဖြစ်ဘူးဆိုပြီး သတင်းပို့ဖို့ ရေပေါ်ဟိုတယ် တစ်ခုမှာအခန်းယူတယ်…. ။
ပါလာတဲ့လှေလေးကိုတော့ ဟိုတယ်အောက်မှာပဲ ကြိုးလေးနဲ့ချည်ထားလိုက်တယ် ။ အခန်းထဲရောက်ပါမှ အိတ်ထဲက လတ်တော့ပ်လေးကို ထုတ်ပြီး သတင်းပို့ဖို့လုပ်တယ် ။
လတ်တော့ပ်ဖွင့်လိုက်တော့ အားက 1% ပဲရှိတော့တယ် အားသွင်းမယ်ဆိုပြီး အားသွင်းကြိုးကိုထုတ်တယ်။ ပလပ်ပေါက်မှာတပ်ပြီး ခလုပ်လေးနှိပ်လိုက်တယ်။ “-ခွမ်းထဲမှာ မီးမလာဘူးဟ” ကြယ်ငါးပွင့် ရေပေါ်ဟိုတယ်မှာတောင် မီးမလာ ဘူးဆိုတော့ အဲဗက်တစ်ယောက် စိတ်ညစ်သွားတယ်…
မထူးဘူးဆိုပြီး ရှိတဲ့အားနဲ့ပဲ YBS ရေငုတ်သင်္ဘောတေ္အကြောင်း ၊ရေပေါ်တိုက်တွေ အကြောင်း၊ရေပေါ်ရှပ်ပြေး ရထားတွေအကြောင်း မေးလ်လှမ်းပို့လိုက်တယ်။
စိတ်ညစ်ညစ်နဲ့ အဲဗက်တစ်ယောက် ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်တော့ လှေသူခိုး ဟုတ်တယ် လှေသူခိုးမှ လှေသူခိုး။ အဲဗက်အောက်မှာ ချည်ထားတဲ့လှေကို ကြိုးဖြုတ်ပြီး အမှန်အကန် လှော်နေတာ အဲဗက် ဒေါသ အတောင့်လို က်ထွက်သွားတယ် ။
ရောက်ကတည်းက ဘာမှ အဆင်မပြေရတဲ့အထဲ လှေသူခိုးက တစ်မှောင့် ဒေါသတကြီးနဲ့ အောက်ပြေးဆင်းတယ် အောက်ရောက်တော့ ရေကျနေတာနဲ့ ရေထဲကနေ လမ်းလျောက်ပြီး လှေအနောက်ကို လိုက်တယ်။ သိပ်မလျှောက် လိုက်ရပါဘူး ဆယ်လှမ်းလောက်ပဲ လျှောက်ရသေးတယ် ရေမြောင်းပေါက်ထဲ ကျွံကျသွားတယ် ဒါပေမဲ့ မသေဘူး အဲဗက်ရေကူးတက်တယ်။
အဲဗက်ရေကူးပြီး ပြန်တက်လာတယ် ရေမွှန်းနေတော့ ခဏနားမယ်ဆိုပြီး လမ်းလယ်က အဝါရောင် ဘောတွေစီ ကူး သွားတယ် ။ ဘောပေါ်ရောက်တော့ ဘောဘေးက ဓါတ်တိုင်ကို မီးမလာလို့ အန္တရာယ်မရှိဘူးထင်ပြီး သွားမှီတယ် အဲ့ဒီမှာ ဓာတ်လိုက်ပြီး သေတာပဲ။
နောက်ဆုံးတစ်ယောက် သတင်းလည်းကြားရော ပူတင်တစ်ယောက် သည်းမခံနိုင်တော့ဘူး ဘယ်နှယ့် မီးပြတ်နေတာတောင် ဓာတ်လိုက်တယ်ဆိုတော့ မီးအားက ဘယ်လောက်ထိတောင် ကောင်းနေလို့တုန်း ပူတင်လက်နောက်ပစ်ပြီး ခေါက်တုန့် ခေါက်ပြန်လျှောက်ရင်းစဉ်းစားတယ် ။
နောက်ဆုံး သူကိုယ်တိုင် ရေငုတ်သင်္ဘောစစ်တပ်ကို ဦးဆောင်ပြီး ရန်ကုန်မြစ်က တစ်ဆင့် မြို့တွင်းကို သိမ်းပိုက် ဖို့လုပ် တယ် ။ ရန်ကုန်မြို့ထဲ ဝင်ခါစ ရှိသေးတယ် ပူတင့်ဘေးက သင်္ဘောတွေအားလုံး ရေတွေဝင်ပြီး မြုပ်ကုန်တယ် ဘယ်သူမှ လည်း မပစ်ပဲနဲ့ ရေဝင်ပြီး မြုပ်ကုန်တော့ သင်္ဘောသားတွေလည်း သွေးပျက်ပြီး ဆောက်တည်ရာမရဖြစ်ကုန်ပြီ ပူတင် သူ့သင်္ဘောကလူတွေကို အားတက်စကားပြောတယ်။
သင်္ဘောသားတွေအားလုံး သွေးနည်းနည်းပြန်ရဲရုံရှိသေးတယ် သင်္ဘောက တစ်ခုခုနဲ့ တိုက်မိသလို လှုပ်သွားတယ်။ အဖြစ် အပျက်က တိုက်တန်းနစ်ထက်ဆိုးတယ် တိုက်မိတာမှ Slow down ဂုံးနဲ့တိုက်မိတာ ရေငုတ်သင်္ဘော ဝမ်းဗိုက်ပွင့်ပြီးတော့ ရေတွေဝင်လာတယ်
ပြေးတဲ့သူကပြေး ငိုတဲ့သူကငိုနဲ့ ပူတင်ကတော့ သွေးမပျက်ပဲ နာရီလေးကြည့်ရင်း မျက်စိမှိတ်လိုက်တယ် သေမဲ့ဘေး ပြေးတွေ့မယ်ဆိုတဲ့ သဘော နောက်ဆုံးရင်ဘတ်ထိ ရေတွေတက်လာတော့ ပူတင်တစ်ယောက် ရာဇဝင်တွင်မဲ့ စကားကြီး ငါးခွန်းကို တစ်လုံးချင်းပြောခဲ့တယ်…… “-ိထဲမှပါကွား”
စနေမောင်ငိုး (၂၀၁၇ ခုနှစ်က ပို့စ် ဖြစ်ပါသည်)