ကွယ်လွန်သူ အဲလိဇဘက် ဘုရင်မကြီးနဲ့ ကျိန်စာသင့် ကမ္ဘာကျော် ကိုဟီးနူးစိန်ကြီး အကြောင်း

ကိုဟီးနူး စိန်ကြီးကို ၁၄၇၁-ခုနှစ်က အိန္ဒိယနိုင်ငံ Karnataka ကတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့အကြီးဆုံးစိန်စာရင်းဝင်ဖြစ်ပြီး ပါရှန်း ဘာသာဖြင့် အလင်းတောင်ကြီး ဟူ၍ အဓိပ္ပါယ်ရ ပါတယ်။ ( ဟိန္ဒူကျမ်းဂန်များတွေမှာတော့ ရှေးနှစ်ပေါင်း ၅ဝဝဝ ခန့်က အိန္ဒိယနိုင်ငံ ῾ ဂေါဒဗရီ ᾽ မြစ် အနီးမှ ရရှိခဲ့တယ်လို့ ဆိုပါတယ်)။

အရွယ်အစားနှင့် အချိုးမျှတမှုကြောင့် အလှဆုံးစာရင်းဝင်စိန်ကြီးလည်း ဖြစ်ပါတယ်။ စတင်တွေ့ရှိချိန်က ၇၉၃ ကာရက် ရှိခဲ့တာကြောင့် ကမ္ဘာ့ အကြီးဆုံး စိန်ပွင့်ကြီးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီစိန်ကိုရဖို့ ရှေးဟောင်း ဆစ်ခ်၊မဂို နဲ့ ပါရှန်းလူမျိုးတွေ ဟာ နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြပါတယ်။

မဂိုဘုရင် မိုဟာမက်ရှား ထံမရောက်မီ အချိန်အထိ စိန်ကြီးဟာ များပြားလှစွာသောဘုရင်တွေလက်ထဲကို ရောက်ခဲ့ပြီးပါပြီ။ မိုဟာမက်ရှားစစ်ရှုံးပြီးတဲ့နောက် ၁၇၃၉ ခုနှစ်တွင် ပါရှန်းဘုရင် နဒီရှားထံသို့ရောက်ရှိခဲ့ ပါတယ်။ ပါရှန်းဘုရင် နဒီရှားဟာအိန္ဒိယဒေလီ ကို သိမ်းပိုက် ပြီး တဲ့နောက် အလွန်တောက်ပတဲ့စိန်ကြီး ကိုပထမဆုံးမြင်လိုက်တဲ့အချိန်မှာ ပါရှန်းဘာသာနဲ့ အလင်းတောင်ကြီး (Kohinoor) လို့ အော်ဟစ်ခဲ့ရာ ကနေ စိန်ကြီးရဲ့နာမည်ဟာ ကိုဟီးနူးစိန်ရယ်လို့ဖြစ်လာ ခဲ့တာပါ။

နဒီရှားဟာ လူယုံတော်တွေရဲ့လုပ်ကြံရခြင်း ကိုခံခဲ့ရပြီးတဲ့နောက် စိန်ကြီးကို မြေးဖြစ်သူ Shah Rukh Mirza က သိမ်းပိုက်ခဲ့ပါတယ်။ ဘုရင်ဖြစ်လာတဲ့ Shah Rukh Mirza ဟာ ပြသနာမျိုးစုံကိုကြုံတွေ့ခဲ့ရပြီး သူ့ရဲ့အခက်အခဲတွေကို Durrani (နောင် အာဖကန် နစ္စတန်)ဘုရင် Ahmad Shah Durrani က ကူညီ ဖြေရှင်း ပေးခဲ့ပါတယ်။ ဒါကြောင့် ကျေးဇူးတင်တဲ့အနေ နဲ့ စိန်ကြီးကို Ahmad Shah Durrani ဆီ လက်ဆောင် ပေးခဲ့ပါတယ်။

အဲဒီနောက်မှာတော့ စိန်ကြီးကို Durrani ဘုရင်ဆီက နေ ပန်ဂျပ်ပြည်က ဆစ်ခ်အင်ပါယာခေါင်းဆောင် Ranjit Singh က ပြန်လည်သိမ်းပိုက်ခဲ့ပြန်ပါတယ်။ သူဟာ စိန်ကြီးကို အလွန်နှစ်သက်ခဲ့ပြီး အခြားစိန် အသေးနှစ်လုံးနဲ့အတူ သူ့ရဲ့လည်ပင်းမှာ အမြဲချိတ်ဆွဲ ထား ခဲ့ပါတယ်။ ၁၈၄၉ မှာတော့ ဗြိတိသျှတွေဟာ ပန်ဂျပ်ပြည်ကို သိမ်းပိုက်ခဲ့ပြီးနောက်မှာတော့ စိန်ကြီး ဟာလည်း အရှေ့အိန္ဒိယကုမ္ပဏီမှတစ်ဆင့် ဝိတိုရိယ ဘုရင်မကြီးရဲ့ သိမ်းယူခြင်းကို ခံလိုက်ရပါတော့တယ်။

အများနဲ့မတူ တမူထူးခြားတဲ့ ဒီစိန်ကြီးဟာ ကျိန်စာ သင့်တဲ့စိန်လို့လည်း ဆိုကြပါသေးတယ်။ ဒီစိန်ကြီးကို စစ်နိုင်သူက အဆင့်ဆင့် သိမ်းပိုက်ခဲ့ကြတာကြောင့် ခေတ်အဆက်ဆက် ပိုင်ဆိုင်ခဲ့ကြတဲ့ ဟိန္ဒူ၊ မဂိုရ်၊ အာဖဂန်၊ ဆခ် ဘုရင် မင်းညီမင်းသားများ၊ မဟာရာဇာ စော်ဘွားများ၊ ပါးရှန်းဘုရင်များဟာ ထီးနန်းလက်လွတ် ဆုံးရှုံးရတာတွေ ကံဆိုးမိုးမှောင်ကျခဲ့တာတွေ ထူးဆန်းစွာ တိုက်ဆိုင်မှု ရှိခဲ့ကြတော့ ကိုဟီးနူးစိန်ဟာ ပိုင်ဆိုင် ထားတဲ့သူ (အမျိုးသားများ) ကို ခိုက်စေတယ်ဆိုတဲ့ ယုံကြည်မှုတွေ ပြင်းထန်ခဲ့ကြပါတယ်။

၎င်းစိန်ကို လက်ဝယ် ပိုင်ဆိုင်ထားသူ၊ ဝတ်ဆင်သူဟာ အမျိုးသမီး ဖြစ်ခဲ့ရင်တော့ ကျိန်စာဟာ အကျိုးသက်ရောက်မှု မရှိဘူး လို့လည်း ဆိုကြပါတယ်။ ၀ိတိုရိယဘုရင်မဟာ ဒီကိုဟီးနူးစိန် တပ်ဆင်ထားတဲ့ သရဖူကို ဆောင်းခဲ့တဲ့ ပထမဆုံးသော အမျိုးသမီး ဧကရာဇ် ဖြစ်ပါတယ်။ ဝိတိုရိယဘုရင်မကြီး ကွယ်လွန်ပြီး နောက် အဲလီဇဘက် ဘုရင်မကြီးဟာ ဒီသရဖူကို ဆက်ခံခဲ့ပါတယ်။ ကိုဟီးနူး စိန်ကြီးဟာ အရည်အသွေး အားဖြင့်ရော သမိုင်းဝင် ရတနာအဖြစ်ပါ တန်ဖိုးကြီးမား လှတာကြောင့် ဘယ်ရွေ့ ဘယ်မျှရယ်လို့ တန်ဖိုးဖြတ် မရတဲ့ ကမ္ဘာ့ အဖိုးထိုက်တန်ဆုံး စိန်ကြီးတစ်ပွင့်အဖြစ် သတ်မှတ်ထားကြရပါတယ်။

၁၈၆၂ ခုနှစ်မှာ ရတနာကုန်သည်ကြီး Borgio က ကာရက်ချိန် ၁၉၁ ရှိ ထိုစိန်တုံးကြီးကိုသွေးရာ ၁ဝ၅ ဒသမ ၆၀ ကာရက်သာ ကျန်ပါတော့တယ်။ အယ်လိဇဘတ်ဘုရင်မကြီး သေဆုံးပြီးနောက်မှာတော့ ဗြိတိန်နိုင်ငံ နန်းစဉ်ရတနာအဖြစ် လန်ဒန်မျှော်စင် (Tower of London)တွင် ပြသထားပါတယ်။

အိန္ဒိယလွတ်လပ်ရေး ရပြီးတဲ့အခါမှာတော့ စိန်ကြီးကို ပြန်ပေးဖို့ ဗြိတိန်ဘုရင်မကြီးထံတောင်းဆိုခဲ့ပေမယ့် ပြန်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ ၁၉၅၃ခုနှစ်မှာ နောက် တစ်ကြိမ်ထပ်တောင်းပါတယ်။ ဒါပေမယ့် ထပ်ငြင်းဆန် ခဲ့ပါတယ်။ အကြိမ်ပေါင်းများစွာတောင်းဆိုခဲ့သော်ငြား ငြင်းပယ်ခြင်းကိုသာခံခဲ့ရပါတယ်။ ဗြိတိသျှတို့ဟာ လက်အောက်ခံနိုင်ငံတွေက လုယူသိမ်းပိုက်ခဲ့တဲ့ မည်သည့်ရတနာကိုမှ ပြန်လည်ပေးအပ်ခြင်းမရှိခဲ့ပါဘူး။ ကျိန်စာသင့် ကိုဟီးနူး စိန်ကြီးကို ပိုင်ဆိုင်ထားတဲ့ ဗြိတိန် ဘုရင်မကြီးဟာ ၉-၉-၂၀၂၂ ရက်နေ့ မြန်မာစံတော်ချိန် ၀၀:၁၀ နာရီကျော်မှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page