ရုရှားတွေကို ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်မယ်ဆိုတဲ့ စကစ (အပြောကတော့ ငအောပါပဲ)

ရုရှားနိုင်ငံက ထွက်တဲ့ ပင်လယ်ငါးတွေကို မြန်မာနိုင်ငံမှာ တန်ဖိုးမြှင့်ထုတ်ကုန် အဖြစ်ထုတ်လုပ်ပြီး ရုရှားကို ပြန်ပို့နိုင်ရေး ဆွေးနွေးသွားမှာဖြစ်တယ်လို့ စကစ လက်အောက်ခံစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောပါတယ်။

ရုရှားနိုင်ငံမှာ စက်တင်ဘာ(၂၁)ရက်ကနေ (၂၃)ရက်အထိကျင်းပမယ့် ကမ္ဘာ့ ငါးနဲ့ ပင်လယ်စာ ပြပွဲမှာ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်အနေနဲ့ အဲဒီကိစ္စရပ်နဲ့ပတ်သက်ပြီး ဆွေးနွေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါအပြင် အဲဒီဖိုရမ်မှာ ရေထွက်ကုန်အတွက် နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာနဲ့ ငါး/ပုစွန်မျိုးမြှင့်တင်တဲ့ နည်း ပညာအပြင် ရေထွက်ကုန်ကဏ္ဍအကျိုးဖြစ်ထွန်းစေမယ့် ကိစ္စရပ်တွေကိုလည်း ဆွေးနွေးသွားမယ်လို့ ဒေါက်တာ အောင်ကြီးက ပြောပါတယ်။

ရေထွက်ကုန်ကဏ္ဍမှာ မြန်မာ-ရုရှားနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကနေ ငါး/ပုစွန်ကဏ္ဍဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းသွားမှာဖြစ်တယ်လို့ ဒေါက်တာ အောင်ကြီးက ပြောပါတယ်။ ထိုသို့ ကြီးကြီးကျယ်ကျယ် ပြောသွားပေမယ့်လည်း ကိန်းဂဏန်းတွေအရ မြန်မာ့ရေထွက်ကုန်ပစ္စည်း တင်ပို့မှုဟာ သမိုင်းမှာ အနိမ့်ဆုံး အခြေအနေကို ရောက်ရှိနေပါတယ်။

ကိုယ့်နိုင်ငံက ထွက်တဲ့ ငါးပိ ငါးခြောက်ကိုသာ ဆိုးဆေးနဲ့ အရောအနှောကင်းအောင် အရင်ထုတ်ဖို့ လိုအပ်ကြောင်း၊ ရုရှားနဲ့ ပေါင်းရမယ်လို့ ပြောတိုင်း မဖြစ်နိုင်တဲ့ နေရာတွေမှာ လိုက်ပူးပေါင်းနေရင် ဟာသတွေသာ ဖြစ်နေမှာ ဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်တဦးက မှတ်ချက်ချပါတယ်။

စကစ အနေနဲ့ ရုရှားတနိုင်ငံတည်းသာ အားကိုးရာလို့ မှတ်ယူထားတာကြောင့် ရုရှားနဲ့ ကဏ္ဍစုံ ပူးပေါင်းရေးတွေကို အတင်းလိုက်လုပ်နေတာဟာ မရှိတဲ့ သိက္ခာကို ပိုမဲ့စေပြီး အရမ်းဖားယားတဲ့ အသွင်ပေါ်နေတယ်လို့ ပြည်သူတွေက သုံးသပ်နေကြပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page