တခေတ်တခါတုန်းက ရန်ကုန်မှာ တည်ရှိခဲ့တဲ့ ကမာရွတ်လှည်းတန်းရဲ့သိုင်းလောကအကြောင်း
တရုတ်ပြည်ကသိုင်းလောကလိုပဲ။ မြန်မာပြည်မှာသိုင်းလောက၁ခုရှိခဲ့ဖူးတယ်ဆိုရင်ယုံနိုင်ကြပါ့မလား။ မယုံရင်ပုံပြင်လို့သာမှတ်ကြပါတော့… မဟာရန်ကုန်မြို့ရဲ့…ကမာရွတ်လှည်းတန်းဘက်မှာတော့တကယ်ရှိခဲ့ဖူးပါတယ်။
အဲဒီတုန်းက ကိုယ်တွေ ၁ တန်းကျောင်းသားအရွယ်လောက်၊ ဟောင်ကောင်အက်ရှင်မင်းသား၊ ဘရုစ်လီရဲ့ဇာတ်ကားတွေခေတ်စားနေချိန်တုန်းကပေါ့ (ဘရုစ်လီရဲ့ဇာတ်ကားတွေကြည့်ချင်ရင်ရပ်ကွက်ထဲက ဗီဒီယိုရုံမှာသွားကြည့်ကြရပါတယ်)
တီဗီအိမ်တိုင်းမှာမရှိသေးပါ။ သင်္ဘောသားပြန်အိမ်တွေမှာပဲ ရှိကြတာပါ။ သင်္ဘောကျ တီဗီတွေပဲများပါတယ်။ အဲဒီအိမ်တွေမှာ ရပ်ကွက်ထဲက ကလေးတွေက လူစုပြီး တီဗီ သွားကြည့်ကြရပါတယ်။ ကိုယ်တွေ ရောက်သွားကြတာ အချိန်စောနေရင် အိမ်ရှင်တွေက ပြောဆိုငြိုငြင်ကြတာလည်း ခံကြရပါတယ်။ ကလေးတွေဆိုတော့လည်းမနာတတ်ကြပါ။
အဲဒီတုန်းက… ကိုယ်တွေ မိသားစုက ၄ရပ်ကွက်… ၆လမ်းထိပ်မှာ ပျဉ်ထောင် ၂ ထပ် အိမ်နဲ့နေခဲ့ကြတာပါ။ အိမ်ပိုင်ရှင် အဘိုး(ဦးစိန်မြိုင်+အဘွားဒေါ်အေးမြင့်)တို့ရဲ့ ဦးဆောင်မှုအောက်မှာ ကျန်တဲ့ သားသမီး၅ယောက်ရဲ့ မိသားစု ၅ စုလုံး အတူတူ ညီညီညွတ်ညွတ် စုပေါင်းနေထိုင်ခဲ့ကြပါတယ်။ စတီဗင်ချောင်ဇာတ်ကားထဲကလို မိသားစုအိမ်ကြီးပေါ့
အဲဒီခေတ်တုန်းက ပြဿနာ၁ခုခုဖြစ်ရရင် ရဲတိုင်လေ့မရှိကြပါ လက်ရုံးရည်နဲ့ပဲအချင်းချင်းဒဲ့ရှင်းတတ်ကြပါတယ် (အများကြီးတော့မဟုတ်ပါဘူး မှတ်လောက်သားလောက်ရုံ ကျိုးပဲ့ရုံလောက်ပေါ့)
အဘိုးရဲ့ ပျဉ်ထောင်၂ထပ် အိမ်က မြင့်တယ် လမ်းထိပ်လည်းဖြစ်နေတော့ ရပ်ကွက်ပတ်၀န်းကျင်မှာ သိုင်းသင်နေကြတာ တချို့ကိုလှမ်းမြင်နေရသလို ဖိုက်တင် ပွဲတချို့ကိုလည်း အိမ်အပေါ်ထပ် ၀ရန်တာကနေ လှမ်းမြင်နေရလေ့ရှိပါတယ်။ ထိုင်ကြည့် နေလို့ရပါတယ်
တခါက ဆင်မလိုက်အုန်းတောဘက်မှာ ဖိုက်တင်ပွဲဖြစ်တော့ ရဲရောက်လာတယ်။ နောက်တော့သူပါရောပြီး ထွက်ပြေးသွားရတဲ့ မြင်ကွင်းလေးကို မြင်ယောင်မိပါသေးတယ်။
အဲဒီခေတ်တုန်းက တရုတ်သိုင်း၀တ္ထုတွေကလည်း အရမ်းနာမည်ကြီးတယ်.။ ၄ရပ်ကွက်အောက်ပိုင်း(တောင်ဘက်ပိုင်း)က ဦးလှမြင့်စာအုပ်အငှားဆိုင်မှာဆို သိုင်း၀တ္ထုစာအုပ်တွေ ရာနဲ့ချီပြီး ရှိပါတယ်။ ဦးလေးတွေ ငှားဖတ်နေကျ နောက်ပိုင်းကျတော့ ကျွန်တော်တို့ခြေရာတွေချည်းပေါ့
ကျောင်းမုန့်စားလွှတ်ချိန် ကျောင်းဆင်းချိန်တွေမှာ ကလေးတွေ ဆော့ကြတော့လည်း သိုင်းချတိုင်းကစားကြမယ်တဲ့။ ဆင်ကြယ်ဖိနပ်၂ဖက်ကို လက်၂ဖက်မှာချိတ် ပုဆိုးကို ကွင်းသိုင်းပြီး ဘောင်းဘီတိုနဲ့ အကောင်အကြီးဆုံး/အသက်အကြီးဆုံးသူကို ဝိုင်းထိုးကြတာလေ။ သူက ထွက်ပြေးလိုက် ပြန်ထိုးလိုက် ကလေးတွေကနောက်ကနေပြေးလိုက်ပြီး ထိုးကြပေါ့။ ကလေးအားလေးတွေနဲ့ အပျော်ထိုးကြတာဆိုတော့လည်း ဘယ်နာကြပါ့မလဲ
ဦးလေးတွေ အကုန်လုံးကလည်း သိုင်းပညာ ၁မျိုးဆီ တတ်မြောက်ကြတယ်။ ဗန်တို၊ သိုင်းပြောင်းပြန်၊ လိုင်းမွန်း စသည် သူတို့အ ားလုံးကြောက်ကြတာကတော့ အဘိုးပေါ့။ ဗန်တို+ဗန်ရှည်ကို ခန်း၀င်ခန်းထွက်အောင်ထားတာကိုး (အဘိုးကလက်တင်မက..ခြေထောက်ညှပ်အားပါ အရမ်းသန်တယ်…လူတယောက်ကို ခြေမခြေညှိုး ညှပ်အားနဲ့ ဆွဲမထားနိုင်တယ်..အဲဒီလောက်ကျင့်ထားတာ)
အဲဒီခေတ်တုန်းက ကမာရွတ်လှည်းတန်း ပတ်၀န်းကျင် မြို့ပတ်မီးရထားလမ်းတလျှောက် ဘေးတဖက်တချက်( ယခုခြင်းကွင်း/ကန်စွန်းကန်နေရာ. မြေကွက်လပ်တွေမှာ. သိုင်းသင်တန်းတွေ အများကြီးရှိခဲ့ကြပါတယ်)
မြို့ပတ်ရထားစီးတိုင်း သိုင်းအဖွဲ့တွေ လေ့ကျင့်ကြတာကို အမြဲတွေ့ခဲ့ရတယ် အားကျမိခဲ့ပါတယ် သိုင်းအဖွဲ့တွေကများသောအားဖြင့်တော့… အင်္ကျီအဖြူဘောင်းဘီအဖြူ၀မ်းဆက် ခါးပတ်အနက်နဲ့ ယား အိ အုစ် အားး ဆိုပြီး ကီသွင်းပြီး လေ့ကျင့်ကြတဲ့ အဖွဲ့မျိုးတွေက များပါတယ်။
သိုင်းဆရာတွေလည်း လခဘယ်လောက်ရကြသလဲမသိပေမဲ့ တပည့်တွေ (အထူးသဖြင့် လူငယ်အရွယ်တပည့်တွေ) ဒုက္ခပေးတာတော့ ခံကြရပါတယ်။ ဘယ်လိုဒုက္ခပေးကြသလဲဆိုတော့..
သိုင်းသင်တန်းမတူကြတဲ့သိုင်းသမား၂ယောက်အကြောင်းတခုခုနဲ့ထိပ်တိုက်တွေ့မိကြတဲ့အခါ “မင်းကဘယ်အဖွဲ့ကလဲ? မင်းဆရာကဘယ်သူလဲ? ” “အောင်မာ မင်းဆရာက ဘယ်လောက်တော်နေလို့လဲ? ငါ့ဆရာက—-ကွ ဟားဟား” “အဲဒါဆို မင်းဆရာနဲ့ ငါ့ဆရာချမလား? ရှုံးရင် မင်းငါ့ဆရာကို တောင်းပန်ပြီး ငါတို့သင်တန်းပြောင်းတက်ရမယ်… ဘယ်နှယ့်လဲ?” “ဟားဟား စိန်လိုက်လေ မင်းဆရာကို မင်းရအောင်ခေါ်ခဲ့ ငါ့ဆရာငါခေါ်ခဲ့မယ်။ မနက်ဖြန်နေ့လည် ဘောလုံးကွင်းထဲမှာဆုံကြမယ်။ အေး မင်းဆရာရှုံးရင်လည်းမင်းပြောတဲ့အတိုင်းပဲနော်”
သိုင်းသင်တန်းမှာသိုင်းလေ့ကျင့်နေကြတုန်း “ဆရာဆရာ ကယ်ပါအုံးဆရာရယ်” “ဟာတပည့် ဘယ်လိုဖြစ်လာတာတုန်း..ဒဏ်ရာတွေနဲ့” “ဟို အဖွဲ့ကကောင်တွေ ကျွန်တော့်ကို စော်လိုက်ကြတာ ” “ဟာ မင်းငါ့နာမည် မပြောလိုက်ဘူးလား?” “ပြောတာပဲဆရာရဲ့၊ သူတို့ဆရာက ဆရာ့ကိုဂရုမစိုက်ဘူး၊ သူ့ပညာကဆရာ့ထက်သာတယ် မကြေနပ်ရင် မနက်ဖြန် နေ့လည်ဘောလုံးကွင်းမှာ ဆရာနဲ့ ယှဉ်ချင်တယ် “တဲ့ “ဘာကွ အေး…တွေ့ကြသေးတာပေါ့ကွာ ” အဲဒီလိုတပည့်တွေရဲ့ ကောင်းမှုနဲ့ ဆရာတွေ အချင်းချင်း ဆော်ပလော်တီး ကြရပါတော့တယ်။ သိုင်းပြိုင်ပွဲသဘောမျိုးပေါ့။
အိုင်ပီမန်း ဇာတ်ကားတွေကို ကြည့်လိုက်ရင် အဲဒီခေတ်က ကမာရွတ်လှည်းတန်းရဲ့ သိုင်းလောကကို မှန်းဆလို့ရမယ်ထင်မိပါတယ်။ တော်တော်လေး နီးစပ်ပါတယ်။
တပည့်တွေက ငြင်းကြပြိုင်ကြ..လောင်းကြ…ဆရာတွေက ဒဏ်ရာရ၊ တိုင်းရင်းဆေးဆရာတွေ၊ အရိုးအကြောဆရာတွေကပိုက်ဆံရ၊ အဲဒါတချိန်တုန်းကမြန်မာပြည်ရဲ့သိုင်းလောကပေါ့
(အဲဒီခေတ် ကမာရွတ်သိုင်းလောကကို ဇာတ်အိမ်တည်ပြီး သိုင်းသင်တန်းတွေနဲ့ အဲဒီတုန်းက နာမည်ကြီးပုဂ္ဂိုလ်တွေအဖြစ်အပျက်တွေ၊ ဖိုက်တင်ပွဲတွေကိုအခြေတည်ပြီး အိုင်ပီမန်း စတိုင် မြန်မာသိုင်းဇာတ်လမ်းတွေရိုက်လို့ရမယ်လို့တောင် ယူဆမိပါတယ်)
ကိုယ်သာ ဒါရိုက်တာ ထုတ်လုပ်သူ တစ်ယောက်ဖြစ်ခဲ့မယ်ဆို အဲဒီလို ဖြစ်ရပ်မှန် သိုင်းဇာတ်ကားမျိုးရိုက်ချင်မိတယ်။ အခုတော့လည်း ခေတ်တွေပြောင်းကုန်ပါပြီ။
အခုခေတ် ဘယ်ကလေးတွေမှလည်း သိုင်းချတမ်းကစားတာ မတွေ့ရတော့သလို။ မီးရထားသံလမ်းနံဘေးက သိုင်းသင်တန်းကျောင်းလေးတွေကိုလည်း မတွေ့ရတော့ပါ။ ကမာရွတ်လှည်းတန်းရဲ့ဟိုအရင်ခေတ်ကသိုင်းလောကကို လွမ်းမိပါတယ်။
နာမည်ကြီးသိုင်းဆရာကြီးများနှင့် သိုင်းသင်တန်းများကို ရှာဖွေ ဖော်ပြလိုက်ပါတယ်-
ဦးထွန်းစာ (မက္ခရာဒါး)၊ ဆရာကြီးဦးမောင်လေး၊ ဆရာကြီးဦးလှသိန်း၊ ပြောင်းပြန်၊ ကရာတေး၊ ဦးစိုးမြင့် ကွန်ဖူး/ဗန်တို၊ ချိုညီနောင်၊ မြန်မာ့သိုင်း၊ မြတ်စောညီနောင်၊ မြန်မာလက်ဝှေ့၊ ရှမ်းတရုတ်၊ နန်းတွင်းသိုင်း၊ လိုင်ချင့် ရှမ်းသိုင်း၊ ဂျူဒို/အိုက်ခီဒို၊ ဗန်းမော်ဦးသိန်းအောင်လေး၊ နဂါးနက်၊ နဂါးမာန်၊ Boxing၊ ဂျူဂျစ်ဆုနှင့်တကွ သိုင်းဆရာပေါင်းများစွာ သင်တန်းပေါင်း များစွာ ရှိခဲ့ကြပါတယ်။
KoYuWai