မြန်မာတပြည်လုံးက ကျပ် (၅၀၀) တန် ထမင်းဆိုင်တွေအတွက် ကြက်သွန်နီ လိုသလောက် လှူမယ့် အလှူရှင်

မြန်မာတနိုင်ငံလုံးရှိ ကျပ်ငါးရာကျပ်တန် မြန်ကောင်းသက်သာ ထမင်းဆိုင်များတွင် ဟင်းချက်ပြုတ်ရန်အတွက် ကြက်သွန်နီလိုအပ်ပါက အခမဲ့ပေးပို့လှူဒါန်းပေးမည်ဖြစ်ကြောင်း ပြင်ဦးလွင်မြို့၊ ဒေါ်ကြင်မေပွဲရုံမှ သိရပါတယ်။

“ကျမတို့ပွဲရုံ မိသားစုနဲ့အတူ ပြင်ဦးလွင်က စေတနာရှင်တွေရဲ့ စေတနာ မျှဝေတဲ့ ပေါင်းကူးအလှူတော်ပါ။ ပြင်ဦးလွင်ကနေ ကားဂိတ်ရှိတဲ့မြို့တွေကိုသာ ပေးပို့ပေးနိုင်မှာဖြစ်ပြီး ကားခသာလျှင် ထမင်းဆိုင်ဘက်ကနေ ကျခံပေးရမှာဖြစ်ပါတယ်။

လောလောဆယ်တော့ ရန်ကုန်မြို့က တန်ဖိုးနည်း ထမင်းဆိုင်နှစ်ဆိုင်စီကို ပိဿာချိန် ၅၀၀ စီ ပေးပို့ထားလိုက်ပါပြီ။ ကျမတို့ပွဲရုံမှာ လှောင်ထားတဲ့ ကြက်သွန်တွေ မကုန်မချင်းပဲ လှူဒါန်းပေးသွားဖို့ရှိပါတယ်။ လှူပေးတဲ့အချိန်အတိုင်းအတာတခုကျော်သွားရင်လည်း တန်ဖိုးနည်းထမင်းဆိုင်တွေကမှာရင် အရင်းအတိုင်းရောင်းပေးတာမျိုး၊ ဈေးလျှော့ပေးတာမျိုးတွေ ဆက်လုပ်ပေးဖို့ ရှိပါတယ်”ဟု ဒေါ်ကြင်မေပွဲရုံမှ ပိုင်ရှင် သီဟဗလဒေါ်ခင်ထွေးက ပြောကြားပါတယ်။

ပြင်ဦးလွင်မြို့၏ အကြီးဆုံး ပွဲရုံကြီးဖြစ်သည့် ဒေါ်ကြင်မေပွဲရုံသည် ဈေးကြီးမြောက်ဘက်၊ ကုန်သည်လမ်း၊ သီဟဗလတိုက်တွင် တည်ရှိရာ ကြက်သွန်နီ အလှူခံလိုသည့် မြန်ကောင်းသက်သာ ထမင်းဆိုင်များအနေနဲ့ ဆက်သွယ်နိုင်ကြောင်း သိရပါတယ်။

မြန်ကောင်းသက်သာ ထမင်းဆိုင်တွေအတွက်ကတော့ သတင်းကောင်းပါပဲ။ ဒီလို အလှူရှင်တွေ ရှိတဲ့အတွက်ကြောင့် (၅၀၀) ကျပ်တန် ထမင်းဆိုင်တွေ ထပ်မံပေါ်ပေါက်လာတော့မှာ ဖြစ်ပါတယ်။

ဒီလို လှူဒါန်းကြတာတွေကို ကြည့်လိုက်ရုံနဲ့ မြန်မာဟာ ကမ္ဘာမှာ အလှူအတန်း အရက်ရောဆုံး နိုင်ငံဖြစ်တယ်ဆိုတာ သံသယ ရှိစရာ မလိုတော့ပါဘူး။

လှူဒါန်းကြတဲ့ ကုသိုလ်ရှင် တယောက်စီတိုင်း ကျန်းမာ ချမ်းသာစေပြီး စည်းစိမ်ဥစ္စာတွေ ဒီရေအလား တိုးတက်ပါစေလို့ ဆုတောင်း ပေးလိုက်ရပါတယ်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page