လာစားသူတွေ အဆင်ပြေအောင် ခေတ်မီနည်းလမ်းတွေပါ သုံးထားတဲ့ အဝစား ၅၀၀ကျပ် ထမင်းဆိုင်

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီမုခ်ဦးတန်းရပ်ကွက်တွင် ငွေကျပ်ငါးရာတန် အဝစား မြန်ကောင်းသက်သာ ထမင်းဆိုင်ကို ဒီဇင်ဘာ၄ ရက်မှာ စတင်ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရပါတယ်။

“မလှူနိုင်စျေးရောင်းဆိုတဲ့အတိုင်း ကျမတို့ မိသားစုကနေ အခြေခံလူတန်းစားမရွေးစားသုံးနိုင်အောင် စျေးတန်တန်လေးနဲ့ အဝစားထမင်းဆိုင်ကို ဖွင့်ဖို့ ပြင်ဆင်နေပါပြီ။ တခုလေး‌ မေတ္တာရပ်ခံချင်တာကတော့ ထမင်းဖြူနဲ့အရံဟင်းလျာတွေကိုပဲ အဝစားပါ။ အသားဟင်းကတော့ ပထမတခါထည့်လေးပါပဲရှင့်။ ခုမှ စဖွင့်မှာမို့ လိုအပ်ချက်လေးများ ရှိလာခဲ့ရင်လည်း နားလည်ပေးစေလိုပါတယ်”ဟု ထမင်းဆိုင်ဖွင့်မည့် မမိလေးက ပြောပါတယ်။

ထမင်းဖြူနှင့်အတူ ကြိုက်နှစ်သက်ရာ အသားဟင်းတမျိုး၊ အရံဟင်းလျာ၊ ငပိရည်၊ ငံပြာရည်၊ အတို့အမြုပ်တို့ဖြင့် ဖွယ်ဖွယ်ရာရာ ပါဝင်ကာ ထမင်းဆိုင်ဖွင့်ချိန်အဖြစ် နံနက်(၁၁)နာရီမှ နေ့လယ် (၂)နာရီထိ သတ်မှတ်ထားပါတယ်။

အဆိုပါ အလင်းရောင် တန်ဖိုးနည်းထမင်းဆိုင်အတွက် ရွှေမြန်မာဦးဆန်ဆိုင်က ဆန်များကို အရင်းအတိုင်းရောင်းချပေးခြင်းဖြင့်လည်းကောင်း၊ ကိုယာကွတ်နှင့်ညီများ စတီးပစ္စည်းဆိုင်က ပစ္စည်းများကို ဈေးလျှော့ပေးသည့်အပြင် စတီးလ်ထမင်းအုပ်(၂)လုံး လှူဒါန်းခြင်းဖြင့် လည်းကောင်း၊ အကယ်ဒမီ ထမင်းပေါင်းအိမ်ဆိုင်က ဈေးလျှော့ပေးခြင်းဖြင့် လည်းကောင်း၊ တော်ဝင်ပန်း ပလတ်စတစ်ပစ္စည်းဆိုင်က လိုအပ်သည့်ပစ္စည်းများကို အရင်းအတိုင်းဖြင့်သာ ရောင်းပေးခြင်းဖြင့်လည်းကောင်း အသီးသီး ကုသိုလ်ပါဝင်ထားကြပါတယ်။

လက်ရှိ မန္တလေးမြို့တွင် ဒီဇင်ဘာ၁ ရက်မှစတင်၍ ကျပ်ငါးရာတန် မြန်ကောင်းသက်သာ ထမင်းဆိုင် ဖွင့်လှစ်မှုသည် ၅ ဆိုင် နီးပါးထိ ရှိလာပြီး အလှူရှင်များကလည်း ပါဝင်လှူဒါန်းလျက်ရှိကြပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page