ထိုင်းကို ရောက်လာတဲ့ အိုမီခရွန်ကိုဗစ်ပိုးနဲ့ အချိန် သိပ်မကျန်တော့တဲ့ မြန်မာပြည်

မြန်မာနဲ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ပထမဆုံး အိုမီခရွန်ဗိုင်းရပ်စ်သစ် ကူးစက်မှုတစ်ခု တွေ့ရှိလာရကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ယနေ့မှာ ထုတ်ပြန်ပါတယ်။

လွန်ခဲ့တဲ့တစ်ပတ်နီးပါးက စပိန်နိုင်ငံမှ ထိုင်းနိုင်ငံကို ဝင်ရောက်လာခဲ့တဲ့ ခရီးသွားတစ်ဦးထံမှာ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သစ် အိုမီခရွန်ကူးစက်မှု စစ်ဆေးတွေ့ရှိခဲ့တာဖြစ်တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။

အဆိုပါ ခရီးသွားကို နိုဝင်ဘာ ၃၀ ရက်နေ့မှာ ကိုဗစ် စစ်ဆေးခဲ့ပြီး နောက်တစ်နေ့မှာ ကူးစက်ခံထားရကြောင်း အဖြေထွက်ခဲ့ပြီး အိုမီခရွန်ဗိုင်းရပ်စ်သစ်ကြောင့် ကူးစက်မှုဖြစ်ကြောင်း လက္ခဏာတွေ့ခဲ့ရတယ်လို့ ဆေးသိပ္ပံဌာနရဲ့ အထွေထွေညွှန်းကြားရေးမှူးက ပြောပါတယ်။

ထို့နောက် ဒီဇင်ဘာ ၃ ရက်နေ့မှာ နောက်တစ်ကြိမ် ထပ်မံစစ်ဆေးခဲ့ရာမှာလည်း အလားတူ ဓာတ်ခွဲခန်းအဖြေထွက်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ လူနာဟာ အိုမီခရွန်ဗိုင်းရပ်စ် အမှန်တစ်ကယ် ကူးစက်ခံခဲ့ရတာ ၉၉ ရာခိုင်နှုန်း ဖြစ်နိုင်ခြေရှိတယ်လို့ ဆိုပါတယ်။

အမည်မဖော်ပြထားတဲ့ လူနာဟာ တောင်အမေရိကမှ အသက် ၃၅ နှစ်အရွယ် အမျိုးသားဖြစ်ကြောင်း ဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပေမဲ့ မည်သည့်နိုင်ငံသားဖြစ်ကြောင်းကိုတော့ ထုတ်ဖော်ပြောခြင်း မရှိပါဘူး။

သတင်းအချို့မှာတော့ ထိုအမျိုးသားဟာ အမေရိကန်နိုင်ငံသားလို့ ဖော်ပြပါတယ်။ ယခုအခါ ထိုအမျိုးသားဟာ ဆေးရုံမှာ ကုသမှုခံယူနေကြောင်းနဲ့ ထိုင်းကိုလာရောက်တဲ့ ၎င်းရဲ့ခရီးစဥ်အတွင်း ကြိုတင်ကာကွယ်မှုကို အတိအကျ လိုက်နာခဲ့တာကြောင့် ကူးစက်ခံရမှုအန္တရာယ်မြင့်မားတဲ့ ထိတွေ့သူ မရှိဘူးလို့ သိရပါတယ်။

လက်ရှိအချိန်အထိ ထိုင်းနိုင်ငံမှာ အိုမီခရွန်ဗိုင်းရပ်စ်သစ် ပြည်တွင်းကူးစက်မှု မရှိသေးကြောင်းနဲ့ ယခုတွေ့ရှိရတဲ့ ကူးစက်ခံရသူ ခရီးသွားဟာ ပြည်ပမှာ ကူးစက်ခံခဲ့ရတာဖြစ်ကြောင်း သတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။

တောင်အာဖရိကနိုင်ငံမှာ ပထမဆုံး တွေ့ရှိလာရတဲ့ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် အိုမီခရွန်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ‘စိုးရိမ်စရာ’ အဖြစ် သတ်မှတ်ထားပါတယ်။ အိုမီခရွန်ဟာ နိုင်ငံတကာသို့ ကူးစက်ပျံ့နှံ့ဖွယ်ရှိပြီး ကူးစက်မှုများ မြင့်တက်လာနိုင်တဲ့အန္တရာယ် အလွန်မြင့်မားကြောင်း WHO က ပြောထားပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page