ပုစွန်တုပ်ထဲက သံခဲ ၂ ခဲနဲ့ ငရဲရောက်တာတောင် အလေးခိုးနေဦးမယ့် ဝိသမလောဘသားဈေးသည်တွေ
ယနေ့ စျေးက ဝယ်လာတဲ့ ပုစွန်တုပ်ကို ချက်မလို့ သန့်ရှင်းရေး လုပ်လိုက်တဲ့အခါမှာတော့ ပုစွန်တုပ် အသားထဲမှာ မြှုပ်ထားတဲ့ သံခဲ ၂ ခဲကို ထူးဆန်းစွာ တွေ့ရပါတယ်။
သံခဲ ၂ ခဲက တော်တော် လေးပြီး အနည်းဆုံး ၁၀ သားလောက် ရှိပါတယ်။ ဒီလိုလုပ်တာဟာ အလေးခိုးတဲ့ နည်းလိုပါပဲ၊ စျေးဆိုင်ထဲက ချိန်ခွင်တွေ၊ ကတ္တားတွေမှာ အလေးခိုး မထားဘဲ ဝယ်မယ့် ပစ္စည်းထဲမှာ အလေးချိန် များအောင် ထည့်လိုက်တဲ့ သဘောပါ။
ကြက်ဆိုလည်း ဆေးထိုးအပ်နဲ့ ရေထိုး၊ ဝက်သားဆိုလည်း လတ်တယ်ထင်ရအောင် ကြက်သွေးတွေကို အသားတွေ ပေါ် သုတ်ပေး၊ ငါးဆိုလည်း ဗိုက်တို့ ခေါင်းတို့ထဲမှာ အခုလို သံတုံးတွေ ခဲတုံးတွေထည့်၊ နှမ်းထဲမှာဆို သဲရော စတဲ့ နည်းတွေဟာ မြန်မာပြည်က ဝိသမ လောဘသား စျေးသည် အတော်များများရဲ့ စျေးဝယ်သူကို ဂျင်းထည့် နည်း ဖြစ်ပါတယ်။
ဒီလို ပုံစံနဲ့ ခေတ်အဆက်ဆက် စျေးဝယ်သူကို ဂျင်းထည့်လာခဲ့ကြတာ ယနေ့ခေတ်တိုင်အောင်ပါပဲ။ စျေးသည်တွေကတော့ စျေးဝယ်တွေက ဆစ်တာနဲ့ ကာမိအောင် ဒီလို လုပ်ရတယ်ဆိုပြီး အကြောင်းပြပေမယ့် ဒါဟာ မကောင်းမှု လုပ်တာပါပဲ။
ဆရာတော်ကြီးတွေကလည်း စျေးသည်တွေ အလေးခိုးရင် ခံရမယ့် အပြစ်တွေကိုလည်း အတိအလင်း ဟောထားပေမယ့် ယခုထက်ထိ လုပ်နေကြတုန်းပါပဲ။
အရင်တုန်းကတော့ အလေးမပြည့်ဘူးလို့ စျေးဝယ်သူက ယူဆရင် စျေးခေါင်းရုံးရှေ့မှာ ထားတဲ့ သမာဓိချိန်ခွင်မှာ သွားချိန်ပြီး အလေးပြည့် မပြည့် ကြည့်လို့ရပါတယ်။ စျေးခေါင်းကလည်း တာဝန် ယူပေးလေ့ ရှိပါတယ်။ အခုနောက်ပိုင်းကျတော့ စျေးခေါင်းတွေလည်း စျေးကောက် ကောက်တာကလွဲလို့ ဘာမှ မလုပ်တော့တာကို ဝမ်းနည်းဖွယ်တွေ့ရပါတယ်။
နိုင်ငံတကာမှာတော့ wet market လို့ ခေါ်တဲ့ ဒီလိုသားစိမ်းငါးစိမ်းစျေးမှာ ရောင်းမယ်ဆို သန့်ရှင်းသပ်ရပ်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်ရမယ်၊ အလေး မခိုးရဘူး စတဲ့ စည်းကမ်းချက်တွေကို လိုက်နာနိုင်မှသာ ရောင်းရမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ မြန်မာပြည် မှာကျတော့ စျေးကောက်နဲ့ အဆင်ပြေရင် ဘယ်လိုပဲ ရောင်းရောင်း အိုကေပါပြီ ဆိုတဲ့ ပုံစံဖြစ်နေပါတယ်။ မြန်မာတွေဟာ ရိုးသားကြပါတယ်ဆိုပြီး ပြောနေပေမယ့်လည်း ဒီလို တနပ်စား ဉာဏ်တွေနဲ့ ဝိသမလောဘသားတွေ ကြီးထွားနေတာဟာ အလွန် စိုးရိမ်ဖို့ကောင်းနေပါတယ်လို့ သံခဲ ၂ ခဲ ပါတဲ ပုစွန်တုပ်ကို ကြည့်ပြီး အတွေး ပွားနေမိပါတော့တယ်။