ဂျပန်မှာ အလုပ်သွားလုပ်နေတဲ့ မြန်မာလူငယ်လေး တဦးရဲ့ ပွင့်ပွင့်လင်းလင်း ဖွင့်ဟဝန်ခံချက်
လူငယ်တော်တော်များများလာချင်နေကြတဲ့ ဂျပန်နိုင်ငံကြီးလား?
ဂျပန်ရောက်သွားလို့ ပျော်နေကြတယ်။ မာနကြီးကြတယ် မခေါ်နိုင်မပြောနိုင်ဖြစ်ကြတယ် သုံးဖြုန်းနေကြတယ်လို့ မထင်လိုက်ပါနဲ့။
တကယ်တမ်းကြတော့ မနက်ဆို 5:00 နာရီ နိုးစက်မြည်သံနဲ့အတူ မထချင်ထချင်နဲ့ အိပ်ယာထခဲ့ရတဲ့ အချိန်တွေ၊ မိုးရွာလို့နားမယ်ဆိုတဲ့ “စကား”တောင်မရှိတဲ့နိုင်ငံဆိုတော့လဲ။
မိုးရွာထဲမှာ မလုံ့တလုံ ထီးကိုဆောင်း လေကတိုက်တော့ မိုးတွေက အောက်ပိုင်းတစ်ပိုင်းလုံးစို၊ ဒါလဲ အလုပ်လုပ်ရတာပဲ။ ဆောင်းတွင်းကြီး မိုးရွာရင်တော့ တွေးသာကြည့်ပေတော့၊
အလုပ်နောက်မကျအောင် ပြေးလွှားရင်း တစ်ခါတလေ မနက်စာ ထမင်းစားဖို့ မေ့နေခဲ့ရတဲ့ အချိန်တွေက နေ့တိုင်းနီးပါးပါဘဲ။ အလုပ်ဆိုလို့ အလုပ်ထဲမှာလဲ အရာအားလုံးအဆင်ပြေတယ်မထင်နဲ့ သူများနိုင်ငံမှာ သူများအလုပ်လုပ်နေတယ်ဆိုကတည်းက စဉ်းစားသာကြည့်ပေတော့မိတ်ဆွေ။
မပြောတော့ဘူး စဉ်းစားတော့၊ အမေဆူတာတောင် မခံနိုင်တဲ့ကောင်တွေက ဒီရောက်ရင်တော့ သွေးမတော် သားမစပ် ဘယ်သူကမွေးပြီး ဘယ်မှာကြီးလာမှန်းမသိတဲ့ကောင်တွေက ပြောသမျှ ဆူသမျှ ခံရမှာပဲ။
(မခံနိုင်လို့ပြန်ပြောရင်လဲ နောက်ဆုံးခံရတာကကိုယ်ပဲ၊ မကြိုက်လို့ အလုပ်ထွက်ရင်လဲ ခတ်ခဲတာက ကိုယ်ပဲ၊ မကျေနပ်လို့ ထိုးရင်လဲ ကိုယ့်စီလိုမဟုတ်ဘူး ချက်ချင်းတောင်ပြန်လွှတ်တာတွေရှိတယ် အမှု့ကလဲကြီးတယ် တွေးလိုက်ပါတယ် ကိုယ့်အမိမြေမှမဟုတ်တာလို့ )
အချိန်တွေကို ငွေနဲ့တည်ဆောက်ထားတဲ့ ဂျပန်နိုင်ငံကြီးမှာ ပိုက်ဆံတွေကို မက်မောရင်းနဲ့ တစ်နေ့ထက်တနေ့ မမောနိုင်မပန်းနိုင်နဲ့ လှုပ်ရှားရုန်းကန်နေခဲ့ရတဲ့ အချိန်တွေဟာ ဆိုရင် အခုဆို ၃ နှစ်ပြည့်တော့မယ်။
ညနေဘက် အလုပ်က ပြန်လာပြီဆိုရင်လည်း အိပ်တန်းတက်ချိန် အတောင်ညောင်းလာတဲ့ ငှက်ကလေးတစ်ကောင်လို အလုပ်က ပြန်လာချိန် ကြိုမယ့်သူမရှိတဲ့ အခန်းကျဉ်းလေးဆီ ပင်ပန်းနေတဲ့ ခြေလှမ်းတွေနဲ့အတူ ပြန်ခဲ့ရတဲ့ အချိန်တွေက ညနေတိုင်းပါဘဲ။
အိမ်ပြန်ချိန်ဆိုလို့ ညနေ 6 နာရီ၊ ည 9 နာရီလို့ မထင်လိုက်နဲ့၊ ည 11:00 လောက်မှ အလုပ်ပီး 12:00 လောက်မှအိမ်ပြန်ရောက် ( သူ့အချိန်နဲ့သူပေါ့ လူတိုင်းတော့မတူဘူး)
ပြန်ရောက်ပြီဆိုရင်လည်း တစ်နေ့တာ ပင်ပန်းတာတွေကို ခနမေ့ပြီး အရသာခံဖို့ နောက်တရက်အတွက်ခွန်အားဖြစ်ဖို့အတွက် ထမင်းစားဖို့ပြင်ရင်လဲ မိသားစုစုံစုံလင်လင်နဲ့ အရင်ကလို အမေချက်ထားတဲ့ ဟင်းအိုးလေးလှန်ပြီး ချိုချဉ်ငံစပ် အရသာ စုံစုံလင်လင်ကို အရန်သင့်စားရတယ် မထင်နဲ့
ဂျပန်မှာအလုပ်လုပ်နေလို့ ပျော်နေမှာဘဲလို့တော့ မထင်လိုက်ပါနဲ့။ ကျွန်တော်တို့ရဲ့ ငယ်ရွယ်တဲ့အချိန်တွေ ချစ်သူခင်သူတွေရဲ့ နှလုံးသားတွေနဲ့ တစ်ချို့သော အရာတွေကို စွန့်လွှတ်ခဲ့ရတာ အများကြီးပါဘဲ။ တန်ဖိုးရှိတဲ့အချိန်တွေကို ငွေတွေနဲ့ လာလဲနေကြရတာပါ။
တစ်ခါတလေကျရင် “ပျော်ရွှင်ခြင်း” ဆိုတာ ဘာလဲလို့ မေးယူရတဲ့အချိန်တွေတောင် ရှိခဲ့ဖူးပါတယ်။ ကိုနဲ့ရွယ်တူ ဂျပန်လူငယ်လေးတွေ အထာကျကျကျောင်းဝတ်စုံလေးတွေဝတ်၊ လွယ်အိတ်ကြီးတွေလွယ်ပြီး ကျောင်းဆင်းလာတာမြင်ရင် မျက်ရည်ပါဝိုင်းတယ်။
လူတွေအမြင်မှာ ပိုက်ဆံတွေအများကြီးရှာနိုင်ပေမယ့် လူငယ်တယောက်ရဲ့ ပျော်ရွှင်ခြင်းဆိုတဲ့ စကားလုံးတစ်ခုကတော့ ပျောက်နေခဲ့တာ အခုဆို 3 နှစ်ပြည့်ပါပြီ။
ဒါပေမယ့်လည်း ကျွန်တော့်အမေ အမြဲတမ်းပြောနေကျ စကားတစ်ခုလိုပါဘဲ။ “ပျော်ရာမှာမနေနဲ့ တော်ရာမှာနေ” ဆိုတဲ့ စကားလေးကို ကြားယောင်ရင်း မကုန်ဆုံးနိုင်တဲ့ မနက်ဖြန်တိုင်းကို ကျော်ဖြတ်ရင်း ရည်မှန်းချက်တွေကို အကောင်ထည်ဖော်ရင်းနဲ့ ဂျပန်ဆိုတဲ့နိုင်ငံကြီးမှာ မပျော်လည်းနေ ပျော်လည်းနေရပါအုံးမယ်။
Nyi Nyi Linn Maung