အမေရိကန် ကျူးကျော်စစ်နဲ့ ရုရှားကျူးကျော်စစ်မှာ ဘာကြောင့် ကမ္ဘာကြီးရဲ့ တုံ့ပြန်ပုံ ကွာခြားရတာလဲ
ဒီဘက် နှစ်တွေမှာ အမေရိကန်နဲ့ အနောက်အုပ်စုဟာ အာဖဂန်၊ အီရတ်တို့ကို ကျူးကျော် ခဲ့သလို ရုရှားကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ယူကရိန်းကို ကျူးကျော်ခဲ့ပါတယ်။
ဒီကျူးကျော်စစ်တွေမှာ ပြင်ပ နိုင်ငံတွေရဲ့ တုန့်ပြန်ပုံ ကွာခြားလွန်းတာကြောင့် အမေရိကန်ရော ရုရှားပါ ကျူးကျော်တာပဲ ၊ ဘာကွာလို့လဲ ဆိုသူများအတွက် အောက်ပါ အချက်အလက်တွေက တွေးဆဖို့ အထောက်အကူ ဖြစ်စေပါလိမ့်မယ်။
ခေါင်းဆောင်များ
အမေရိကန် သမ္မတတွေဟာ ရွေးကောက်ပွဲ နိုင်ပြီး တက်လာတဲ့ ပြည်သူက ရွေးချယ်ထားသူတွေ ဖြစ်ပါတယ်။ ပူတင်လို အာဏာရှင်တွေကတော့ ပြည်သူ မုန်းမှန်းသိလို့ ရွေးကောက်ပွဲ တောင် မလုပ်ရဲပဲ လက်နက် အားကိုးနဲ့ တာဝရ အာဏာကို ချုပ်ကိုင်ထားသူတွေပါ။
ဒါ့အပြင် ပြည်သူက ကိုယ့်ကို အရမ်းကြိုက်နေသယောင် အမြဲလိမ်ရ၊ ဗိုလ်ရှုသဘင်တွေ လုပ်ပြရနဲ့ အာဏာရှင်တွေဟာ သူများကိုရော ကိုယ့်ကိုကိုယ်တောင် လိမ်နေရ သူတွေပါ။
ပူတင်လို ရှီလို အာဏာရှင်တွေကို ကမ္ဘာက လေးစားဖို့ မပြောနဲ့ ၊ သူ့နိုင်ငံက ပြည်သူတွေကတောင် မလေးစားပါဘူး။
မဟာမိတ်များ
G7 နိုင်ငံတွေက အမေရိကန် မဟာမိတ်တွေပါ။ အစ္စရေး ၊ ကိုရီးယား၊ သြဇီ၊ စင်ကာပူ၊ ထိုင်ဝမ်လို ချမ်းသာတဲ့ နိုင်ငံတွေကလည်း အမေရိကန် ရဲ့ လူတွေပါ။ အရှေ့အလယ်ပိုင်းမှာတောင်မှ ဆော်ဒီလို UAE လို ချမ်းသာတဲ့ အာရပ်နိုင်ငံတွေက အမေရိကန် မဟာမိတ်တွေပါ။
ရုရှားဘက်မှာတော့ မြန်မာ၊ အီရန်၊ တာလီဘန် အာဖဂန်၊ မြောက်ကိုးရီးယား ၊ ကျူးဘား ၊ ဘေလာရုစ် စတဲ့ နိုင်ငံတွေပဲ ရှိပါတယ်။ တရုပ်တောင် အရေးအကြောင်းဆို ရှောင်လင်သိုင်းကွက် နင်းသွားပါတယ်။
စစ်တိုက်ရတဲ့ အကြောင်းအရင်း
အာဖဂန်ဟာ အမေရိကန်ရဲ့ world trade centre ကို အသားလွတ် တိုက်ခိုက်ပြီး လူ ၃၀၀၀ လောက်ကို သေစေ ခဲ့တဲ့ အယ်ခိုင်ဒါ အဖွဲ့ကို သူ့မြေမှာ ခိုလှုံခွင့် ပေးထားပါတယ်။
အီရတ်ကျတော့ အာဏာရှင် နိုင်ငံ၊ ကူဝိတ်ကို ကျူးကျော်သူ အဖြစ် နာမည်ပျက် ရှိပြီး ဓါတုလက်နက်တွေ လည်း ပိုင်ဆိုင်ထားပါတယ်။
ရုရှားကတော့ ယူကရိန်း နေတိုး အဖွဲ့ဝင်မယ့်ကိစ္စက သူ့ကို ကြီးကြီးမားမား ချိန်းခြောက်တာ မှန်ပေမယ့် ကမ္ဘာ သိအောင် မလုပ်ပြ နိုင်ခဲ့ပါဘူး။ မီဒီယာရော ငွေကြေးရော အားနည်းခဲ့ပါတယ်။
ဒါကြောင့် အမေရိကန်က အာဖဂန်နဲ့ အီရတ်ကို တိုက်ခိုက်တာဟာ လုပ်သင့်တဲ့ အလုပ်လို့ ကမ္ဘာ့ နိုင်ငံ အများစု မြင်ကြပြီး ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်မှုကိုတော့ အာဏာရှင် ပူတင်ရဲ့ အနိုင်ကျင့်မှုလို့ မြင်ကြတာပါ။
ရုရှားလည်း အမေရိကန် ကို မကျေနပ်ရင် သူ့မဟာမိတ်တွေဖြစ်တဲ့ မြန်မာ၊ တာလီဘန် တို့နဲ့ ပေါင်းပြီး အမေရိကန် ဘဏ်တွေကို စီးပွားရေး ပိတ်ဆို့တာ၊ အမေရိကန် ဒေါ်လာကို မသုံးတာ၊ အမေရိကန် ဘောလုံး အသင်းနဲ့ ဆိုရင် မကန်တာ တွေ တန်ပြန် လုပ်လို့ ရပါတယ်။
စိုးနေ့သစ်