လာတော့မယ့် ကိုဗစ်စတုတ္ထလှိုင်းနဲ့ တလွဲအမိန့်တွေကြားက ပရဟိတ အသင်းများရဲ့ ဝမ်းနည်းဖွယ် နိဂုံး
ဒီနေ့ လူမှုရေးအသင်းတွေမှာ လိုင်စင်မဲ့ကားတွေ အသုံးပြုခွင့်မရှိဆိုတာကို သိရှိကြောင်း လက်မှတ်ထိုးဖို့ ယူလာလို့ ထိုးပေးလိုက်ပါတယ်..
ဥပဒေကြောင်းအရ အငြင်းပွားစရာမရှိလက်ခံပါတယ်… သို့သော် ကျနော်တို့နိုင်ငံရဲ့လက်ရှိအခြေအနေက ဒီဥပဒေကို အပြည့်အဝကျင့်သုံးလိုက်နာဖို့ အဆင်သင့်ဖြစ်ပြီလားဆိုတဲ့ မေးခွန်းရှိပါတယ်။ တရားဝင် စစ်တမ်းကောက်ထားတဲ့ အချက်အလက်မဟုတ်ပေမယ့် အကြမ်းအားဖြင့် ဒီက လူမှုရေးအသင်းတွေ အသုံးပြုနေတဲ့ ကားတွေရဲ့ ၇၅% သည် လိုင်စင်မဲ့ကားတွေပဲ ဖြစ်ပါတယ်။
အရေးပေါ်ထိခိုက်ဒဏ်ရာရလူနာတွေကို ဆေးရုံပို့ပေးနေတာရဲ့ ၉၀% သည် အစိုးရကမဟုတ်ဘဲ လူမှုရေးအသင်းတွေက ဖြစ်ပါတယ်။ ဒီတော့ ဒီနိုင်ငံရဲ့အရေးပေါ်ထိခိုက်ဒဏ်ရာရ လူနာတွေရဲ့ ၆၇.၅ % သည် လိုင်စင်မဲ့ကားတွေက ဆေးရုံကိုပို့ပေးခဲ့တဲ့ ရာခိုင်နှုန်းဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ မနည်းတဲ့ပမာဏ ဖြစ်ပါတယ်။
ဘာလို့လိုင်စင်နဲ့ကား မသုံးလဲဆိုခဲ့ရင် မတက်နိုင်လို့ပါ။ ဥပဒေအရ လူနာတင်ခွင့်ရှိတဲ့ HSE နံပါတ်နဲ့ လူနာတင်ကားကို မှာယူတင်သွင်းမယ်ဆိုရင် ကျပ်သိန်း ၃၅၀ ခန့်ရှိပါတယ်။ ဒါအခွန်လွတ်ဈေးပါ။ လိုင်စင်နံပါတ်အနက်နဲ့ လူစီးကားဝယ်ပြီး လူနာတင်ကားအဖြစ်ပြောင်းလဲအသုံးပြုမယ်ဆိုရင် ကျပ်သိန်း၁၂၀ ခန့်ကုန်ကျပြီး အပ်ကားနီးနီးကားအဟောင်းတစီးရနိုင်ပါတယ်။
လိုင်စင်မဲ့ကားဝယ်ပြီး သုံးမယ်ဆိုရင် ဂျပန်ကျ အာရဖက် အကောင်း ကီလို ၁ သိန်းခန့်ကို သိန်း ၆၀ ခန့်နဲ့ ရနိုင်ပါတယ်။ ဒီတော့ အလှူရှင်တွေတက်နိုင်တဲ့ ပမာဏနဲ့ဆန္ဒအရ အသင်းအများစုသဘောကျ သုံးနိုင်တာ လိုင်စင်မဲ့ကားပဲ ဖြစ်ပါတယ်။
ရံပုံငွေတောင့်တင်းတဲ့ အသင်းအနည်းစုသာ လိုင်စင်နဲ့ လူနာတင်ယာဉ်စစ်စစ် ကို သုံးနိုင်ပါတယ်။ အသင်းအများစုကတော့ လိုင်စင်မဲ့ကားပဲ ရှိကြ.ပါတယ်။
အရင်အစိုးရများလက်ထက်မှာ တခြားနိုင်ငံကလှူတဲ့ လူနာတင်ယာဉ်အသစ်စက်စက် ရာဂဏန်းခန့် ရပ်ထားလို့ ခြုံနွယ်ပိတ်ပေါင်းဖုံးသွားတဲ့ပုံတွေ fb မှာ တွေ့ဖူးပါတယ်။ ကျနော်တို့ အလွန်ရချင်ခဲ့ကြတာပါ။ ဒီကားတွေနဲ့ လူနာပို့လိုက်ရရင် ဆိုပြီး သရေကျခဲ့ဖူးပါတယ်။
အခု ထုတ်ပြန်တဲ့စာအရ တချို့အသင်းတွေ ရပ်နားသွားကြပြီး တချို့ကူညီနိုင်တဲ့အနေအထား လျော့ပါးသွားကြပါတယ်။ မကြာခင် လာနိုင်တဲ့ ကိုဗစ်စတုတ္ထလှိုင်းနဲ့အတူ လူမှုရေးအသင်းတွေ ကြုံတွေ့ရမယ့်အခက်အခဲကို စဉ်းစားမိတော့ အဆင်မပြေပါဘူး။
ကျနော် ထွေအုပ်ကို တရားဝင်စာတင်ဖို့ရှိပါတယ်။ fb က fri တွေကို သိစေချင်လို့ ဒီပို့စ်ရေးတာပါ။
BoBo Than