အိုမီခရွန်၊ ကမ္ဘာစစ်တွေနဲ့ ၂၀၂၂ ခုနှစ်မှာ ကမ္ဘာမြေကြီး ကံကောင်းနိုင်ပါ့မလား

အို ကမ္ဘာမြေ

မြန်မာပြည်သူတွေကတော့ ဆိုးရွားလှတဲ့ဒုက္ခတွေကို တနှစ်ပတ်လုံး ခံစားနေရတာ အားလုံးအသိပါ။ ထို့အတူ ကမ္ဘာပေါ်မှာလဲ လူတိုင်းဟာ ကပ်ဘေးတွေကနေ ရင်ဆိုင်နေရပါတယ်။ အခု ပြောပြချင်တာက လက်ရှိဖြစ်လာနိုင်တဲ့ ကပ်ဘေးကြီး ၂ခုပါ။ တခုကတော့ Omicron ပါ။ နောက်တခုကတော့ ကမ္ဘာစစ်ဖြစ်နိုင်တဲ့ လမ်းကြောင်းပါပဲ။

Omicron ရဲ့ လှိုင်းကြီးဟာ ဥရောပကို အရှိန်အဟုန်နဲ့ ရိုက်ခတ်နေပါပြီ။ အင်္ဂလန်မှာ ဘောလုံးပွဲတွေ အကုန်နောက်ဆုတ်သွားရသလို လန်ဒန်မှာလဲ လူနာအတော်များနေပါပြီ။ အင်္ဂလန်တနိုင်ငံလုံးမှာ ဆေးရုံတွေ မလုံလောက်မယ့် အခက်အခဲကို ကြုံနေရပါပြီ။

ထို့အတူ ဗြိတိန်ထဲမှာပါတဲ့ အိုင်ယာလန်၊ မြောက်အိုင်ယာလန်တို့မှာလဲ လူနာဦးရေဇယားက နေ့စဉ် ထိုးတက်နေပါတယ်။ နယ်သာလန်နိုင်ငံကတော့ December 19 ရက်နေ့အထိ Lock Down ချလိုက်ပြီဖြစ်ပြီး စားသောက်ဆိုင်တွေ၊ ဘားတွေ အကုန်ပိတ်ရတော့မှာဖြစ်ပါတယ်။ အမေရိကန်မှာလဲ တစစနဲ့ လူနာတွေ တိုးပွားလာနေပြီး Omicron အတွက် သမ္မတဘိုင်ဒန်က အင်္ဂါနေ့မှာ တိုင်းပြည်ကို မိန့်ခွန်းပြောမှာဖြစ်ပါတယ်။

ဥရောပတိုက်ဘက်မှာ အလူးအလဲ ခံနေရပေမယ့် အာရှတိုက်မှာက သိပ်မထူးခြားသေးသလိုထင်ရပါတယ်။ တကယ်တော့ Omicron က မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းတွေ ဖြစ်တဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ချ်နဲ့ ထိုင်း အစရှိတဲ့ နိုင်ငံအကုန်ကို ရောက်ရှိနေခဲ့ပြီးပါပြီ။

မြန်မာအနေနဲ့ အထူးသတိပြုရမှာကတော့ ကျန်းမာရေးစနစ်ဟာ အရင်လို မဟုတ်ပဲ အလွန်အင်အားချိနဲ့နေတယ်ဆိုတာကိုပါပဲ။ နောက်ထပ် အလေးထားရမှာက ဒီနေ့ကစပြီး အိန္ဒိယမှာ Omicron လူနာတွေ စတင်များပြားလာနေတာကိုပါပဲ။

ထုံးစံအတိုင်း ဥရောပရဲ့ လှိုင်းကြီး ပြီးတဲ့အချိန်မှာ အာရှမှာ အကြီးအကျယ်ရိုက်ခတ်ပါလိမ့်မယ်။ အိန္ဒိယနိုင်ငံကိုတော့ Feburary လလောက်မှာ Omicron ကြောင့်ဖြစ်မယ့် COVID လှိုင်းတခုရိုက်ခတ်နိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။ မြန်မာပြည်ဟာလဲ အဲဒီကာလမှာ အထူးဂရုစိုက်ကြဖို့ လိုပါတယ်။ Omicron ဟာ အရင် Delta လောက် မပြင်းဘူးလို့ ပြောနေကြပေမယ့် သတိချပ်သင့်တာကတော့ အခု သေဆုံးသူတွေဟာ ကာကွယ်ဆေး ၂ ကြိမ် သို့ ၃ ကြိမ်ထိုးပြီးသားကို သေဆုံးနေတယ်ဆိုတာပါပဲ။ သတိပြုကြပါ။ Mask တပ်ကြပါ။

နောက်တခုကတော့ ရုရှားနဲ့ အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံတွေရဲ့ ယူကရိန်းပြသနာပါ။ ယူကရိန်းဟာ NATO အဖွဲ့ထဲ ဝင်ဖို့ကြိုးစားခြင်းရဲ့ နောက်ဆက်တွဲအနေနဲ့ ပူတင်က ယူကရိန်းနယ်စပ်မှာ စစ်အင်အားအကြီးအကျယ် ချထားပါတယ်။ ယူကရိန်းကို မကျူးကျော်ဖို့ အမေရိကန်၊ ဗြိတိန်၊ ဂျာမနီနဲ့ ပြင်သစ်တို့က သတိပေးထားပါတယ်

ကျူးကျော်လာရင် အပြင်းထန်ဆုံး ပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်ရမယ်လို့ ဘိုင်ဒန်က ဆိုပါတယ်။ ဒါပေမယ့် ယူကရိန်းကို အမေရိကန် စစ်တပ်ကိုတော့ စေလွှတ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ဗြိတိန်ကလဲ သူတို့စစ်တပ်ကို မစေလွှတ်ဘူးလို့ ဆိုပြီး သံတမန်လမ်းကို သွားဖို့လုပ်ကြပါတယ်။

တဖက်မှာလဲ အမေရိကန်နဲ့ မဟာမိတ်တွေဟာ ယူကရိန်းကို ကာကွယ်ဖို့ ရုရှားအနားမှာ စစ်လက်နက်တွေ တိုးချဲ့တပ်ဆင်နေပါတယ်။ အမေရိကန်၊ ဗြိတိန်နဲ့ ဂျာမနီဆိုတာ အင်မတန်မှ အင်အားကြီးမားတဲ့ စစ်လက်နက်နိုင်ငံကြီးတွေဆိုတာ သမိုင်းမှာ အထင်အရှားပါပဲ။

ဘယ်လိုပဲ ငြိမ်းချမ်းရေးကို လိုလားနေပါစေ။ လိုအပ်လာရင် လူကနေပေမယ့် ဇက မနေဘူးဆိုသလို ဝင်ချနိုင်တဲ့ နိုင်ငံတွေပါ။ ဂျာမနီရဲ့ အဓိပတိ မာကယ် အနားယူသွားတာကလဲ EU ရဲ့ တည်ငြိမ်မှုဟာ ပြောင်းလဲနေနိုင်ပါတယ်။ မာကယ်က EU ရဲ့ အဓိက ခေါင်းဆောင်ပါ။

ဒီအချက်တွေကို သိတဲ့ ပူတင်ကလဲ ရှီကျင့်ပင်နဲ့ ဆက်သွယ်ပြီး နှစ်နိုင်ငံ အပြန်အလှန်ကာကွယ်ပေးကြဖို့ ကတိစကားပြုထားတယ်လို့ ကြေညာထားပါတယ်။ ရုရှားဘက်က တရုတ်ပါဝင်ခဲ့ရင် ကမ္ဘာစစ်ဟာ မလွှဲမရှောင်သာတော့ပါဘူး။ တဖက်မှာ ဂျပန်ကလဲ ထိုင်ဝမ်ကို တရုတ်က ကျူးကျော်ရင် လက်ပိုက်ကြည့်နေဖို့ မလိုဘူးလို့ ဆိုထားပါတယ်။

ဒါ့အပြင် ဂျပန်မှာလဲ စစ်ကိုလိုလားတဲ့ အမာဂိုဏ်းဝင်တွေ ပြန်လည်ခေါင်းထောင်လာတာကို သတိပြုရမှာဖြစ်ပါတယ်။ ဒီလို တခေတ်တခါက ကမ္ဘာစစ်ရဲ့ ဇာတ်လိုက်ကြီးတွေ ခေါင်းပြန်ထောင်လာတာ ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပါဘူး။ ယူကရိန်းဝန်ကြီးကတော့ ယူကရိန်းပြသနာဟာ သေချာမဖြေရှင်းရင် တတိယကမ္ဘာစစ်အထိ ဖြစ်သွားနိုင်တယ်လို့ ဆိုနေပါတယ်။

ဘာပဲဖြစ်ဖြစ် မကြာခင် လာတော့မယ့် ၂၀၂၂ ဟာတော့ Happy New Year ဖြစ်လာနိုင်စရာ မရှိပါဘူး။ Omicron ရဲ့ လှိုင်းတွေနဲ့ပဲ ရင်ဆိုင်ရမလား။ ကံအားလျော်စွာနဲ့ ပြည်တွင်းစစ်သာမက ကမ္ဘာစစ်နဲ့ပါ ရင်ဆိုင်ကြုံတွေ့ရဦးမလားဆိုတာ စောင့်ကြည့်ရမှာပါ။

သမိုင်းဟာ နှစ် ၁၀၀ ပြည့်တိုင်း တပတ်လည်လေ့ရှိပါတယ်။ ၁၉၁၈ လောက်မှာ ကမ္ဘာ့ကပ်တုတ်ကွေးရောဂါနဲ့ ပထမကမ္ဘာစစ်ကြောင့် လူသန်းပေါင်းများစွာ သေခဲ့ရသလို အခု နှစ် ၁၀၀ အကြာမှာတော့ COVID နဲ့ စစ်ဝါဒီတွေ ပြန်ခေါင်းထောင်လာကြပြန်ပါပြီ။

ဆိုရိုးတခုရှိပါတယ်။ တတိယကမ္ဘာစစ်ပြီးရင် နောက်တခါ ကမ္ဘာစစ်ဆိုတာ မရှိနိုင်တော့ပါဘူးတဲ့။ ဘာလို့လဲဆိုရင် လက်နက်ဆန်းတွေကြောင့် တကမ္ဘာလုံး ပျက်ဆီးပြီး လူသားတွေပါ အကုန်မျိုးတုန်းသွားမှာမို့လို့ပါပဲတဲ့။
ကံကြမ္မာကို ပုံအပ်ရင်း ဆက်လက်ရင်ဆိုင်ကြပါစို့။

အို ကမ္ဘာမြေ ၂၀၂၂ မှာ ကံကောင်းနိုင်ပါစေ။ Good Luck in 2022.

Nay Thway

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page