မြန်မာပြည် ပညာရေးစနစ်ကို ချောက်ထဲ တွန်းချခဲ့တဲ့ သမိုင်းတရားခံတဦးရဲ့ နောက်ဆုံးခရီး
သံဝေဂရစရာပါပဲ..
ဒေါက်တာညီညီ (၉၂ နှစ်) နယူးယောက်မြို့မှာ ဆုံးရှာပြီ။ ဒီဆရာကြီးဟာ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမယ့် တစ်ပြည်လုံးက ကလေးတွေကို ဒုက္ခပေးမယ့် ပညာရေးစနစ်ကို တီထွင်ပေးသွားခဲ့သူ ဖြစ်ပါတယ်။ အာဏာရှင်ရဲ့ဓါးကို သွေးပေးခဲ့သူတစ်ဦး ဖြစ်ပါတယ်။ အာဏာရှင်ကခိုင်းလို့ လုပ်ရတာ၊ ဦးနေဝင်းခိုင်းလို့ လုပ်ရတာပါ ဆိုတာဟာ သူ့အပြစ်တွေကို သမိုင်းကခွင့်လွှတ်ဖို့ ခက်ပါတယ်။
တကယ်က သူဟာ သိပ္ပံညာရှင်တစ်ဦးပါ။ သူကို့ လေ့ကျင့်ပေးထားတာက သိပ္ပံပါ။ တိုင်းပြည်အုပ်ချုပ်တာက ဝိဇ္ဇာပညာပါ။ ဝိဇ္ဇာပညာဆိုတာ ဒဿနိက၊ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ လူမှုရေး၊ ဥပဒေ၊ မနုဿဗေဒ စတဲ့နယ်ပယ်တွေ လူအဖွဲ့စည်းရဲ့ ဖြစ်ပေါ်တိုးတက်မှုကို အဓိကအာရုံစိုက်ထားကြတဲ့ ဘာသာရပ်တွေဖြစ်တယ်။ ဒဿနိကတွေ၊ သီအိုရီတွေ၊ သမိုင်းတွေနဲ့ တည်ရှိနေတယ်။
သူ့ခေတ်မှာ ဝိဇ္ဇာပညာကို အထင်သေးအောင်လုပ်ခဲ့တယ်။ စာညံ့သူတွေ အမှတ်နည်းသူတွေသာယူတဲ့ ဘာသာရပ်တွေလို့ထင်အောင် လုပ်ခဲ့တယ်။ သူတီထွင်ထားတဲ့ သိပ္ပံဦးစားပေးစနစ်ဆိုးဟာ ကျနော်တို့ခေတ်က လူငယ်သန်းပေါင်းများစွာကို ဒုက္ခပေးခဲ့တယ် ဆိုးကျိုးပေးခဲ့တယ်။
ဦးနေဝင်းက ဒါတွေကို စိတ်မဝင်စားပါဘူး။ သူနေရာရဖို့အတွက် သူတီထွင်ထားတဲ့ ဖော်မြူလာကို ဦးနေဝင်းဆီမှာ ရောင်းစားခဲ့တာသာဖြစ်တယ်။ ဒေါက်တာမောင်မောင်ရဲ့ ပညာရေးစနစ်ကို ဝိဇ္ဇာနည်းနဲ့ ခွဲခြမ်းစိပ်ဖြာရရင် စာညံ့တဲ့ကလေးတွေကို တော်အောင်လုပ်ပေးတဲ့ ပညာရေးစနစ်မဟုတ်ဘူး။ စာညံ့နေတဲ့ကလေးကို ကျောင်းကနေထွက်ပြေးသွားအောင် လုပ်တဲ့စနစ်ဖြစ်ပါတယ်။ အတန်းထဲက တော်ပြီးသားကလေးကို တော်ကောက်ပြီး ကြက်တူရွေးလုပ်ပေးလိုက်တဲ့ စနစ်မျှသာဖြစ်တယ်။
လူလူချင်း ခွဲခြားဆက်ဆံတဲ့စနစ်ကို စာသင်ခန်းထဲမှာ ထည့်ပေးလိုက်တာပါပဲ။ ဟစ်တလာရဲ့ ဂျာမဏီမှာ ကျင့်သုံးတဲ့ သိပ္ပံဦးစားပေး ပညာရေးစနစ်မျိုးပါပဲ။ သူဖော်ထားတဲ့ဆေးက သူ့ကိုပြန်ဒုက္ခပေးတာပါပဲ။ မဆလ ဝန်ကြီးတွေထဲမှာ သူဟာ အတော်ဆုံးဝန်ကြီးလိုလို ဘာလိုလို ဖြစ်လာတယ်။ သူ့ထက်တော်ရင် မနာလိုစိတ်ကလည်းကြီးတဲ့ သူ့လိုပဲ တရုတ်ကပြားဖြစ်တဲ့ မောင်နေဝင်းက မခံစားနိုင်တော့ဘူး။ သမတော့တာပဲ။ သူ့ကို ဖြုတ်လိုက်တယ်။ သူပြုတ်သွားပေမယ့် သူတီထွင်ထားတဲ့ အကုသိုလ်ဝင်နေတဲ့ပညာရေးစနစ်ဆိုးက ခုထိအသက်ဝင်နေတုန်းဖြစ်တယ်။
သိပ္ပံဦးစားပေးစနစ်သာဆိုပေမယ့် ကျောင်းသားအများစုဟာ လစ်တမတ်စက္ကူတောင် မမြင်ဘူးတဲ့ကျောင်းသားက များပါတယ်။
ဒေါက်တာညီညီ ပညာရေးဝန်ကြီးမဖြစ်မီက မြန်မာ့ပညာရေးဟာ အရှေ့တောင်အာရှမှာ ဝင့်ဝင့်ကြွားကြွားရှိခဲ့တယ်။ ဦးနုလက်ထက်က မွေးထုတ်ခဲ့တဲ့ ဒေါက်တာခင်မောင်ကြည်၊ ဒေါက်တာမြမောင်၊ ဒေါက်တာမြသန်း၊ ဒေါက်တာဖင်လေ စတဲ့ စီးပွားရေးပညာရှင်တွေဟာ နိုင်ငံတကာအသိမှတ်ပြု ပညာရှင်တွေပါ။ ဒေါက်တာညီညီလက်ထက်မှာ ဒါမျိုးတစ်ယောက်မှ မထွက်လာတော့ဘူး၊ မဆလ ဝါဒဖြန့် Poster Boys လူရည်ချွန်ဆိုတာတွေပဲ ထွက်လာတယ်။ လိုကယ်မိတ်တွေပဲ ဖြစ်ကုန်တယ်။ နိုင်ငံတကာအဆင့်မမီ ဖြစ်ခဲ့ရတယ်။
ကုလသမဂ္ဂမှာ အလုပ်လုပ်၊ နောက်တော့ အာအက်ဖ်အေမှာ အမည်ဝှက်နဲ့ ဆောင်းပါးလေးရေးပြီး သူပါဝင်ခဲ့တဲ့ စစ်အာဏာရှင်စနစ်ဆိုးကို တိတ်တခိုး ဆန့်ကျင်သွားတယ်။ ငါတော့မှားပြီလို့ ဝန်ခံသွားတာမျိုးတော့ မကြားမိဘူး။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) အစိုးရလက်ထက် ပညာရေး ဒုဝန်ကြီးတာဝန်ယူခဲ့သည့် ဒေါက်တာ ညီညီ (၉၁ နှစ်) သည် အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်မြို့တွင် ဒီဇင်ဘာလ ၁၀ ရက်နေ့က ကွယ်လွန်သွားပါသည်။
မေကိုစံ