ကမ္ဘာ့အဆိုးဆုံး ပညာရေးစနစ်အဖြစ် မှတ်တမ်းတင်ခံရတဲ့ မြန်မာ့ပညာရေးနဲ့ လက်သည်တရားခံ
ကျွန်တော်တို့မြန်မာနိုင်ငံဟာ “ကမ္ဘာ့အဆိုးဝါးဆုံး ပညာရေးစနစ်ကို ကျင့်သုံးနေတဲ့နိုင်ငံ” အဖြစ် မှတ်တမ်းတင်ထားခြင်းခံထားရပါတယ် အမိဘာသာစကား(မြန်မာစာ) နဲ့ International language တစ်ခုဖြစ်တဲ့ အင်္ဂလိပ်စာကိုတောင် ဆယ်နှစ်ကျော်ကြာ သင်ကြားခဲ့ရပြီးမှ တတ်အောင်၊မှန်အောင်တောင် မရေးတတ်ကြပါဘူး (လက်ရှိ Generation Z တွေဆို ပိုဆိုးပါလိမ့်မယ်၊ မြန်မာလိုလည်း မဟုတ် အင်္ဂလိပ်လို တယောင်ယောင် Myangalish တွေသုံးမှ အထာကျတယ်ထင်လို့ထင်၊ broken English တွေနဲ့ ကိုယ့်ကိုယ်ကို အဟုတ်ကြီးတွေထင်၊ ဒီလိုမျိုးတွေဆိုတော့ စာမတတ်တာ ဘယ်ဆန်းမလဲဗျာ)
သမိုင်းသင်တယ်ဆိုတာ မအဖို့သင်တာဆိုပေမယ့် 100% မှာ 50% လောက်က အလိမ်အညာတွေ၊ ကလေးငယ်တွေကို လူမျိုးရေး စိတ်ဓာတ်တွေ သွင်းပေးခဲ့တဲ့ ဂျင်းသမိုင်းတွေ၊ ဒီလိုဂျင်းသမိုင်းတွေကို ငါးနှစ်ကျာ်လောက် အချိန်အကုန်ခံပြီးသင်ခဲ့ရတယ်
လက်တွေ့မှာလည်း အရေးမပါ၊ တိုင်းတစ်ပါးသားတွေကိုလည်း ပြန်ရှင်းပြရင် ကျွန်တော်တို့နိုင်ငံ့သမိုင်းကြောင်းကို အမှန်သိနေတဲ့လူနဲ့တိုးရင် လည်း အရှက်ကွဲရဦးမယ် ကစားကွင်းရှိရဲ့သားနဲ့ သော့ပိတ်ပြီး အနားက ဖြတ်လျှောက်မိရင်တောင် အော်ငေါက်ခံရ၊ ကျောင်းစာကြည့်တိုက်တွေနဲ့ လက်တွေ့စမ်းသပ်ခန်းတွေက သရဲခြောက်တဲ့နေရာတွေ ဖြစ်လို့ဖြစ်၊ computer ခန်းတွေက “စစ်ဆေးရေး” လာမှ သုံးဖို့အတွက် ဟန်ပြအခန်းကြီးတွေအဖြစ် နေလာခဲ့ကြရတယ်
ဒီလိုအရေးမပါတဲ့အရာတွေအတွက် ဘဝရဲ့ အချိန်ဆယ်နှစ်ကျော်ကို မြောင်းပုပ်ထဲ လွှင့်ပစ်လိုက်မိသလိုပါပဲ ခု ဆယ်တန်းစနစ်သစ်ပညာရေးကရော? ကောင်းလာနိုင်ပါ့မလား? ကျွန်တော်တို့အနေနဲ့ကတော့ ယုံကြည်လို့မရနိုင်တဲ့အနေအထားမှာ ရှိနေပါတယ် ဘာကြောင့် ယုံလို့မရတာလဲ? အဓိက ကတော့ (အစိုးရ)ကျောင်းမှာ သင်ပေးနေတဲ့ ဆရာ/မ တွေပေါ့
ကျောင်းဆရာ/မ တော်တော်များများဟာ ကျောင်းသူ/သားတွေအပေါ် ပညာတတ်မြောက်စေဖို့ထက် ” “ထိုင်” ဆို ထိုင် “ထ” ဆို ထ၊ သီတင်းကျွတ်မှာ ဂါထားရင် လူလိမ္မာ၊ ကျောင်းကျူရှင်တက်ရင် လူတော် “ ဆိုတာမျိုးတွေကို ကျောင်းကြီးတွေသာမက ကျောင်းငယ်လေးတွေက ကျောင်းသားတွေကပါ ခံစားနေရတာပါ (ကျောင်းကြီးတွေမှာဆိုရင် သေသေချာချာသင်ပြပေးမယ့် ဆရာ/မ ဆိုတာ မရှိသလောက်အောင် ရှားပါးနေပါပြီ)
ကျွန်တော် ဆယ်တန်းနှစ်စလောက်တုန်းက ကျောင်းက အင်္ဂလိပ်စာဆရာမတစ်ယောက်က ကျွန်တော်တို့ကို အက်ဆေးတစ်ပုဒ်ရေးခိုင်းပါတယ်(ခေါင်းစဉ်ကတော့ မေ့သွားပါပြီ) ဒါနဲ့ပဲ ကျွန်တော်တို့ ရေးကြတာပေါ့(နှစ်စဆိုတော့လေ…) ဆရာမ စာစစ်တဲ့အခါမှာ ကျောင်းသားတစ်ယောက်ရေးထားတဲ့ “backpack” ဆိုတဲ့စာလုံးကို “ဘာကြီးလဲ? လျှောက်ရေးထားတာလား?” တဲ့ဗျာ စာလုံးပေါင်းမှားနေတယ် ဘာညာပေါ့ဗျာ ကျွန်တော်တို့ကလည်း “ကျောပိုးအိတ်ပါ ဆရာမ” လို့ ပြောလိုက်မှ “အော်…” ဆိုပြီး ငြိမ်နေသွားရှာတယ်
ကျွန်တော်ပြောချင်တာက အဲ့ဒီ့ဆရာမကို အပြစ်ပြောတာတော့ မဟုတ်ပါဘူး (English စာကို ESL(English as a Second Language) အနေနဲ့ သင်ရတဲ့နိုင်ငံတော်တော်များများမှာ အဖြစ်များနေတာမှန်ပေမယ့် ကျွန်တော်တို့ အမိဘာသာ(မြန်မာစာ) ကအစ သင်ကြားရေးနည်းစနစ်တွေက လုံးဝကြီးကို လွဲမှားနေပါတယ်)
တကယ့်အဓိက တရားခံက “သင်ရိုးညွှန်းတန်း နဲ့ သင်ကြားပုံ နည်းစနစ်” တွေပါပဲ ဒီလို international school တွေမှာ KG level(kindergarten level)တွေမှာ သင်ရတဲ့ “backpack” ဆိုတဲ့စာလုံးကို ကျွန်တော်တို့ကျောင်းရဲ့ ဆယ်တန်း English ဆရာမ (တစ်နည်း-ဒဂုံတစ်ကျောင်းရဲ့ ဆရာမ) တစ်ယောက်က မသိဘူးဆိုတော့ ပြောမတတ်နိုင်လောက်အောင်ပါပဲ
ကျောင်းဆရာ/မ တွေလည်း ကျွန်တော်တို့ အရွယ်တုန်းက အလယ်တန်းရောက်မှ “a,b,c,d…” စသင်ခဲ့ရတာပါ ဒါပေမယ့် ဆရာအလုပ်ကိုလုပ်ဖို့အတွက်တော့ အဲ့လို a,b,c,d တတ်ရုံနဲ့၊ သင်ခန်းစာ course ထဲမှာ ပါတဲ့ စာလုံးလေးတွေ သိရုံနဲ့တော့ မရဘူးပေါ့။
ဒါတွေကလည်း အဲ့လို့မသိတဲ့ ဆရာတွေအပြစ် မဟုတ်ပြန်ဘူး ဆရာဖြစ်သင်တန်းတွေမှာ ဆရာ/မတွေကို သင်ပြနေတဲ့ဆရာ/မ တွေ တော်တော်များများကပါ English အသံထွက်တွေကို ငါးပိအသံတွေနဲ့ ထွက်လို့ထွက်၊ သင်ပြပေးနေတဲ့စာတွေက “Mg Mg is…blah blah,his parents are U Mya and Daw Hla…blah blah” ၊ဒါတွေကို နားထောင်နေတဲ့ ဆရာ/မ လောင်းတွေက ခေါင်းညှိတ်ပြီး “ဟုတ်” တစ်ခွန်းနဲ့တင် ပြီးသွားကြပြီး ဆရာ/မ တွေ ဖြစ်သွားကြတယ်(ခုလက်ရှိ စနစ်သစ် ဆယ်တန်းသင်ကြားရေး တတ်မြောက်ထားတဲ့ ဆရာမတွေလည်း စနစ်သစ်ဆယ်တန်းသင်ကြားရေး course တစ်ခုလုံးကို 10 ရက်အပြီးနဲ့ တက်ခဲ့ကြရတာပါ)
ဒီလိုဆရာ/မ တွေနဲ့ သင်ကြားနေရတဲ့ကျောင်းသား/သူတွေအတွက် မလုံလောက်တော့ professional ဘာသာပြဆရာ/မ တွေ guide တွေ အပို ခေါ်နေရတော့ တစ်လတစ်လ ဆယ်သိန်း/ဆယ့်ငါးသိန်းထက်မက ကုန်နေရရှာပါတယ် ဒီလို “အရှေ့တောင်အာရှရဲ့ ပညာရေးစနစ်အကောင်းဆုံးနိုင်ငံ”ကနေ “ကမ္ဘာ့အဆိုးဝါးဆုံး ပညာရေးစနစ်ကို ကျင့်သုံးနေတဲ့နိုင်ငံ” အဖြစ်ကို ရောက်သွားရတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ ပညာရေးကို ပြန်လည်ကောင်းမွန်လာစေဖို့အတွက်ဆောင်ရွက်ရမှာ “ကျွန်တော်တို့နိုင်ငံသားအားလုံးရဲ့ တာဝန်တစ်ရပ်ဖြစ်တယ်” လို့ ပြောကြားရင်းနဲ့ပဲ ဒီစာလေးကို အဆုံးသတ်ပါရစေ