ကြက်သွန်ဖြူ ၄၀၀၀ ဈေးနဲ့ ကြက်သွန်နီ ၂၂၀၀ ဈေးသို့ ရောက်ရှိ (အိမ်ရှင်မတွေ မျက်ရည်ထပ်ကျဦးမယ်)
မုံရွာဘက်က ထွက်ရှိတဲ့ ကြက်သွန်တွေက စျေးကောင်းနေပြီး ကြက်သွန်ဖြူ တစ်ပိဿာကို ကျပ် ၄၀၀၀ ခန့်နဲ့ မုံရွာ ကြက်သွန်နီ တစ်ပိဿာကို ၂၂၀၀ ကျပ်အထိ စျေးကောင်းလာတယ်လို့ မန္တလေးပွဲရုံတွေနဲ့ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်ကနေ သိရပါတယ်။ မန္တလေးစျေးကွက်မှာဆိုရင် ဇူလိုင်လအတွင်းက ကြက်သွန်ဖြူအရောင်းအဝယ်အေးခဲ့ပြီး လက်ရှိ မုံရွာဘက်က ကြက်သွန်ဖြူတွေ အရောင်းအဝယ်ကောင်းလာသလို စျေးနှုန်းပါမြင့်တက်လာတယ်လို့ သိရပါတယ်။
“မန္တလေးစျေးကွက်မှာ မုံရွာကြက်သွန်ဖြူကို ကုန်သည်တွေက အဝယ်များလာတယ်။ စျေးကွက်ထဲ လက်ကျန်ကြက်သွန်ဖြူ သိပ်မရှိတော့ ချက်ချင်းဆိုသလို စျေးက မြင့်တက်သွားတယ်။ ဇူလိုင်နောက်ဆုံးအပတ်အထိ ပြည်တွင်းအဝယ်မလိုက်တော့ ကြက်သွန်ဖြူ တစ်ပိဿာကို ၃၅၀၀ ကျပ်လောက်ပဲစျေးရှိတယ်၊၊ အခု သြဂုတ်လ ပထမအပတ်ကစပြီး အဝယ်လိုက်လာတော့ ကျပ် ၄၀၀၀ လောက်ပေါက်စျေးရှိလာတယ်” လို့ မန္တလေးမြို့ရှိ ပွဲရုံပိုင်ရှင်တစ်ဦးက ပြောပါတယ်။
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ ဒီနေ့သြဂုတ်လ ၈ ရက်နေ့ စျေးနှုန်းတွေအရ ကြက်သွန်နီစျေးက တက်လာခဲ့ပြီး မြင်းခြံကြက်သွန်နီရှယ်နဲ့ မုံရွာကြက်သွန်နီရှယ် တစ်ပိဿာကို ကျပ် ၂၂၀၀ အထိ စျေးကောင်းနေသလို အခြားဒေသထွက် ကြက်သွန်နီတွေကလည်း ကျပ် ၁၄၅၀ ကနေ ၂၀၀၀ ကြားမှာ ရှိနေတယ်လို့ သိရပါတယ်။
လက်ရှိစျေးကွက်ထဲမှာ အခြေခံစားသောက်ကုန်အားလုံး စျေးနှုန်းမြင့်တက်လာနေပြီး တောင်သူတွေကလည်း ဓာတ်မြေသြဇာ၊ မြေဆီ စတဲ့ စိုက်ပျိုးရေးသွင်းအားစုတွေ စျေးနှုန်းကြီးမြင့်တဲ့အတွက် အမြတ်ကျန်ဖို့ကို မနည်းစိုက်ပျိုးနေရတယ်လို့ဆိုထားသလို ပြည်သူတွေကလည်း ကုန်စျေးနှုန်း ကြီးမြင့်လာမှုတွေကို ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။
စကစကိုယ်တိုင် ဒေါ်လာပုံသေဈေးနှုန်းကို တိုးမြှင့်ပြီး မြန်မာကျပ်ငွေ တန်ဖိုးကို လျော့နည်းအောင် ပြုလုပ်လိုက်ချိန်မှာ သွင်းကုန် ပစ္စည်းမှန်သမျှ ဈေး ၂ ဆ တက်လာတာကြောင့် ပြည်သူများအနေနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်တဲ့ ဒဏ်ကို ခါးစည်းခံနေရပါတယ်။ လက်ရှိအချိန်မှာလည်း ပြည်တွင်းက ထွက်ရှိတဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေက ဈေးနှုန်း ထပ်မံမြင့်တက်လာတာကြောင့် အိမ်ရှင်မတွေအနေနဲ့ အခက်အခဲ တွေ့နေရတယ်လို့ သိရပါတယ်။