ဆာမူရိုင်းတို့ရဲ့ နေထွက်ချိန် (သို့) မဖြစ်နိုင်တာတွေကို လုပ်ပြသွားတဲ့ ဂျပန်အသင်း

၂၀၂၂ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲဟာ မထင်မှတ်တာတွေ အများအပြား တွေ့ရတဲ့ ပြိုင်ပွဲ တခု ဖြစ်ပါတယ်။ ဘောလုံးဟာ လုံးနေတာကြောင့် ခန့်မှန်းတာတွေ လွဲချော်မှု ရှိတာ ထုံးစံလို ဖြစ်နေပေမယ့် အခု ပြိုင်ပွဲကတော့ ခန့်မှန်းတာတွေနဲ့ ပြောင်းပြန် ဖြစ်နေတဲ့ အဖြစ်အပျက်တွေ တဖြည်းဖြည်း များလို့ လာနေပါတယ်။

အာရှတိုက်က ဂျပန်အသင်းဟာ ဘောလုံးအင်အားကြီး စပိန်အသင်းကို အံ့အားသင့်ဖွယ် ရလဒ် ဖြစ်တဲ့ ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ စပိန်အသင်းက ဂိုးစရပြီး ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ဖိကစားထားပေမယ့် ဂျပန်အသင်းဟာ ရရှိတဲ့ အခွင့်အရေးကို ထိထိမိမိ အသုံးချခဲ့ပြီး အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။

ဂျပန်အသင်းဟာ ဂျာမနီအသင်းကိုလည်း ယခုကဲ့သို့ ပုံစံနဲ့ပဲ အနိုင်ကစားခဲ့တာ ဖြစ်ပါတယ်။ ဂျာမနီနဲ့ ပွဲတုန်းက ဖြစ်တောင့်ဖြစ်ခဲ ရလဒ်လို့ သတ်မှတ်နိုင်ပေမယ့် စပိန်နဲ့ ပွဲကိုပါ ယခုလို ပုံစံနဲ့ အနိုင်ကစားခဲ့တာကြောင့် ဂျပန်ရဲ့ အနိုင်ရလိုစိတ် ပြင်းထန်မှုနဲ့ နည်းဗျူဟာ ကြွယ်ဝမှုကို မချီးကျူးလို့ မရတော့ပါဘူး။

ပရိသတ် တချို့ကတော့ စပိန်ဟာ ခရိုအေးရှားနဲ့ မတွေ့ချင်တာကြောင့် ဂျပန်ကို အရှုံးကန်သွားတာလို့ ထင်မှတ်နေကြပေမယ့် ပွဲချိန် တပြိုင်တည်း ကန်တဲ့ပွဲတွေမှာ ယခုလို တွက်ချက်ကစားဖို့က သိပ်မဖြစ်နိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ပြီးတော့ တကယ်သာ အရှုံးကန်တယ်ဆိုရင် လုပ်ပွဲကစားမှုနဲ့ စပိန်အသင်း အရေးယူ ခံရနိုင်ခြေ ရှိပါတယ်။

ဂျပန်ဟာ စပိန်ကို အနိုင်ရရှိမှုနဲ့အတူ အုပ်စု E ရဲ့ ပထမနေရာကို ရယူနိုင်ခဲ့ပြီး ရှုံးထွက်အဆင့်မှာ ခရိုအေးရှားနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဂျပန်အသင်းဟာ ကမ္ဘာ့ဖလား ၂ ကြိမ်ဆက်တိုက် ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပြီး နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား အုပ်စုဗိုလ် ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အသင်းသားတွေသာမက ပရိသတ်တွေပါ စိတ်ဓာတ်ကောင်းတဲ့ ဂျပန်အသင်းအနေနဲ့ ဆက်လက် အောင်မြင်မှု ရရှိမှာလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page