ထိုင်းကို အောက်လမ်းက ဝင်သမျှ အဖမ်းခံနေရတဲ့ မြန်မာလုပ်သားတွေနဲ့ ရှောင်ရမယ့် ပွဲစားဂျင်းများ

ထိုင်းနိုင်ငံသို့ အလုပ်လုပ်ရန် တရားမဝင်လမ်းကြောင်းမှ သွားရောက်သည့် မြန်မာအလုပ်သမားများ နေ့စဉ်ဖမ်းဆီးခံရမှုများရှိနေရာ တစ်ပတ်အတွင်း အလုပ်သမား ၃၀၀ ကျော် ဖမ်းဆီးခံရကြောင်း ထိုင်းနိုင်ငံအခြေစိုက်သတင်းများအရသိရပါတယ်။

ပြီးခဲ့တဲ့ မေ ၂ ရက်က ကန်ကျနဘူရီခရိုင်၊ Muang မြို့၊ အုပ်စု ၅၊ လာ့တ်ရာကျေးရွာအုပ်စု၊ ကျန်အူဝီရွာလမ်း၌ ပွဲစားလာခေါ်ခြင်းကို စောင့်ဆိုင်းနေသည့် တရားမဝင်မြန်မာအလုပ်သမား ၅၇ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

ထို့ပြင် မေ ၄ ရက်၊ နံနက် ၂ နာရီက ဗန်းထုံခေနတ်ရွာ၊ ကော့လတ်ခရိုင်၊ ပကျွတ်စီရီခမ်ပြည်နယ်တွင်လည်း တရားမဝင် မြန်မာအလုပ်သမား ၉၈ ဦးလည်း ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံရကြောင်း ထိုင်းအခြေစိုက်သတင်းများတွင် ဖော်ပြထားပါတယ်။

ထို့အတူ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ဝမ်ကျောင်းမြို့နယ်အတွင်း ထိုင်းအာဏာပိုင်များ ကင်းလှည့်စစ်ဆေးခြင်းနှင့် ဂိတ်ချစစ်ဆေးခြင်းများ ပြုလုပ်နေစဉ် ထနုံထုံချိုင်းတောင်တန်းမှတစ်ဆင့် ကရော့ပေါ့တောင်တန်းဘက်သို့ သွားသည့် တရားမဝင်မြန်မာအလုပ်သမား ၁၅၆ ဦးလည်း ဖမ်းဆီးခံခဲ့ရကြောင်း သိရပါတယ်။

ဖမ်းဆီးခံရသည့် တရားမဝင်မြန်မာအလုပ်သမား ၃၀၀ ကျော်တွင် အမျိုးသား ၁၆၆ ဦးနှင့် အမျိုးသမီး ၁၄၃ ဦးတို့အပြင် ကလေးငယ်နှစ်ဦးလည်း ပါဝင်ကြောင်းသိရပါတယ်။

ထိုင်းသို့ တရားမဝင် လမ်းကြောင်းမှတစ်ဆင့် သွားရောက်သည့် အလုပ်သမားအများစုမှာ မော်လမြိုင်၊ ရခိုင်၊ ရန်ကုန်နှင့် ပဲခူးတိုင်းတို့မှဖြစ်ကြပြီး ထိုင်းတွင် အလုပ်ရရှိရန် ပွဲစားများကို တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၁၀,၀၀၀ မှ ၃၀,၀၀၀ (မြန်မာငွေ ၅ သိန်းခွဲကနေ ၁၇ သိန်းနီးပါး) အထိ ပေးရကြောင်း အလုပ်သမားများ၏ ပြောဆိုချက်အရသိရပါတယ်။

ကိုဗစ် ရောဂါရိုက်ခတ်မှုဒဏ်နှင့်အတူ နိုင်ငံရေးအခြေအနေရှုပ်ထွေးနေချိန် မြန်မာနိုင်ငံအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ရှားပါးလာခြင်းကြောင့် ထိုင်းနိုင်ငံ၌ အလုပ်လုပ်ရန် ပွဲစားများကို ငွေပေး၍ ခိုးဝင်မှုများ ပုံမှန်ထက် များပြားလျက်ရှိပြီး နေ့စဉ်ဖမ်းဆီးခံရမှုများလည်း ရှိနေကြောင်း သိရပါတယ်။

မြန်မာလုပ်သားတွေအနေရဲ့ အလုပ်လိုချင်မှုအပေါ် နိုင်ကွက်ကိုင်ပြီး ပွဲစားတွေအနေနဲ့ ဂျင်းထည့်ခြင်းများ လည်း ရှိနေပါတယ်။ ၂၀၂၀ ခုနှစ်ကတည်းက ပိတ်ထားတဲ့ ထိုင်းမြန်မာ နယ်စပ်ဂိတ်ကလည်း တရားဝင် မဖွင့်နိုင်သေးတဲ့ အချိန်မှာ ယခုလို အောက်လမ်းကနေ ထိုင်းဖက်ကို အလုပ်သွားလုပ်ကြတဲ့သူတွေ များပြားလာတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page