ဖားကန့်မှော်ထဲက ရေမဆေးသမားကို လောပန်းက ပေးလိုက်တဲ့ ရိုးသားခြင်း သင်ခန်းစာတခု
ဖားကန့်မှော်တစ်ခုမှာ လောပန်းတစ်ယောက် အိမ်အလည်ရောက် စကားပြောနေတုန်း ရေမဆေးတစ်ယောက် အတန်သင့်ကြီးတဲ့ ကျောက်တုံးတစ်တုံး ထမ်းပြီး ဝင်လာတယ်။
ရေမဆေး – လောပန်း ကျောက်ကြည့်ပါ။ လောပန်း – အေး ဘယ်လာက်လဲ။ ရေမဆေး – ၁၀ သိန်းရရင် ရောင်းမယ် လောပန်း။ လောပန်း – ၅ ထောင်ပေးမယ်။ ရေမဆေး – ဟာဗျာဆိုပြီး သူ့ကျောက်ကို ပြန်ထမ်းပြီး ထွက်သွားပါရော ခြံပေါက်ဝ ရောက်တော့ ပြန်လှည့်လာပြီး ကျောက်ကို ပစ်ချပြီး လောပန်း ၅ ထောင်ပဲ ပေးတော့ဗျာ ဆိုပြီး စျေးတည့် ငွေ ၅၀၀၀ ယူပြီး ထွက်သွားရော။
ကိုယ်တွေက ကျောက်အကြောင်းလဲ သိပ်နားမလည်သေးခင် သူတို့ ခေါ်တဲ့စျေးနဲ့ ပေးတဲ့စျေးကို အံသြမိပြီး လောပန်းကို မေးမိတယ်။ ခင်ဗျားဗျာ ၁၀ သိန်းခေါ်တဲ့ ကျောက်ကို ၅၀၀၀ ပဲပေးတာ မိုက်လှချည့်လား ဆိုတော့ သူ့ဟာက ကျောက်မှ မဟုတ်တာဗျာ။ ပလွမ် ကြီးဗျ။ တကယ်ဆို တစ်ပြားမှ မတန်ဘူးဗျ။ ဒီကောင်လဲသိပါတယ် ရမလားလို့ ဂျင်းလာထည့်တာ။
အံ့သြပြီးရင်း အံ့သြမိတယ်။ ဒါဆို ခင်ဗျားက ဘာလို့ ၅၀၀၀ ပေးလိုက်တာလဲ ဆိုတော့ ကိုယ့်ဆရာကလဲဗျာ ကျနော့်အတွက် ငွေ ၅၀၀၀ က ပဲလှော်တစ်စေ့စာပဲရှိတာ၊ သူတို့အတွက်တော့ တန်ဖိုးရှိတယ်ဗျ။ ဒီလို ရင်းထားမှ ကျောက်ရတိုင်း ကျနော်ဆီလာပြမှာပေါ့တဲ့။
သင်ခန်းစာ နှစ်ခုရလိုက်တယ်။ ဘဝမှာ လူတိုင်းလူတိုင်း ကိုယ့်ကိုယ်ကို ကြေးတင် ဂုဏ်မောက်နေပေမယ့် မရိုးသားတဲ့သူဟာ နောက်ဆုံးတော့ ပေးတဲ့ စျေးနဲ့ ရောင်းလိုက်ရတဲ့ အခြေအနေပဲ ပိုင်ဆိုင်ရမှာ။ နောက်တစ်ခုကတော့ မင်းအလကားရတယ်လို့ ထင်ထားတဲ့ အဖိုးအခတစ်ခုဟာ မင်းကိုမသိမသာ ချည်နှောင်လိုက်တဲ့ ကြိုးတစ်ချောင်းလဲ ဖြစ်နေနိုင်ပါသေးတယ်။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)