ဂျပန်နိုင်ငံသားအချို့ ယူကရိန်းဖက်ကနေ စေတနာ့ဝန်ထမ်း ပြုလုပ်၍ တိုက်ပွဲဝင်မည်ဟုဆို
ရုရှားရဲ့ ကျူးကျော်စစ်အပေါ် ပြည်ပနိုင်ငံသားတွေ ဆန္ဒအလျောက် ပူးပေါင်းတိုက်ခိုက်ပေးဖို့ ယူကရိန်းက တောင်းဆိုခဲ့မှုအား ဂျပန်နိုင်ငံသား ၇၀ ဝန်းကျင်က အကြောင်းပြန်ခဲ့တယ်လို့ သိရပါတယ်။
ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇယ်လင်စကီးက နိုင်ငံတကာ တပ်ဖွဲ့တစ်ခု ဖွဲ့စည်းဖို့ တနင်္ဂနွေနေ့မှာ တောင်းဆိုခဲ့တာဖြစ်ပြီး သူ့တောင်းဆိုချက်အပြီးမှာ အမေရိကန်နဲ့ ကနေဒါနိုင်ငံတို့မှ ဆန္ဒအလျောက် တိုက်ပွဲဝင်လိုသူဒါဇင်ချီ လျှောက်ထားမှုရှိနေခဲ့ပါတယ်။
အင်္ဂါနေ့မှာ ဂျပန်စစ်တပ် စစ်မှုထမ်းဟောင်း ၅၀ အပါအဝင် ဂျပန်အမျိုးသား ၇၀ ဝန်းကျင်နဲ့ ပြင်သစ် နိုင်ငံခြားတပ်ဖွဲ့ စစ်ပြန်နှစ်ဦးတို့ဟာ စေတနာဝန်ထမ်း စစ်သည်တွေအဖြစ် လျှောက်ထားခဲ့ကြတယ်လို့ စေတနာဝန်ထမ်း စစ်သည်တွေနဲ့ ပတ်သက်ပြီး ကိုင်တွယ်ရတဲ့ ဂျပန်ကုမ္ပဏီတစ်ခုကို ကိုးကားပြီး မိုင်နီချီ ရှင်ဘန်း နေ့စဉ်သတင်းက ဖော်ပြခဲ့ပါတယ်။
စေတနာဝန်ထမ်း စစ်သည်အကြောင်းနဲ့ ပတ်သက်လို့ ဂျပန်နိုင်ငံသားတွေရဲ့ စုံစမ်းမေးမြန်းလာခဲ့မှုတွေအပေါ် ကျေးဇူးတင်ကြောင်း ဖေဖော်ဝါရီ ၂၈ ရက် ဆိုရှယ်မီဒီယာပို့စ်မှာ သံရုံးက ပြောဆိုခဲ့ပြီး ချွင်းချက်တစ်ခုလည်း အသိပေးဖော်ပြခဲ့ပါတယ်။
လျှောက်ထားသူတိုင်းဟာ ဂျပန် ကိုယ်ပိုင်ကာကွယ်ရေးတပ်မှာ အတွေ့အကြုံရှိထားခဲ့ရမှာဖြစ်ကြောင်း သို့မဟုတ်ရင်လည်း အထူးလေ့ကျင့်မှုရှိထားသူဖြစ်ရမှာဖြစ်ကြောင်း သံရုံးက ပြောဆိုခဲ့ပါတယ်။
ဂျပန်နိုင်ငံဆိုင်ရာ ယူကရိန်းသံရုံးက ဗုဒ္ဓဟူးနေ့မှာ ပို့စ်အသစ်တစ်ခု ထပ်တင်ခဲ့ရာမှာတော့ ဆေးဘက်ဆိုင်ရာ၊ အိုင်တီ၊ သတင်းဆက်သွယ်ရေးနဲ့ မီးသတ်တပ်ဖွဲ့ အတွေ့အကြုံရှိသူတွေကို စေတနာဝန်ထမ်းအဖြစ် ရှာဖွေနေတယ်လို့ ဆိုခဲ့ပါတယ်။ စေတနာဝန်ထမ်းစစ်သည်တွေကို ဝေးလံခေါင်သီတဲ့ နေရာတွေမှာ ထမ်းဆောင်စေမှာလားနဲ့ ယူကရိန်းနိုင်ငံကို သွားရောက်ရမှာလားဆိုတာကိုတော့ လတ်တလောမှာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
ဂျပန်အစိုးရကတော့ ဘယ်အကြောင်းကိစ္စနဲ့မျှ ယူကရိန်းနိုင်ငံကို ခရီးသွားခြင်း မလုပ်ကြသေးဖို့ တိုက်တွန်းထားတာကို ဗုဒ္ဓဟူးနေ့မှာ အစိုးရအဖွဲ့အတွင်းရေးမှူးချုပ် ဟီရိုကာဇူ မတ်ဆူနိုက ထပ်လောင်းသတိပေးခဲ့ပါတယ်။