ကြိုးနီစနစ်ကို အကောင်းဆုံး ဖော်ပြနိုင်ခဲ့တဲ့ ကျော်ကြီးနဲ့ အီကြာကွေး ဥပမာ (ကြိုးနီတွေ ထပ်လာပါပြီ)

ကြိုးနီစနစ်ဆိုတာရှိခဲ့တယ်။ မနက်ဆိုရင် လက်ဖက်ရည်ဆိုင်သွားပြီး လက်ဖက်ရည်နဲ့ အီကြာကွေးလေး ပုံမှန်သွားစားနေရင် လွတ်လပ်တယ်ဆိုတာ မင်းမသိဘူး။ အဲ့တော့ မင်းရဲ့ လွှတ်လပ်မှုကို ချုပ်ကိုင်ပြမယ်။

ကျော်​ကြီးကို လက်ဖက်ရည်ဆိုင် ဆိုင်ရာ ညွန်မှူး ခန့်လိုက်တယ်။ မနက်ဘာစားမလဲဆိုတာ ကျော်ကြီးဆီမှာတစ်ရက် ကြိုဖောင်ဖြည့်ရမယ်။ ကျော်ကြီးက ဘယ်ဆိုင်မှာစားရမယ်ဆို​ပြီး အိမ်နဲ့ အနီးဆုံးဆိုင်ကို လက်မှတ်ထိုးခွင့်ပြုမယ်။

အဲဒီစာရွက်ပြပြီး ရုံးမှာ လက်ဖက်ရည်နဲ့ အီကြာကွေး ဖိုးငွေသွင်း။ နောက်နေ့မနက် ပြေစာပြပြီး သတ်မှတ်ထားတဲ့ ဆိုင်မှာပဲ စားသောက်ရမယ်။ စိတ်ပြောင်းပြီး အီကြာကွေး အစား ပဲပလာတာ ပြောင်းစားလို့ မရဘူး။ တစ်ခြားဆိုင်မှာ မိတ်ဆွေတွေ ရှိနေလို့ဆိုပြီး ပြောင်းထိုင်ခွင့်မရှိဘူး။ လက်ဖက်ရည်ဆိုင် ဘက်ကလည်း ပြေစာတွေစုပြီး ကျော်ကြီးဆီမှာ တစ်ပါတ်တခါ ငွေသွားထုတ်ရမယ်။

ဒီလို စနစ် အသားကျလာရင် ဘာဖြစ်မလဲဆိုတော့

(၁) လက်ဖက်ရည်ဆိုင်တွေက သူ့ဆိုင်ကို စားသုံးသူ များများချ ပေးဘို့ ကျော်ကြီးဆီ လာဘ်ထိုးရတော့မယ်။

(၂) စားသုံးသူကလည်း ကိုယ်ထိုင်ချင်တဲ့ဆိုင်ထိုင်ရဘို့ ကျော်ကြီးကို ချဉ်းကပ်ရမယ်။

(၃) ကျော်ကြီး အမျိုးတွေ လက်ဖက်ရည်ဆိုင် ဖွင့်ကြမယ်။

(၄) ဘယ်ဆိုင်သွားသွား ကျော်ကြီး ဖရီးကြိတ်ရမယ်။

(၅) မလိုအပ်ပဲ ဂွင်ဖန်ဘို့ သက်သက် လုပ်ထားတဲ့ စနစ်ဖြစ်လို့ ရုံးအဖွဲ့တစ်ဖွဲ့ပိုလာပြီး စားသုံးသူ ကုန်ကျစားရိတ်ပိုများလာမယ်။

ဒါ..ဥပမာ အသေးလေးတစ်ခုထဲပါ။ နိုင်ငံနဲ့ ချီပြောရင် စဥ်းစားကြည့်။ မင်းမနက်တိုင်း လွတ်လွတ်လပ်လပ် စားနေတဲ့ လက်ဖက်ရည်နဲ့ အီကြာကွေး စားရဖို့ စားခွင့်ပေးလို့ ကျော်ကြီးကို ကျေးဇူးတင်ရတော့မယ်။ သူခွင့်ပြုလို့ စားရတာလို့ မင်းထင်လာမယ်။ ဒီစနစ်ကြီး အသားကျရင် ဒါကို မင်းမတရားဘူးလို့ မမြင်တော့ဘူး။

ထိုင်းမှာ ခလေးတွေ မုန့်ဖိုးစုပြီး ဟန်းဖုန်းဝယ်သုံးနေချိန် ကျနော်တို့က ဖုန်းငှားရမ်းသုံးစွဲခွင့်ပြုပါရန် လျှောက်လွှာတွေတင်၊ ဘုတ်အဖွဲ့တွေထိုင်၊ ဖုန်းလည်းရရော ဆိုင်ရာကို ကျေးဇူးတွေတင်ရ… ဘာဖြစ်လို့လဲ.. နေရာတော်တော်များများ ကျော်ကြီး တွေရှိနေလို့။

မင်းညို

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page